ရခိုင်ပြည်နယ်မှ Facility Quarantine ဝင်နေသော ပြည်သူများ၏ စားနပ်ရိက္ခာအတွက် ကမ္ဘောဇဘဏ်က ငွေကျပ်သိန်း ၃ဝဝ ထပ်မံလှူဒါန်း

နေပြည်တော်    ၂၉  ဧပြီ

 

ကမ္ဘောဇဘဏ်သည် ရခိုင်ပြည်နယ်အတွင်းရှိ Facility Quarantine ဝင်နေသော စောင့်ကြည်လူနာများ၏ စားနပ်ရိက္ခာအတွက် ငွေကျပ်သိန်း ၃ဝဝကို ဧပြီ ၂၈ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ သွားရောက်လှုဒါန်းခဲ့ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှ လက်ခံရယူခဲ့သည်။

 

ရခိုင်ပြည်နယ်တွင် Facility Quarantine ဝင်နေသောစောင့်ကြည့်လူနာများအနက်မှ နေ့စဉ်စားသောက်စားရိတ် အခက်အခဲရှိသော ပြည်သူတစ်ဦးလျှင် တစ်ရက်ငွေကျပ် ၃ဝဝဝ နှုန်းဖြင့် အစားအသောက်များ ပံ့ပိုးပေးနိုင်ရန် အတွက် ငွေကျပ်သိန်း ၃ဝဝ ကို ကမ္ဘောဇဘဏ်မှ ပေးအပ်လှူဒါန်းသည်။

 

ထို့အတူ ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပြည်သူများအတွက် ဆန်အိတ် ၁၀ဝ၀ ကိုလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံသို့ ဧပြီ ၂၁ ရက်က သွားရောက်လှူဒါန်းခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း COVID-19ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေသော ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် လိုအပ်သည့် ဆေးရုံသုံးအထောက်အကူပြု ပစ္စည်းများကို လှူဒါန်းသွားမည်ဖြစ်သည်။ 

 

ထို့အပြင် ချင်းပြည်နယ်နှင့် ကယားပြည်နယ်တွင်လည်း အလားတူ လှူဒါန်းထားကြောင်း သိရသည်။ ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို လူသားအားလုံး၏ ဘုံရန်သူအဖြစ်သတ်မှတ်ကာ နိုင်ငံအနှံ့အပြားရှိ လိုအပ်နေသူတိုင်းကို တတ်နိုင်သမျှ စဉ်ဆက်မပြတ် ကူညီလှူဒါန်းပေးနေခြင်း ဖြစ်သည်။

 

ကမ္ဘောဇဘဏ်သည် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့အပြား ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ချိန်တွင်လည်း ကျပ်သိန်း ပေါင်း ၁၅၀ဝ၀ ကျော်ကို ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းခဲ့ သည့်အပြင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၆ ခုနှစ်က ငွေကျပ်သိန်း ၁၀ဝ၀ မတည်လှူဒါန်းခဲ့သည်။

 

လက်ရှိအချိန်ထိ ကမ္ဘောဇဘဏ်၊ KBZ MS General Insurance၊ KBZ Life၊ Myanmar Airways International(MAI)နှင့် Air KBZ လေကြောင်းလိုင်းတို့သည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ငွေကျပ်သိန်းပေါင်း ၃၃,ဝ၇၄ ကို လှူဒါန်းခဲ့ပြီး ဖြစ်သည်။

 

ကိုကျော်