ရခိုင်ပြည်နယ်တွင် လိင်မှုနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဆေးပစ္စည်းဝန်ဆောင်မှုတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများအား လေ့လာဆန်းစစ်

စစ်တွေ  ၂  မေ 

 


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် UNFPA တို့ ပူးပေါင်း၍ လိင်မှုနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဆေးပစ္စည်းနှင့် ဝန်ဆောင်မှုတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးသော နေရာများအား လေ့လာဆန်းစစ်မှု တစ်ရပ်ကို ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အတွင်း ဧပြီ ၂၃ ရက်မှ မေ ၄ ရက်အထိ စစ်တမ်းကောက်ယူလျက်ရှိကြောင်း သိရသည်။ 

 


ယခုကောက်ယူနေသည့် စစ်တမ်းသည် မျိုးဆက်ပွားကျန်းမာရေးအတွက် လိုအပ်မှု ရှိ/မရှိ စစ်တမ်းကောက်ယူခြင်းဖြစ်ပြီး ကောက်ယူပြီးပါက အသိပေးထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ပြောကြားသည်။ 

 


UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan က “UNFPA အနေနဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ သားဆက်ခြားနည်းလမ်းတွေ၊ သားဖွားမိခင်အတွက် လိုအပ်တဲ့ အသက်ကယ်ဆေးတွေကို ရရှိစေဖို့ မြန်မာအစိုးရကို ကူညီပံ့ပိုးပေးပါတယ်၊ ဒါ့အပြင် လိင်မှုနှင့် မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုတွေကိုလည်း မိခင်သေဆုံးမှုမြင့်မားတဲ့ ဒေသတွေမှာ အထောက်အပံ့ပေးနေပါတယ်” ဟု ပြောသည်။ 

 


၂၀၁၄ ခုနှစ်မှစ၍ လိင်မှုနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဆေးပစ္စည်းနှင့် ဝန်ဆောင်မှုတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသော နေရာများအား လေ့လာဆန်းစစ်မှုအား လိင်မှုနှင့်မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီဖြစ်သော UNFPA၏ အထောက်အပံ့ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးသုသေတနဦးစီးဌာနမှ နှစ်စဉ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယင်းစစ်တမ်း ကောက်ယူခြင်းအား ပြည်နယ်နှင့် တိုင်းအားလုံးတွင် ကျေးလက်ကျန်းမာရေးဌာနမှစ၍ ဒေသတွင်း ဆေးရုံကြီးများ အပါအဝင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် အဆင့်ဆင့်အပေါ် အခြေပြုကာ ဆောင်ရွက်လျက်ရှိသည်။ 

 


အဆိုပါလေ့လာစမ်းစစ်မှုအား အိမ်ထောင်စုတစ်ခုချင်းအလိုက် အခြေပြုကောက်ယူခြင်းမဟုတ်ဘဲ ကျန်းမာရေး စောင့်ရှောက်မှုပေးသော နေရာများကိုသာ ရွေးချယ်ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုပေးသော နေရာများတွင် ခေတ်မီသားဆက်ခြား ပစ္စည်းများနှင့် သားဖွားမိခင်အတွက် လိုအပ်သည့် အသက်ကယ်ဆေးဝါးများ မည်သည့်အတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် ရရှိနေမှုကို လေ့လာဆန်းစစ်ရန်၊ ကလေးမွေးဖွားစဉ် သွေးထွက်လွန်ခြင်းကို ရပ်တန့်စေသည့် ဆေးဝါးများနှင့် အသက်ကယ်ဆေးဝါး ရရှိမှု စသည်တို့ ပါဝင်သည်။ 

 


၁၉၆၉ ခုနှစ်က မြန်မာအမျိုးသမီးတစ်ဦးလျှင် ပျမ်းမျှ ကလေးခြောက်ယောက် မွေးဖွားခဲ့သည်။ နှစ် ၅၀ ကြာပြီးနောက် ယနေ့တွင် မြန်မာအမျိုးသမီးတစ်ဦး၏ ကလေးမွေးဖွားမှုနှုန်းမှာ ပျှမ်းမျှ ၂ ဒသမ ၅ ယောက်အထိ ကျဆင်းသွားပြီး မြန်မာနိုင်ငံရှိ မိခင်သေဆုံးမှုနှုန်းသည် အရှေ့တောင်အာရှဒေသအတွင်းတွင် ဒုတိယ အများဆုံးဖြစ်နေသည်။ မိခင်သေဆုံးမှုအချိုးအစားမှာ ခန့်မှန်းခြေအားဖြင့် ကလေးအယောက် ၁သိန်းမွေးတိုင်း မိခင် ၂၈၂ ယောက်သေဆုံးနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ နှစ်စဉ် ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားစဉ် အမျိုးသမီးဦးရေ ၃၀ဝ၀ ခန့် သေဆုံးနေသည်။ 

 


ခေတ်မီသားဆက်ခြားနည်းလမ်းမျိုးစုံနှင့် သားဖွားမိခင်အတွက် လိုအပ်သည့် အသက်ကယ်ဆေးများ လိုအပ်သည့်အချိန်တွင်ရရှိနိုင်ပါက အမျိုးသမီးများသည် မလိုလားသော ကိုယ်ဝန်ဆောင်ခြင်းမျိုးမှ ရှောင်ရှားနိုင်ပြီး လုံခြုံစိတ်ချရမှုမရှိသည့် ကိုယ်ဝန်ဖျက်ချခြင်း ပိုမိုနည်းပါသွားပြီး မိခင်သေဆုံးမှုများစွာကို လျှော့ချနိုင်မည် ဖြစ်သည်။ 

 


အထက်ပါ လေ့လာဆန်းစစ်မှုနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက  “၂၀၁၆ ခုနှစ် လိင်မှုနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဆေးပစ္စည်းနှင့် ဝန်ဆောင်မှုတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသော နေရာများအား လေ့လာဆန်းစစ်မှုအစီရင်ခံစာ” တွင် လေ့လာနိုင်ပြီး မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဥပဒေတွင်လည်း မိခင်တစ်ဦးသည် သုံးနှစ်ခြားတွင် ကလေးတစ်ဦးယူသင့်ကြောင်း ပါရှိသည်။ 

 


သန့်ဇင်ဝင်း၊ နေသစ်ဦး