ရခိုင်ပြည်နယ်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)

၂၃ ဇွန်

 

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)မှာစစ်တွေမြို့အတွက် ဂုဏ်ယူဖွယ်ရာဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်အတွက် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရာ ဘူမိနက်သန် နေရာကြီးလည်း ဖြစ်ပေသည်။

 

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)ကို ၂၀ဝ၀ ပြည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့က ကွန်ပျူတာကောလိပ် (စစ်တွေ)အဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ၂၀ဝ၁ ခုနှစ် ဧပြီလတွင် အစိုးရနည်းပညာကောလိပ်(စစ်တွေ) ဝင်းအတွင်းသို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုဖွင့်လှစ်ထားရှိသည့် ပင်မကျောင်းဆောင်ကြီးမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်က ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ရန် နိုင်ငံတော်မှ ခွင့်ပြုချက်ရရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

 

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)သည် ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ပြည်ထောင်စု လမ်းမကြီးတွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၄  ဒသမ ၈၉၄ ဧက ကျယ်ဝန်းသည်။ ပင်မဆောင်ကြီးသည် အကျယ်အဝန်းအားဖြင့် ပေ ၂၆၀၊ ပေ ၁၃၀ လေးထပ်အဆောက်အဦကြီးဖြစ်ပြီး လက်ရှိအချိန်တွင် ကွန်ပျူတာ ဘာသာရပ် လက်တွေ့သင်ကြားရေးအခန်း  ၃ ခန်း၊ Language Lab ၂ ခန်း၊ Physics Lab ၁ ခန်းနှင့် Hardware Lab ၁ ခန်းဖြင့် ကျောင်းသားကျောင်းသူများအား သင်ကြားပေးလျက်ရှိသည်။

 

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကွန်ပျူတာသိပ္ပံသင်တန်းနှင့် ကွန်ပျူတာနည်းပညာသင်တန်းများကို ပထမနှစ်မှ ပဉ္စမနှစ်ထိ သင်ကြားပို့ချပေးလျက်ရှိရာ ကျောင်းသားကျောင်းသူ ၃၁၃ ဦး တက်ရောက် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။ သင်ကြားတတ်မြောက်မှု အပေါ်မူတည်ပြီးမဟာသိပ္ပံဘွဲ့၊ ကွန်ပျူတာမဟာသိပ္ပံဘွဲ့ လေးမျိုး၊ ကွန်ပျူတာတက္ကသိုလ် ဒီပလိုမာဘွဲ့လွန် နှင့် ကွန်ပျူတာဘာသာရပ် ဆိုင်ရာဘွဲ့ကြိုဘွဲ့များ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။

 

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)သို့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ သတ်မှတ်အရည်အချင်း ပြည့်မီသူ ကျောင်းသား ကျောင်းသူများ တက်ရောက်ခွင့်ရှိပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ၂၀၁၈ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် ရမှတ်စုစုပေါင်း ၃၆၀ နှင့်အထက် ရရှိသူကျောင်းသားကျောင်းသူ ၁၅၀ ဦးအားလက်ခံသင်ကြား ပေးသွားမည်ဖြစ်ကြောင်း ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

 

ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)တွင် တက်ရောက်နေသောကျောင်းသားကျောင်းသူများအား စာမေးပွဲ စစ်မေးပြီး အအောင်အရှုံး ဆုံးဖြတ်သည့်စနစ်မှ သင်ကြားရမည့် သင်ခန်းစာများအပေါ်တွင် အပိုင်းလိုက်၊ အခန်းလိုက် မိမိတို့အားသာသလိုလေ့လာပြီး လေ့လာမှုများအပေါ်တွင် စဉ်ဆက်မပြတ်အကဲခတ်၍ အမှတ်ပေးသည့် Credit စနစ်သို့ တဖြည်းဖြည်း ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။ Credit စနစ်ကျင့်သုံးခြင်းဖြင့် ကျောင်းသားကျောင်းသူများ၏ တတ်မြောက်မှုလည်း ပိုမိုမြင့်မားလာပြီးဉာဏ် ရည်ဉာဏ်သွေးကောင်းမွန်မှု ကြိုးစားအားထုတ်မှု ကောင်းမွန်မှုတို့အပေါ် မူတည်ပြီး အချိန်တိုအတွင်းသက်ဆိုင်ရာ ဘွဲ့အသီးသီးကို ရယူနိုင်ကြမည် ဖြစ်သည်။

 

“ကျွန်တော်က တောင်ကုတ်ကနေ လာတက်တာပါ။ ကွန်ပျူတာတက္ကသိုလ်ကိုတက်ဖြစ်ရတဲ့ အကြောင်းကတော့ ၂၁ ရာစုမှာ ကွန်ပျူတာပညာရပ်တွေဟာ မတတ်မဖြစ် တတ်ထားသင့်တယ်လို့ ထင်လို့ပါ။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း များစွာအထောက်အကူ ပြုမယ်လို့ခံယူထားပါတယ်။ အဓိကအကြောင်းကတော့ ကွန်ပျူတာဘာသာရပ်အပေါ် ကိုယ်တိုင်လည်း စိတ်ဝင်စားလို့ပါ။ ကျွန်တော်တို့ တက္ကသိုလ်မှာသင်ကြားရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေလည်း ပြည့်စုံလုံလောက်မှုရှိပါတယ်။ သင်ကြားပေးတဲ့ ဆရာဆရာမ တွေကလည်းအရည်အချင်းပြည့်ဝတဲ့ ဆရာဆရာမတွေ ဖြစ်တဲ့အတွက် ဒီတက္ကသိုလ်မှာတက်ခွင့်ရတာ ဂုဏ်ယူကျေနပ်မိပါတယ်” ဟုစတုတ္ထနှစ်(ကွန်ပျူတာသိပ္ပံ) သင်တန်းတွင် တက်ရောက်နေသူမောင်သင်း မြတ်ငြိမ်းကပြောသည်။

 

 

ကွန်ပျူတာတက္ကသိုလ်များသို့ တက်ရောက်ရန် လျောက်ထားကြမည့် ကျောင်းသားကျောင်းသူများ အနေဖြင့် ကိုယ်တိုင် ကွန်ပျူတာ ဘာသာရပ်အပေါ်တွင် စိတ်ဝင်စားမှုရှိမှ လျောက်ထားစေလိုကြောင်း၊ ကွန်ပျူတာတက္ကသိုလ်များတွင် ကွန်ပျူတာပညာများ တက်ရောက်သင်ကြားခဲ့ပြီး လုပ်ငန်းခွင်အတွင်း ဝင်ရောက်ကြမည့် သူငယ်ချင်းများကိုလည်း မိမိတတ်မြောက်ထားသည့် ပညာရပ်များကို အဆုံးစွန်အထိ အသုံးပြုပြီးစဉ်ဆက်မပြတ်လေ့ လာနေခြင်းဖြင့် မိမိဘဝအတွက်ရော တိုင်းပြည်အတွက်ပါ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ရခိုင်ပြည်နယ်တွင် ကွန်ပျူတာနှင့်ပတ်သက်သည့် လုပ်ငန်းများတွင်ကျယ်မှုမရှိသေးသဖြင့် ကွန်ပျူတာလုပ်ငန်းများ တွင်ကျယ်နေပြီဖြစ်သော မြို့ကြီးများသို့ သွားရောက်လုပ်ကိုင်ပြီး လုပ်ငန်းအတွေ့အကြုံယူကာ ရခိုင်ပြည်နယ်သို့ ပြန်လာပြီးကွန်ပျူတာနှင့် ပတ်သက်သည့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မောင်သင်းမြတ်ငြိမ်းက ဆက်လက်ပြောကြားသည်။

 

“ကျွန်တော်တို့ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)ကိုရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူငယ်တွေ အဆင့်မြင့် ကွန်ပျူတာပညာရပ်တွေဖြစ်တဲ့ Hardware နဲ့ Software များတီထွင်တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်းနဲ့ အသုံးပြုခြင်းတွေကို လက်တွေ့လုပ်ဆောင်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ပေးနိုင်ဖို့၊ အဆင့်မြင့်ပညာ ရပ်တွေကိုအသုံးပြုပြီး နိုင်ငံအကျိုးပြု သုသေသနလုပ်ငန်းတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ အတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာရှိတဲ့ ဌာနဆိုင်ရာတွေမှာ ကွန်ပျူတာအသုံးပြုတဲ့ ဝန်ထမ်းတွေရဲ့ အရည်အသွေး မြှင့်တင်ရေးအတွက် ကျွန်တော်တို့ ကွန်ပျူတာတက္ကသိုလ်က သင်တန်းတွေ ဖွင့်လှစ်ပြီးကူညီဆောင်ရွက်ပေးပါတယ်“ ဟု ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) မှ ကျောင်းအုပ်ကြီးဒေါက်တာဇော်ထွန်း က ပြောသည်။

 

 

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့်အတူဒေသခံတိုင်းရင်းသားများအဆင့်မြှင့် ကွန်ပျူတာပညာရပ်များကို လွယ်ကူစွာ သင်ယူလေ့လာနိုင်ပြီး တတ်မြောက်လာသည့် ပညာရပ်များနှင့်အတူဒေသဖွံ့ဖြိုးရေး၊ နိုင်ငံ့ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြမည့် ပညာရှင်အရင်းအမြစ် များမွေးထုတ်ပေးရာ တက္ကသိုလ်ကြီးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

အောင်သူရ၊ဟန်လင်းနိုင်