ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ ဖွင့်ပွဲစစ်တွေမြို့၌ ကျင်းပ

စစ်တွေ   ၁၆  ဒီဇင်ဘာ

 

 

(၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျင်ကိုင်ပွဲကို ကျင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ကျင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်စိုးမြနှင့် ကျင်ပွဲဒိုင်အဖွဲ့ ဒိုင်ချုပ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲသည်။

ယင်းနောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် စိုင်းဒြားရခိုင်စည်အဖွဲ့မှ စီစဉ်တင်ဆက်သော ရှုမောဖွယ်ရာ ရခိုင်ရိုးရာ ကျင်ပညာ(သရုပ်ပြကကွက်) များဖြင့် သီဆိုကပြဖြေဖျော်ကြပြီး  ရခိုင်ကျင်သန်များက မင်္ဂလာကျင်ကိုင် သရုပ်ပြသကြသည်။ 

စိုင်းဒြားရခိုင်စည်အဖွဲ့၊ ကျင်ယိမ်းဖြစ်မြောက်ရေး တွဲဘက်အတွင်းရေးမှူး ဦးကျော်ဇံမောင်က “ရခိုင်ရိုးရာ ကျင်ကိုင်ပွဲမှာ ကျင်ဖမ်းကွက်တွေ မြောက်များစွာထဲက ကျင်ဖမ်းကွက်အချို့ကို ဒီနေ့မှာ သရုပ်ဖော်ကပြခဲ့ပါတယ်။ ဒီနေ့ပြကွက်တွေထဲမှာ ရခိုင်ဘုရင်လက်ထက်က ရခိုင်စစ်သူကြီး စုံတန်း လက်ယာပျံချီဟာ မြင်းစီးပြီး မြို့တွင်းလှည့်လည်တဲ့ ပြကွက်တွေကို သမိုင်းအထောက်အထားတွေကို လေ့လာပြီး ထည့်သွင်းသရုပ်ပြသခြင်းလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကျင်းဖမ်းတဲ့လူက ကျင်ကိုင်တဲ့အခါ အခံလူကို ဘယ်လိုနည်းလမ်းတွေနဲ့ နည်းမျိုးစုံနဲ့ပေါ့ အနိုင်ကိုင်ချတဲ့ ကျင်ဖမ်းနည်းကို ပေါ်လွင်သရုပ်ပြသခြင်း ဖြစ်ပါတယ်။ ကျင်ကွက်ကတော့ သမိုင်းအရဆိုရင်  သုံးဆယ်ကျော် ရှိပြီးတော့ ဒီနေ့မှာတော့ ကျင်ဖမ်းနည်း ၁၈ ကွက်ကို သရုပ်ပြသသွားခြင်း ဖြစ်ပါတယ်။ ဆရာ့အနေနဲ့ ပြောချင်တာက ဒီလိုပွဲမျိုးမှာ ရခိုင်လူငယ်တွေဟာ မြတ်မြတ်နိုးနိုးနဲ့ ကျင်ကိုင်ကြဖို့၊ လူကြီးတွေနဲ့ တာဝန်ရှိသူတွေကလည်း ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ လူငယ်တွေ ပါဝင်ယှဉ်ပြိုင်လာအောင် ကြိုးစားပေးကြဖို့၊ ရခိုင်ရိုးရာကျင်ကို မြန်မာသာမက ကမ္ဘာကပါ သိရှိလာအောင် ဆောင်ရွက်ပေးကြဖို့ ပြောကြားလိုပါတယ်” ဟု ပြောသည်။

ရခိုင်ရိုးရာ ကျင်ကိုင်ပွဲကို စစ်တွေမြို့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီး ကျင်းပလျက်ရှိရာ ရွှေမောင်းတန်းတွင် ပထမဆု ငွေကျပ် ၃၂ သိန်း၊ ဒုတိယဆု ငွေကျပ် ၂၄ သိန်း၊ ပူးတွဲတတိယဆုအတွက် ငွေကျပ် ၁၆ သိန်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ 

ထို့အပြင် ငွေမောင်းတန်းတွင် ပထမဆု ငွေကျပ် ၂၄ သိန်း၊ ဒုတိယဆု ငွေကျပ် ၁၆ သိန်း၊ ပူးတွဲတတိယဆုအတွက် ငွေကျပ် ၁၂ သိန်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါ ကျင်ကိုင်ပွဲကို စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် ဒီဇင်ဘာ ၁၆ ရက်မှ ၁၈ ရက်ထိ ကျင်းပသွားမှာဖြစ်ပြီး ပထမနေ့တွင် ငွေမောင်းတန်း ကျင်သန်များ စတင်ကျင်ကိုင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ဒုတိယနေ့တွင် ရွှေမောင်းတန်း ကျင်သန်များပါ ကျင်ကိုင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကျင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

 

 

တင်ထွန်း(ပြန်/ဆက်)