ရခိုင့်သဘာဝအလှ ကျောက်ပန်းဒူကမ်းခြေ

ခိုင်မြတ်လင်း(ယွန်းရွှေမြေ)

ရခိုင်ပြည်နယ်သည် ရခိုင်ရိုးမတောင်တန်းကြီးနှင့် လှပသော ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသော ဒေသတစ်ခု ဖြစ်သည့်အလျောက် သဘာဝအလှအပနေရာများစွာ တည်ရှိနေသည်။ ထိုထိုသဘာဝလှပဆန်းကြယ်သော နေရာများစွာထဲကမှ မြန်မာနိုင်ငံ၏အနောက်ဘက်ရှိ ရခိုင်ပြည် နယ်မြောက်ပိုင်း မေယုဒေသ မောင်တောမြို့နယ် ကျောက်ပန်းဒူကမ်းခြေသည်လည်း အလွန်သာယာလှပပြီး မေယုဒေသ၌ အထင်ကရ ကမ်းခြေတစ်ခုဖြစ်သည်။ ထိုကမ်းခြေရှိ ကျောက်ဆောင်ပုံစံသည် တစ်ချိန်က အဘိုးအဘွားများ ဆေးရွက်ကြီးထည့်၍ သောက်သည့် ပန်းဒူ (ဆေးတံ) ပုံစံမျိုး တည်ရှိနေ၍ ကျောက်ပန်းဒူကမ်းခြေဟု ခေါ်တွင်ရခြင်းဖြစ်သည်။ အတိတ်က ရာမ၊ လက္ခဏရာဇဝင်များနှင့်အတူ ရှိခဲ့သော ကမ်းခြေလည်းဖြစ်သည်။ ယခင်က လူသူအရောက် ပေါက်နည်းပြီး သိသူရှားပါးခဲ့သည်။ ယခုအခါ မောင်တော နှင့် ဘူးသီးတောင်ဒေသခံများ၏ စိတ်အပန်းဖြေခရီး သွားရောက်ရာ နေရာတစ်ခုအဖြစ် အလွန်ပင်စည်ကားလျက် ရှိနေပါသည်။

ပင်လယ်ကမ်းခြေ၏ သဘာဝအလှတရား သဘာဝ ကျောက်ဆောင်များစွာတို့က ထိုကမ်းခြေကို ဆွဲဆောင်ထားသည်။ လှိုင်းလုံးလေးများ တလိပ်လိပ်တက်လာနေပုံတို့သည်ပင်လျှင် စိတ်အပန်းဖြေရန် ရောက်လာသူအပေါင်းအား နောက်တစ်ကြိမ်ထပ်မံ၍ အရောက်လာချင်စိတ်ဖြစ် ပေါ်စေသည်။ ဒီရေတက်လာလျှင် ထိုကျောက်ဆောင်အား ရေပတ်လည်ဝိုင်းရံထား၍ ရေဆော့ကစားရန် အလွန်ပင် ကောင်းသည်။ ရေ၏စိမ်းကြည်မှုကြောင့် ကျောက်သားပြင်၊ ကျောက်ဆောင်ငယ်လေးများဖြင့် ကမ်းခြေအလှ ရှုမဝဖြစ် ကြရသည်။ လုပ်ငန်းခွင်၌စိတ်အကျပ်အတည်း အခက်အခဲဖြစ်နေသော လုပ်ငန်းရှင်များကပင် ထိုကမ်းခြေသို့ အပန်းဖြေ ခရီးထွက်ရန် စိတ်ဝင်တစားရှိလာကြသည်။ ကျောက်ဆောင် အပေါ်သို့တက်၍ အမှတ်တရဓာတ်ပုံများ ရိုက်နိုင်သည်။ တခြားသောကမ်းခြေများကဲ့သို့ သဘာဝအလှတရားများစွာတို့ကို တဝကြီးခံစားနိုင်သည်။ ရှုမြင်ရသူများ၏စိတ်ကိုလည်း ကြည်နူးလန်းဆန်း အပန်းပြေစေပါသည်။

 

mdn

 

ကမ်းခြေ၏ အနီးနားတစ်ဝိုက်တွင် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် ဟိန္ဒူဘာသာဝင်များစွာ နေထိုင်ကြပြီး ဘာသာရေးယုံကြည်မှုအရ ဟိန္ဒူဘာသာဝင်များ မီးမျှောပွဲ ကျင်းပလေ့ရှိသော ကမ်းခြေလည်းဖြစ်သည်။ ဘူးသီးတောင် နှင့် မောင်တောဒေသခံများ၏ သီတင်းကျွတ်ကျောင်းပိတ်ရက်၊ ဒီဇင်ဘာကျောင်းပိတ်ရက်နှင့် သင်္ကြန်ပွဲတော်ရက်နေ့များအပြင် စနေ၊ တနင်္ဂနွေကဲ့သို့ အားလပ်သောနေ့ရက်များ၌ လည်း သူငယ်ချင်းအပေါင်းအသင်း၊ မိသားစုများ ပျော်ပွဲစား အပန်းဖြေခရီးအဖြစ် အလည်အပတ်သွားသည့် နေရာတစ်ခု ဖြစ်နေသည်။ အလွန်စည်ကားသော နေရာလည်းဖြစ်သည်။

ကျောက်ပန်းဒူကမ်းခြေသို့ မည်သို့သွားရမည်နည်း

ကျောက်ပန်းဒူကမ်းခြေသည် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၏ အနောက်တောင်ဘက် ၃၆ မိုင်ခန့်အကွာ၊ မောင်တောမြို့၏ အရှေ့တောင်ဘက် ၃၂ မိုင်ခန့်အကွာနှင့် အငူမော်ဆိပ်ကမ်း၏မြောက်ဘက် ၁၈ မိုင်ခန့်အကွာ အငူ မော်ကားလမ်းဘေး၌ တည်ရှိနေသည်။ ကျောက်ပန်းဒူကမ်းခြေကို အပန်းဖြေခရီးအဖြစ် လာရောက်လည်ပတ်မည်ဆိုပါလျှင် ဘူးသီးတောင်၊ မောင်တောဘက်မှ ကား၊ ဆိုင် ကယ်တို့ဖြင့် အငူမော်လမ်းမကြီးအတိုင်း သွားရောက်နိုင်သလို စစ်တွေ-ရေချမ်းပြင်-အငူမော်ဆိပ်ကမ်းမှတစ်ဆင့်လည်း အငူမော်လမ်းမကြီးအတိုင်း သွားရောက်နိုင်ပြီဖြစ်သည်။ ယခုကဲ့သို့ ပွင့်လင်းရာသီတွင် အပန်းဖြေခရီးထွက် သွားရောက်ရန် အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်ပေသည်။

ကြေးမုံ