ရှမ်းအစားအစာ အစုံစုံ

ရှမ်းပြည်နယ်ကား ကျယ်ဝန်းလှလေစွ။ နေထိုင်ကြသော တိုင်းရင်းသားများကလည်း စုံလင်လှပါဘိ။ တစ်နေရာနှင့်တစ်နေရာ မြေမျက်နှာသွင်ပြင်၊ ရာသီဥတုတို့ချင်း မတူကြသဖြင့် သူတို့ နေ့စဉ်စားသောက်ကြသည့် အစာချင်းလည်း မတူကြပေ။

 

သူတို့၏အစာများကို လေ့လာကြည့်ပါက တိုင်းရင်းသားတို့၏ ပတ်ဝန်းကျင်၊ သူတို့၏ အသက်မွေးဝမ်းကျောင်းပုံ စသည်တို့ကိုပါ တွေ့မြင်ရပေမည်။ သူတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံကိုလည်း ထိတွေ့ရပေမည်။

 

ရှမ်းပြည်နယ်တွင် ရှမ်းများသာမက ဂုံ၊ ယွန်း၊ အင်းသား၊ ယင်းနက်၊ ယင်းကျား၊ တောင်ရိုး၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ တိယန်၊ ကိုးကန့်၊ ကော်၊ လားဟူ၊ မြောင်ဇီး၊ လွယ်လ၊ 'ဝ' စသဖြင့် လူဦးရေ ၅၈ သိန်းကျော် နေထိုင် ကြသည်။

 

သူတို့၏ နေ့စဉ်အစာများကို လေ့လာ ကြည့်ပါစို့။

 

 

ကျေးရွာများတွင်နေထိုင်ကြသော ရှမ်းတို့သည် တစ်နေ့လျှင် ထမင်းသုံးနပ်စားလေ့ ရှိကြသည်။ လယ်တော၊ တောင်ယာ ဆင်းတဲ့အခါ အဆာခံနိုင်ရန် စားသည့်အစာကား ကောက်ညှင်းတည်း။ အောက်ပြည်အောက်ရွာ မှ လူအများတို့သည် ငါးပိမပါလျှင်မပြီး မပြည့်စုံသကဲ့သို့ပင် ရှမ်းအမျိုးသားတို့၏ နေ့စဉ်ဟင်းလျာတွင် ပဲပုပ်မပါလျှင် စားမဖြစ်ကြ။ ထို့ကြောင့်လည်း ရှမ်းတို့၏ မည်သည့် အိမ်ကိုကြည့်ကြည့် ပဲပုပ်မပြတ်ရှိသည်ကို မြင်တွေ့ရပေမည်။

 

မြောက်ပိုင်းတွင် နေထိုင်ကြသော ရှမ်း အမျိုးသားတို့ကမူ မုန့်ညင်းချဉ်ကို အလွန်ကြိုက်ကြသည်။ မုန်ညင်းချဉ်ဆိုသော်လည်း မုန်ညင်းတစ်မည်တည်းမဟုတ်။ မုန်လာ၊ အခြားဟင်းသီးဟင်းရွက်များ၊ ငရုတ်တို့ကို အချဉ်အငန်အစပ်ထည့်ပြီး စိမ်ထားခြင်း ဖြစ်သည်။

 

ရှမ်းတို့၏ သရေစာထဲတွင် ထင်လည်း ထင်ရှား၊ လူကြိုက်ရော လူသုံးပါ များလှသည့် အစားအစာတချို့ကား ကောက်ညှင်းငချိပ်ဖြင့် ပြုလုပ်ထားသော ခေါပုပ်ပင်ဖြစ်သည်။

 

ရှမ်းပြည်နယ်တွင် တိုင်းရင်းသားတိုင်း လက်ဖက်ရည်ကြမ်း သောက်ကြသည်။ ရှမ်းတို့သည် လက်ဖက်ရည်ကြမ်းကို ဆားခတ်ပြီး မှ သောက်လေ့ရှိကြ၏။

 

ယခုအခါ ရှမ်းတို့၏ ပဲပုပ်၊ ခေါပုပ်၊ မုန်ညင်းချဉ် စသည်တို့ကို ပြည်ထောင်စု တစ်ဝန်းလုံး မစားဖူးသူသာ ရှိချင်ရှိမည်။ မကြားဖူသူရယ်ဟု မရှိနိုင်။

 

ရှမ်းတို့၊ မြန်မာတို့နှင့် အစားအစာချင်း တူသော ဂုံအမျိုးသားတို့တွင် မုန့်ပဲသရေစာ ရယ်ဟု မရှိ။ ဂုံအမျိုးသားတို့၏ ဟင်းလျာ အနက် ကျော်ကြားလှသည့် ဟင်းရွက်ဟင်း နှစ်မျိုးရှိ၏။ ကျမ်းလမ်းဟုခေါ်သော ဟင်းရွက်စုံဟင်းကား အသားပြုတ်ရည်နှင့် ပြောင်း စသည့် ဟင်းသီးဟင်းရွက်စုံ၊ မှို၊ ပဲတောင့်၊ ခရမ်းသီး၊ ကင်းပုံရွက်၊ ဘူးသီး၊ ဖရုံသီး၊ ဂေါ်ရခါးရွက်၊ ပင်စိမ်းရွက်တို့ကို ထည့်ရသည်။ ဆီမထည့်ရချေ။ ကျမ်းချေးခေါ် ဟင်းကား ကောက်ညှင်းကို လှော်ထောင်းထည့်၍ ဟင်းရွက်ပြုတ်ရည်နှင့် သောက်ရသည်။

 

ကွမ်း၊ ဆေး၊ လက်ဖက်ကြိုက်ကြသူများ ဖြစ်သဖြင့် ဂုံအမျိုးသားများကိုကြည့်ပါက ဆေးတံသောက်နေကြသည်ကို မြင်ရမည်။ လက်ဖက်အစိုစားနေသည်ကို တွေ့ရမည်။

 

ဆန်ကိုသာမက ကောက်ညှင်းကိုပါ ထမင်းချက်စားလေ့ရှိကြသော ယွန်းအမျိုးသားများသည် ဟင်းသီးဟင်းရွက်ကို အသားနှင့် တွဲကာ ဟင်းလျာပြုလုပ်ချက်ပြုတ်တတ်သည်။ ဆေး၊ လက်ဖက်ကြိုက်ခြင်းကား အတူတူပင်။ သို့သော် ယွန်းတို့သည် ငှက်ပျောဖက်နှင့် ဆေးလိပ်သောက်၏။ လက်ဖက်အချဉ်ကို ပါးစပ်ထဲ ငုံကြသည်။

 

ယွန်းအမျိုးသားတို့ အလွန်ခံတွင်းတွေ့သော ဟင်းလျာတို့ကား ပဲပုပ်၊ ငရုတ်သီး ထောင်းနှင့် ကြိမ်ဖူးဟင်းချိုတို့တည်း။

 

အင်းသားတို့ကား အင်းလေးကန်ကြီး တစ်ခုလုံးရှိနေသဖြင့် အခြားသော ညီနောင်တိုင်းရင်းသားများထက် ငါးပိုစားကြရသည်။ ငါးများကလည်း အစုံစုံ၊ ချက်ပြုတ်နည်းများကလည်း အဖုံဖုံ၊ ကွမ်းစား၊ ဆေးလိပ်သောက် ကြသည့် နေရာတွင်မူ အတူတူ။ ဆားခတ်သည့် အင်းသားတို့၏ လက်ဖက်ရည်က ပိုပြင်းပိုခါး၏။

 

ယင်းနက်နှင့် ယင်းကျားတို့သည်လည်း ထမင်းသုံးနပ်စီ စားကြ၏။ ဟင်းသီးဟင်းရွက် အစားများကြ၏။ မုန်ညင်း၊ မုန်လာ၊ ဂေါ်ဖီပွင့်၊ ဘူး၊ ဖရုံ၊ သခွား၊ ရုံးပတီ၊ ခရမ်းသီး၊ ငရုတ် နှင့် ပဲအမျိုးမျိုးကို အလွန်ကြိုက်ကြသည်။ ထိုအသီးအရွက်များနှင့် ပဲပြုတ် ရောချက်လေ့ရှိသည်။

 

အသားငါး အစားနည်း၏။ ဆီလည်း အစားနည်း၏။

 

ယောကျာ်း၊ မိန်းမ၊ ကလေးလူငယ်မရွေး နေရာတိုင်းမှာ ဆေးလိပ်သောက်နေကြသော ယင်းနက်၊ ယင်းကျားတို့အား မြင်ရပေမည်။ လက်ဖက်ရည်ကြမ်းလည်း အလွန်ကြိုက်ကြသည်။ ယင်းနက်နှင့် ယင်းကျားတို့ကား နက်နေသည့် သွားများကိုသာ နှစ်သက်ကြသောကြောင့် ငါးနှစ်သားအရွယ်လောက်ကတည်းကစပြီး ဆက်တိုက်ကွမ်းစားလေ့ရှိသည်။ တောင်ရိုး အမျိုးသားတို့သည်လည်း အသားငါးစားသူနည်းခြင်း၊ အသီးအရွက်၊ ပဲပုပ်၊ ပဲစိမ်းအသုံးများခြင်း၊ ဆေးလိပ်သောက်၊ ကွမ်းစားခြင်းတို့မှာ အခြားညီအစ်ကိုများနှင့် မထူးလှပေ။

 

အသားထက် ဟင်းသီးဟင်းရွက် ပိုစားလေ့ရှိသော ဓနုတို့သည် ဟင်းခါးဟင်း ကြိုက်ကြသည်။ လဲလွမ်းဟင်းခါးကား ဓနုတို့၏ နာမည်ကြီး ဟင်းလျာတည်း။ ခေါပုတ်နှင့် ပဲပုပ်တို့ကလည်း သူတို့၏လက်စွဲ ဖြစ်သည်။

 

ပအိုဝ်းတို့သည် ထမင်းချက်ရာဝယ် ရှမ်း ဆန်ကိုသာ သုံးလေ့ရှိ၏။ ရာသီအလိုက်ပေါ်သော သီးနှံများဖြစ်သော မုန်ညင်း၊ ဖရုံ စသည့် ဟင်းသီးဟင်းရွက်များကို စားလေ့ရှိသည်။ အာလူးနှင့် ပဲပြုတ်ကြော်တို့ကမူ မပါမဖြစ် အမြဲပါရသည်။ ဆေးလိပ်သောက်သည်။ လက်ဖက်ရည်ကြမ်းခါးခါး တစ်ခွက်ပြီးတစ်ခွက် အဆက်မပြတ်သောက်ကြသော ပအိုဝ်းတို့သည် ကွမ်းကိုစားလည်းစား၊ ငုံလည်း ငုံကြသည်။

 

စိုက်ပျိုးရေးသာမက မွေးမြူရေးကိုပါ အသက်မွေးဝမ်းကျောင်းအဖြစ်ထားသော ပလောင်တို့ကား တစ်နေ့လျှင် ထမင်း သုံးနပ်၊ လေးနပ်စားလေ့ရှိကြသည်။ အာလူး၊ ပိန်းဥ၊ မျောက်ဥ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်တို့ကို ကိုယ်တိုင်စိုက်ကြသည်။ ယင်းနက်၊ ယင်းကျား တို့ကဲ့သို့ပင် ဆီအစားနည်းကြ၏ ပလောင်တို့သည် မွေးမြူရေးကိုပါ လုပ်ကြသောကြောင့် သူတို့ထဲမှာ အချို့ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် မဟုတ်ကြသူများသည် အသားစားလေ့ရှိကြသည်။

 

ကျွဲ၊ နွား၊ ကြက်စသော စားကောင်များကို ပလောင်တို့ စားကြ၏။ တိယန်တို့၏ အစာကို ကြည့်ပါလျှင် လူမျိုးတစ်မျိုး၏ အလုပ်အကိုင် နှင့် အစားအသောက် ဆက်နွွှယ်နေပုံကို တွေ့မြင်ရပေမည်။ တစ်နေ့ ထမင်းသုံးကြိမ်စား ခြင်း၊ အဆာခံနိုင်ရန် ကောက်ညှင်းစားခြင်း၊ ဟင်းသီးဟင်းရွက်၊ ပဲပုပ်၊ ဆား၊ ငရုတ်သီး ခြောက်၊ ပဲအမျိုးမျိုးတို့ စားခြင်းတို့မှာမူ မထူးခြားလှပါ။ တိယန်တို့သည် စုပေါင်း တောလိုက်ကြ၊ ဝေငှစားကြခြင်းများလည်း ပြုလုပ်တတ်ကြသည်။

 

ရှမ်းပြည်နယ်တွင် တိယန်တို့သည် အသားအစားဆုံးလူမျိုးဖြစ်သည်။

 

ရှမ်းပြည်နယ်မှ ပြည်ထောင်စုဖွား တိုင်းရင်းသားတို့သည် လုပ်ကိုင်နေထိုင်ကြရာ မှာလည်းကောင်း၊ စားသောက်ကြရာမှာ လည်းကောင်း ဆင်တူကြ၏။ ကိုးကန့်တို့ကား စိုက်ပျိုးကြ၊ မွေးမြူကြ၊ တောလိုက်ကြသည့် အပြင် ရောင်းဝယ်ဖောက်ကားခြင်းလည်း လုပ်ကြသည်။ ယခင်က ဆန်ကိုပင် နေ့တိုင်းမစားနိုင်ကြ၍ ပိန်းဥ၊ မျောက်ဥ၊ ကန်စွန်းဥ၊ ကျွေးဥ စသည်တို့ကို တွဲစားခဲ့ကြရသည်။

 

ရှမ်းပြည်နယ်တွင် ငါးဖမ်းလုပ်ငန်း အကြီးအကျယ်ဆုံးပြုလုပ်သော အင်းသားတို့ ငါး အမည် မည်မျှစားကြရသနည်း။

 

ကိုးကန့်တို့က အသားပိုပြီးစုံအောင် စားကြသည်။ အမဲခြောက်၊ ဝက်ပေါင်ခြောက်၊ ကြက်ခြောက်တို့လုပ်ကာ သိုလှောင်ထားပြီး အချိန်မရွေးစားသုံးနိုင်ရန် စီစဉ်ထားကြသည်။

 

ကိုးကန့်တို့၏ ကော်စီးခေါ် မီးအိုးဟင်း ကား အလွန်ကောင်းသော ဟင်းမျိုးတည်း။

 

ထမင်းစားပွဲမှာတင်ပြီး စားရသည်။ ပူပူ နွေးနွေး အရသာရှိရှိဟင်းလျာကို အိုးထဲမှ တိုက်ရိုက်ယူစားကြရသည်။ ကိုးကန့်တို့သည် လက်ဖက်ရည်ကြမ်း သောက်ကြသော်လည်း ကွမ်းမစားကြပေ။

 

ကော်အမျိုးသားတို့သည်လည်း တစ်နေ့ ထမင်းသုံးကြိမ်စားကြ၏။ မုန့်ပဲသရေစာ စားလေ့မရှိ။ အသားရော၊ ဟင်းသီးဟင်းရွက်ပါ စားကြသည်။ ထမင်းပေါင်း၊ ဟင်းပေါင်း အလွန်ကြိုက်ကြသည်။ ကော်တို့၏ ဟင်းကား ငရုတ်စပ်စပ်၊ ဆားငန်ငန်၊ ကွမ်း၊ ဆေး၊ လက်ဖက် ကြိုက်ကြသည်။ ငှက်ဖျား၊ ဝမ်းနာ၊ မျက်စိနာရောဂါများကုရန် ဘိန်းကို ဆေးဝါးအဖြစ် သုံးတတ်၏။

 

လားဟူတို့၏ ထမင်းဟင်းကား ရှမ်းတို့နှင့် မကွာလှ။ လားဟူလူကြီးပိုင်းက ဆေးတံရှည်သောက်ကြပြီး လူငယ်တို့ကမူ ဆေးတံတိုလေး တဖွာဖွာ လုပ်နေတတ်သည်ကို တွေ့မြင်ရ ပေမည်။ လားဟူတို့သည် ပင်ကိုအားဖြင့် ကွမ်းစားလေ့မရှိ။ ကွမ်းစားသော လားဟူကို တွေ့ရပါလျှင် ရှမ်းတို့နှင့်နီးစပ်သော အဆက်အဆံများသောသူဖြစ်ကြောင်းကို အလွယ်တကူ သိနိုင်ပါ၏။

 

မြောင်ဇီးတို့သည်လည်း အသားငါး၊ ဟင်းရွက် စသည်တို့ကို ကျပန်းစားသောက်ကြသည်။ မြောင်ဇီးအမျိုးသားတို့သည် အရွယ် ရောက်လာပါက ဆေးပေါ့လိပ် စသောက်ကြသည်။ နောက် အသက်အတန်ငယ်ရလာ သောအခါ ဆေးတံပြောင်းသောက်ကြသည်။

 

ရှမ်းပြည်နယ်ကား လက်ဖက်အကောင်း စား ထွက်ရာအရပ်တည်း။

 

ထို့ကြောင့်လည်း မှီတင်းနေထိုင်ကြသူ တိုင်းလိုလို လက်ဖက်အစိုကို မစားကြသည့်တိုင် လက်ဖက်ရည်ကြမ်းကိုတော့ အထူး နှစ်ခြိုက်စွာ သုံးဆောင်ကြ၏။ ထမင်းစားတိုင်း မပါမဖြစ်သဖြင့် လက်ဖက်ရည်ကြမ်းကို ကမ္ဘောဇဟင်းချိုဟု တင်စားကြသည်။

 

သွေးချင်းသားချင်းတို့၏အစာကို ရန်ကုန် တက္ကသိုလ်တိုင်းရင်းသားတို့ ဟောပြောကြ၊ သရုပ်ပြကြသည့်အပြင် ချက်ပြုတ်တင်ဆက်ကြ သောကြောင့် အများပြည်သူတို့ ကြားဖူးကြပြီ။ စားဖူးကြပြီ။ စိတ်ဝင်စားစရာ၊ ခံတွင်းတွေ့စရာ ကောင်းလှပါဘိ။ သူတို့၏ ကျေးဇူးကား ကြီးမားလှလေစွ။

 

မောင်အောင်မွန်