ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အား UNITED NATIONS MYANMAR မှ ရခိုင်ပြည်နယ် တာဝန်ခံများ လာရောက်တွေ့ဆုံ

စစ်တွေ ၆ ဇူလိုင်

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်များအား UNITED NATIONS MYANMAR၊ ရခိုင်ပြည်နယ် တာဝန်ခံများဖြစ်သော UN RCO ရုံးမှ Mr. Duncan Wilson ဦးဆောင်သော UN OCHA၊ UNHCR၊ UNDP တို့မှ ကိုယ်စားလှယ်များ ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများပိတ်သိမ်းရေးအတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မြေပုံမြို့ရှိ တောင်ပေါ် IDP ပိတ်သိမ်းပြီး နေရာချထားဆောင်ရွက်ခဲ့မှု၊ ကျောက်ဖြူမြို့ ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်းရေးအတွက် ဗဟာဗျူဟာစီမံချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နိုင်ငံတော်အဆင့်တွင် UN အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး IDP စခန်းများ ပိတ်သိမ်းရာတွင် ပါဝင်ဆောင်ရွက်နေမှု စသည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မွန်းလွဲ ၂ နာရီတွင် MYANMAR YUANDA NATURAL RESOURCES ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ဆိပ်ကမ်းနှင့် စက်မှုဥယျာဉ်တည်ဆောက် ရင်းနှီးမြှုပ်နှံမှုပြုရန် လာရောက်တွေ့ဆုံ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)