ရိုးရာယဉ်ကျေးမှုနှင့်လူမှုစီးပွားရေးဘဝဖွံ့ ဖြိုးမှု

နေပြည်တော် ၁၃

 

ရက်ကန်းလုပ်ငန်းသည် ရှေးကျသော လက်မှုအတတ်ပညာတစ်မျိုးဖြစ်ပြီးရိုးရာယဉ်ကျေးမှုနှင့် ဆက်နွှယ်နေသော လက်မှုအတတ်ပညာဖြစ်ပါသည်။မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသောပြည်ထောင်စုနိုင်ငံဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုတို့၌ ရိုးရာရက်ကန်းလက်မှုအတတ်ပညာကိုယ်စီ ပိုင်ဆိုင်ကြပါသည်။ အပေါ်ယံကြည့်ပါကရက်ကန်းလက်မှုပညာထိန်းသိမ်းရေးသည် ရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေးသက်သက်ဟု ထင်မြင်စရာရှိသော်လည်း ရက်ကန်းလက်မှုအတတ်ပညာ ထိန်းသိမ်းခြင်းသည် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးတို့၏ လူမှုစီးပွားရေးဘဝကို မြင့်မားစေမည် ဖြစ်ပါသည်။

 

အဆိုပါသဘောတရားအပေါ်အခြေခံလျက် ရိုးရာရက်ကန်းလုပ်ငန်းအပေါ် အခြေပြုသော လူမှုစီးပွားရေးဘဝ ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းတစ်ရပ်ကို ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၅၀,ဝဝဝ ဖြင့် နိုင်ငံတကာအဖွဲ့အစည်းတို့က ပံ့ပိုးကူညီ ဖော်ဆောင်လျက်ရှိပါသည်။ဤစီမံကိန်းကို ပူးတွဲအကောင်အထည်ဖော်လျက်ရှိသော နိုင်ငံတကာအဖွဲ့အစည်းတို့မှာ Turquoise Mountain ၏ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းဖြစ်သည့် Myanmar Artisans နှင့် ဗြိတိသျှအစိုးရ၏ နိုင်ငံတကာဖွံ့ ဖြိုးတိုးတက်ရေးဌာန (Department for International Development- DFID) တို့ ဖြစ်ပါသည်။

 

ဤစီမံကိန်းကို အကောင်အထည်ဖော်ရာ၌ ဗြိတိသျှ နိုင်ငံတကာဖွံ့ ဖြိုးတိုးတက်ရေးဌာန (DFID) ၏ ဓနပံ့ပိုးမှုအစီအစဉ် (The DaNa Facility)က ပါဝင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံ၌ အခြေစိုက်သည့် ပုဂ္ဂလိကတီထွင်ဖန်တီးမှုကို အားပေးသော ပံ့ပိုးမှုအစီအစဉ်ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်၏ ပင်မရည်ရွယ်ချက်သည်မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလ၌ အစဉ်အလာအားဖြင့်စီးပွားရေးဖွံ့ ဖြိုးမှု၏ အသီးအပွင့်ကိုခံစားခွင့်မရရှိခဲ့သည့် ဆင်းရဲချို့တဲ့သူများနှင့် အမျိုးသမီးများကို အားပေးကူညီရန်ဖြစ်ပါသည်။ Turquoise Mountain Foundation အား ဗြိတိသျှဝေလမင်းသားက ၂၀ဝ၆ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရိုးရာလက်မှုအနုပညာတို့ကို ထိန်းသိမ်းခြင်းဖြင့်ကျွမ်းကျင်မှု၊ စီးပွားရေးအခွင့်အလမ်းနှင့် ကိုယ့်ဒေသအပေါ် ဂုဏ်ယူလိုစိတ်တို့ကို မြှင့်တင်ပေးရန်ဖြစ်ပါသည်။ Turquoise Mountain Foundation သည် မြန်မာနိုင်ငံ၌ အမျိုးသမီးများအပါအဝင် ဆင်းရဲချို့တဲ့သူတို့၏ လူမှုစီးပွားရေးဘဝကို မြှင့်တင်ပေးရန် Artisans အစီအစဉ်ကို အကောင်အထည်ဖော်လျက် ရှိပါသည်။

 

အထက်၌ ရည်ညွှန်းတင်ပြထားသည့်စီမံကိန်းကို ကနဦးကာလ၌ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းကာလများ၌ အခြားသော ပြည်နယ်များသို့ပါ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးအလိုက် အမျိုးမျိုးအဖုံဖုံကွဲပြားသော ရိုးရာအထည်အလိပ် ဒီဇိုင်းမျိုးစုံရှိပြီး ဤစီမံကိန်းကိုသာ အောင်အောင်မြင်မြင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက တိုင်းရင်းသားလူမျိုးစုအလိုက်ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့်အတူ သက်ဆိုင်ရာပြည်နယ်တို့၏လူမှုစီးပွားရေးဘဝမြှင့်တင်ရေးကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်၍ အဆိုပါစီမံကိန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းအားလုံးကို ဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။