ရိုးရာလက်ဝှေ့ ဂျပန်ပွဲစဉ် (၁၂) တွင် ရဲသွေးနီနှင့် မင်းမောင်မောင်တို့ အရှုံးရင်ဆိုင်ခဲ့ရသော်လည်း ဗျဂ္လ က ဂျပန်နိုင်ငံသား ပြိုင်ဘက်အား ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့

ရန်ကုန် ၁၈ မေ  


မြန်မာ့ရိုးရာလက်ဝှေ့၏ ဂျပန်ပွဲစဉ် (၁၂) ကို ယမန်နေ့က တိုကျိုမြို့ ခိုလကုအန်ခန်းမ၌ ဂျပန်စံတော်ချိန် ညနေ ၆ နာရီခွဲတွင် ကျင်းပခဲ့ရာ မြန်မာ့လက်ဝှေ့ကျော် ရဲသွေးနီနှင့် မင်းမောင်မောင်တို့ အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့သော်လည်း ခေါင်ပွဲထိုးသတ်သည့် ဗျဂ္ဃ က ပြိုင်ဘက်လက်ဝှေ့သမားကို ဒိုင်ပွဲရပ်ဖြင့်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ် (ဂျပန်) ၏ ဆုဖလားကိုရရှိခဲ့ကြောင်း သိရသည်။


တတိယပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်သော ၆၁ ကီလိုတန်း ရဲသွေးနီ(မြန်မာ)နှင့် မာကိုတို(ဂျပန်) တို့၏ပွဲစဉ်တွင် ရဲသွေးနီက အသာစီးဖြင့် ထိုးသတ်နေသော်လည်း စတုတ္ထအချီတွင် မာကိုတို၏ ဒူးက ရဲသွေးနီ အရှိုက်တည့်တည့်ထိခဲ့ပြီး ရဲသွေးနီမှာ အနားတောင်းရာမှ ပြန်လည်မထိုးသတ်နိုင်သဖြင့် အရှုံးပေးလိုက်ရသည်။ (၇၄)ကီလိုတန်းတွင် မင်းမောင်မောင် (မြန်မာ) နှင့် တိုခဲရှီ(ဂျပန်)တို့ သူတစ်ပြန် ကိုယ်တစ်ပြန်ထိုးသတ်နေရင်း ဒုတိယအချီတွင် တိုခဲရှီ၏ ကရာတေးကန်ချက်က မင်းမောင်မောင်၏ နံကြားကိုထိပြီး အနားတောင်းရသည်။ 


တတိယအချီတွင် မင်းမောင်မောင်၏နံကြားသို့ပင် တိုခဲရှီ၏ ကရာတေးကန်ချက် ထပ်မံထိပြီး ဆက်လက် မယှဉ်ပြိုင်နိုင်သဖြင့် မင်းမောင်မောင် အရှုံးပေးလိုက်ရသည်။ ခေါင်ပွဲဖြစ်သော ၆၃ ကီလိုတန်း ဗျဂ္ဃ(မြန်မာ)နှင့် ဟီဂါရှီ(ဂျပန်)တို့၏ပွဲမှာ ပွဲစသည်နှင့်ပင် (၂)ဦးစလုံး တိုက်စစ်ဖွင့်ကစားသဖြင့် ပရိသတ် ကြိုက်နှစ်သက်ခဲ့ကြသည်။ 


ဒုတိယအချီတွင် ဟီဂါရှီ(ဂျပန်)က ခေါင်းတိုက်ချက်ဖြင့် ပွဲသိမ်းရန်လုပ်ခဲ့သော်လည်း ဗျဂ္ဃ၏ တံတောင်ရိုက်ချက်မိပြီး ခေါင်းကွဲသွားခဲ့သည်။ ဆေးမှူးနှင့်ဒိုင်က ပြန်လည်ထိုးသတ်ခွင့်ပြုခဲ့သော်လည်း တံတောင်ရိုက်ချက်များကြောင့် သုံးနေရာကွဲပြီး သွေးထွက်များလာသဖြင့် ဒိုင်ပွဲရပ်ဖြင့် ဗျဂ္ဃကို အနိုင်ပေးလိုက်သည်။ 


အခြားပွဲစဉ်များတွင် ၇၅ ကီလိုတန်း၌ လိုကုကု (ကွန်ဂို)က ဝီလ်ချုပ်(အမေရိကန်)ကို စတုတ္ထအချီတွင် အလဲထိုးပြီးလည်းကောင်း၊ ၈၃ ကီလိုတန်း၌ တီဝိုင်ဝီလီယံ (နယူးဇီလန်) က ရှင်ဂိုဆူဇူကီး (ဂျပန်) ကို  ပထမအချီတွင်ပင် အလဲထိုးပြီးလည်းကောင်း၊ အနိုင်ရရှိခဲ့ကြောင်း သိရသည်။ 


အဆိုပါပွဲသို့ ပရိသတ်ရုံလုံးပြည့် လာရောက်ကြည့်ရှုပြီး ဂျပန်နိုင်ငံရှိ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်စောလင်း တက်ရောက်အားပေးပြီး ဆုများချီးမြှင့်ခဲ့သည်။ မြန်မာ့ရိုးရာလက်ဝှေ့ပွဲစဉ် (၁၃)ကို ဇူလိုင် ၂၅ ရက်တွင် တိုကျိုမြို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း- မင်းခေတ်၊ ဓာတ်ပုံ- ချီကိုဟန် (ဂျပန်)