ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စစ်တွေမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခံစားကုန်(၅)မျိုး ထောက်ပံ့ပေးအပ်

စစ်တွေ   ၁၀   ဧပြီ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ် ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခံစားကုန်(၅)မျိုး ထောက်ပံ့ပေးအပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်များ ကိုယ်တိုင်ထောက်ပံ့ပေးအပ်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ရွာကြီးမြောက်ရပ်ကွက်၊ ဓမ္မာရုံ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား တွေ့ဆုံပြီး သင်္ကြန်ကာလတွင် ရက်ရှည် အလုပ်ပိတ်ရက်များဖြစ်သည့်အတွက် ထိုကာလ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရန် မိမိတို့နေအိမ် များတွင်နေထိုင်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်စပ်လျဉ်း၍  ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာပေးကြရန်၊ အတတ်နိုင်ဆုံး မိမိအိမ်တွင်နေထိုင်ပေးခြင်းဖြင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးကြရန်နှင့်  မိမိတို့နေအိမ်များတွင် နေထိုင်စဉ်ကာလအတွင်း နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ယခုကဲ့သို့ အခြေခံစားကုန်(၅)မျိုးကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အိမ်ထောင်စုတစ်စုအတွက် အခြေခံစားကုန်(၅)မျိုးကိုပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ တရားသိစုရပ်ကွက်၊ ကျေးပင်ကြီးရပ်ကွက်နှင့်ရဲနွယ်စု ရပ်ကွက်များသို့သွားရောက်ပြီး ရပ်ကွက်ဓမ္မာရုံများ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားပြီး အခြေခံစားကုန်(၅)မျိုးကို ထောက်ပံ့ပေးအပ်သည်။ 

ထိုနည်းတူ ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာနှင့် ကြက်သွန်နီ(၁)ပိဿာတို့ကို ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာလေးထပ်ဆောင်၌ ပြည်ပမှ နေရပ်ပြန်လည်ရောက်ရှိလာသူများကို ကန့်သတ်စောင့်ကြည့် ထားရှိမှုအားသွားရောက်ကြည့်ရှု၍ ကျန်းမာရေး၊ စားသောက်ရေးအခြေအနေများအား မေးမြန်းကာ အားပေးစကားပြောကြားပြီး လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ တိုင်းရင်းဆေးရုံသို့သွားရောက်ပြီး ပြည်ပမှနေရပ်ပြန်လည်ရောက်ရှိလာသူများကို ကန့်သတ်စောင့် ကြည့်ထားရှိရန် နေရာပြင်ဆင်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို  အမြန်ဆုံးအသင့်ဖြစ်အောင် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)