ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့လိုက်ပါလာသည့် အမျိုးသမီးငယ်တစ်ဦး လေယာဉ်ဆင်းသက်နေစဉ် နှလုံးရောဂါ ဖောက်ကာ သေဆုံးမှုဖြစ်ပွား

ရန်ကုန်  ၁၀  ဧပြီ

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ဆေးဝါးကုသမှုခံယူရန် လိုက်ပါလာသည့် မိန်းကလေးငယ်တစ်ဦးသည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ဆင်းသက်နေစဉ် နှလုံးရောဂါဖောက်ကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်နေ မိန်းကလေး (၁၃ နှစ်)သည် မြန်မာအမျိုးသား လေကြောင်းခရီးစဉ် UB 412 ဖြင့် ယနေ့ညနေပိုင်းတွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ဆေးကုသမှုခံယူရန် လိုက်ပါလာခဲ့ရာ  ညနေ ၅ နာရီ ၃၅ ခန့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်ဆင်းသက်နေစဉ်  နှလုံးရောဂါဖောက်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းသေဆုံးမှုသည် COVID-19 ရောဂါနှင့် သက်ဆိုင်မှုမရှိကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။

 

၎င်းသည် နှလုံးရောဂါ ခံစားနေရသူဖြစ်ပြီး နှလုံးတွင် စက်တပ်ဆင်ထားရသူဖြစ်ကြောင်း၊  ကန်သာယာဆေးရုံတွင် ဆေးဝါးကုသမှုခံယူရန် ရန်ကုန်မြို့သို့ လိုက်ပါခဲ့ခြင်းဖြစ်ပြီး နှလုံးရောဂါဖောက်ချိန်တွင် လေယာဉ်ဝန်ထမ်းများနှင့် YACL မှ ဆရာဝန်တို့က  ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့သော်လည်း သက်သာလာခြင်းမရှိဘဲ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

သတင်း-ဇော်ကြီး