ရိုးရာဓလေ့များ၊ စိတ်အပန်းပြေစရာ သဘာဝအလှများဖြင့် ခရီးသွားများကို ဆွဲဆောင်နေသည့် ကယားပြည်နယ်

သတင်းဆောင်းပါး- သီသီမင်း၊ ဓာတ်ပုံ- မိုင်ခ

 

လည်တိုင်ထက်ဝယ် ကြေးကွင်းများစွပ်ထားသော ရိုးရာအထည်ရက်လုပ်ရန် ဗိုင်းငင်နေသည့် ဒေသခံကယန်း တိုင်းရင်းသူအမျိုးသမီး၏ ဟန်ပန်အမူအရာက မြင်ရသူကို ဆွဲဆောင်နိုင်စွမ်းရှိလှသည်။

 

“ကျွန်မတို့ရဲ့ ရိုးရာဝတ်စုံကိုချစ်လို့ လာတဲ့လူတိုင်း ဝတ်ကြည့်တယ်။ ဒီအတွက်ပြောမပြတတ်အောင် ပျော်တယ်”

 

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကယန်းတိုင်းရင်းသား တို့နေထိုင်ရာ ဒေါဆန်းဘွန်းရွာသူ နော်ဖူးမိုးက စကားသံ ဝဲဝဲဖြင့် ဂုဏ်ယူစွာဆိုသည်။

 

ကယားပြည်နယ် လွိုင်ကော်မြို့နှင့် နှစ်မိုင်ခန့်သာဝေးသည့် ရိုးရာတဲငယ်လေးများဖြင့် ရိုးရာချည်ထည် အဝတ်အထည်များရက်လုပ်ကာ ရောင်းချနေမှုများ၊ ကြေးသွန်း လက်မှုပစ္စည်းများ၊ ဝါးလက်မှု ပစ္စည်းများကိုဝယ်ယူနိုင်မည်ဖြစ်ပြီး ညပိုင်းတွင် ကယန်း ဂီတ၊ အကအလှကိုပါ နားဆင်ခံစားနိုင်သည့် ဒေါဆန်းဘွန်းရွာသည် ထိုပြည်နယ်၏ ကြည့်ရှုစရာ၊ လည်ပတ်စရာ နေရာများထဲတွင် တစ်ခု အပါအဝင်ပင်ဖြစ်သည်။

 

“ဒီရွာက ကယန်းလူမျိုးတွေနေတာလေ။ ဒီရွာအတွက် ဝင်ငွေရအောင် အခုလို ယဉ်ကျေးမှုနယ်မြေအဖြစ် ရွာသူ ရွာသားတွေကိုစည်းရုံးပြီး လုပ်ဆောင်ခဲ့တာ”ဟု လွိုင်ကော်မြို့နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံဦးလင်းဇော်ထွဋ်က ပြောသည်။

 

ကယားပြည်နယ် လွိုင်ကော်မြို့သည် ၂၀၁၄ ခုနှစ်မှ စတင်ကာ ပြည်တွင်း၊ ပြည်ပခရီးသွားများ စတင်လည်ပတ်မှု များရှိခဲ့ပြီး ကယားပြည်နယ်ခရီးသွားကာလ၏ စာရင်းများ အရ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းခရီးသွား ၁၅၀ဝဝ၊ နိုင်ငံခြားသားခရီးသွား ၂၆၀ဝ ခန့်ရှိခဲ့ရာမှ ယခုနှစ် အောက်တိုဘာလအထိ စာရင်းကောက်ယူချက်အရ ပြည်တွင်းခရီးသွား ၅၀ဝဝဝကျော်၊ နိုင်ငံခြားသား ခရီးသွား ၁၀ဝဝဝနီးပါး ဝင်ရောက်လာသည်။ ထိုသို့ တစ်နေ့တခြား ခရီးသွားဦးရေ တိုးတက်လာ နေခြင်းသည် “ဒေသငြိမ်းချမ်းလာခြင်းကြောင့်” ဟု ဦးလင်းဇော်ထွဋ်က ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့အဆုံး ကယားပြည်နယ်အစဖြစ်သည့် လွိုင်ကော်မြို့သည် ကယန်း၊ ကယော၊ ရှမ်းတိုင်းရင်းသားများနှင့်အတူ အခြားသော ဒေသခံတိုင်းရင်းသားလူမျိုးစုများ၏ ထူးခြားသော နေထိုင်မှုဓလေ့၊ ရိုးရာဝတ်စားဆင်ယင်မှုများက ပြည်တွင်း၊ ပြည်ပ ခရီးသွားများအတွက် စိတ်ဝင်စားစရာပင်။ ထို့ပြင် နံနက်ခင်းအရုဏ်အလှ၊ နေဝင်ဆည်းဆာ အလှတရားများကို ကြည့်ရှုခံစားနိုင်မည့် ကျောက်တောင်၊ တောင်ထွတ်ကြီး ကိုးခုဖြင့် သဘာဝအနေအထားအရ ထူးခြားစွာဖြစ်ပေါ်နေသည့် တောင်တော်အမြင့် ၁၃၄ ပေပေါ်တွင် တည်ထားသည့် ရှမ်းဘာသာဖြင့် လွိုင်ဖာတက်၊ ကယားဘာသာဖြင့် ဖော်မြဲဟု အမည်တွင်သည့် လွိုင်ကော်မြို့၏ ကျက်သရေဆောင် “တောင်ကွဲစေတီ”။

 

လွိုင်ကော်မြို့အရှေ့ဘက် ၁၀မိုင်အကွာတွင်ရှိသည့် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၉၀ တွင်ရှိသော ထုံးကျောက်၊ ဒိုလိုမိုက်ကျောက်များဖြင့် ဖွဲ့စည်းထားသည့် သဘာဝလိုဏ်ဂူတစ်ခုဖြစ်သည့် ကယားဘာသာစကားဖြင့် “ရာစုကု” ဟုခေါ်သည့် ကယားပြည်နယ်၏ ယုံကြည်မှု ဆိုင်ရာကို ညွှန်းဆိုပြသည့် နာမည်ကျော် “ကြတ်ဂူ”။ “ဂူထဲမှာ သစ်သားခေါင်းတလားတွေရှိတယ်၊ အရင်က အရိုးစုတွေ တွေ့တယ်ပြောကြတယ်၊ ရှားတောမြို့ဘက်မှာလည်း ကြတ်ဂူလိုမျိုး ဂူကြီးရှိတယ်၊ အဲဒီမှာအခေါင်းတွေ ပိုများတယ်။ လူတွေ သိပ်မသိကြသေးဘူး” ဟု ဒေသခံ ကိုစိုင်းက ပြောသည်။

 

ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိရာ ခရီးသွားမှရရှိသော ဝင်ငွေများသည် ကဏ္ဍပေါင်းစုံကို စီးဝင်လျက်ရှိပြီး ဒေသခံတို့၏ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစေကာ ဝင်ငွေတိုးစေသည့်အတွက် ကယား ပြည်နယ်၏ ခရီးသွားကဏ္ဍကို အထူးအလေးထား ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ဒီမောဆိုမြို့နယ်ရှိ ကယန်းလူမျိုးများ နေထိုင်ရာ ပန်ပက်ကျေးရွာ၊ တနီးလာလဲ ကျေးရွာ၊ ရှေးဟောင်းအိမ်များ၊ ဓလေ့ထုံးတမ်းများကို မြင်တွေ့နိုင်သည့် ဒေါတမကြီးကျေးရွာ၊ ကယောလူမျိုးများနေထိုင်ရာ ထေခိုကျေးရွာတို့တွင် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသခံများကိုယ်တိုင် တိုက်ရိုက်အကျိုး ခံစားခွင့်ရနေပြီဖြစ်သည်ဟု ဦးလင်းဇော်ထွဋ် က ဆိုသည်။

 

“ရပ်ရွာမှာရှိတဲ့ လူငယ်တွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရတယ်။ ရွာလည်း ရန်ပုံငွေရတယ်။ ရတဲ့ငွေတွေကို ရွာလူကြီးက ရပ်ရွာဖွံ့ဖြိုးရေးနဲ့ သာရေးနာရေးရန်ပုံငွေအဖြစ် ထိန်းသိမ်းပေးထားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။ ကယားပြည်နယ် ဒီမောဆိုမြို့နယ်ရှိ ငွေတောင်ဆည်အလှ၊ နောင်ယားကန်၏အလှနှင့် ညဈေးတန်း၊ လွိုင်ကော်မြို့မှ ၃ မိုင်အကွာတွင် မပုပ်မသိုးဘဲ ကျန်နေသေးသည့် ဆရာတော်ကြီးတစ်ပါး၏ ရုပ်ကလာပ်ရှိရာ တောင်သုံးလုံး၊ တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသော ဘီလူးချောင်းပေါ်ရှိ လောပိတ ရေအားလျှပ်စစ်စီမံကိန်း၊ လတ်ဆတ်သော သစ်သီးဝလံများ၊ ကယားရိုးရာ၊ ရှမ်းရိုးရာ အစားအသောက်နှင့် အဝတ်အထည်များကို ဝယ်ယူနိုင်သည့် တောင်ဈေး၊ ထူးဆန်းအံ့ဖွယ် ထီးပွင့်ကန်၊ ဒွေးမယ်နော်တို့ပျော်စံရာ ကန်ခုနစ်ဆင့် တို့သည်လည်း ခရီးသွားများအတွက် ကယားပြည်နယ်၏ ဆွဲဆောင်မှုရှိရာ နေရာများပင်ဖြစ်သည်။

 

ထို့အတူ လွိုင်ကော်မြို့မှ ၁၄ မိုင်ခန့် ကွာဝေးသည့်နေရာတွင်ရှိသည့် ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် နယ်စပ်ရှိ ထီးစဲခါး ရေတံခွန်တွင်လည်း ပြည်တွင်း၊ ပြည်ပ လာရောက် အပန်းဖြေသူများဖြင့် နှစ်စဉ်စည်ကား နေကြောင်း ဒေသခံများထံမှ သိရသည်။

 

“ဒီရေတံခွန်က ဟိုဘက်ကရှမ်းပြည် ဒီဘက်က ကယား နွေရာသီဆို လူကအပြည့်ပဲ၊ သိပ်လှတဲ့ရေတံခွန်ပေါ့၊ ကယားမှာက ဒီထက် လှပတဲ့ ထူးခြားတဲ့ ရေတံခွန်တွေလည်း အများ ကြီးရှိသေးတယ်။ ကယားပြည်နယ်မှာရှိတဲ့ လူတွေ မသိသေးတဲ့နေရာတွေကို လူသိများအောင် ဖော်ထုတ်ဖို့လိုသေးတယ်” ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ  Tour Loikaw မှ ကိုစိုင်းအောင်အောင်ထွန်းက ပြောသည်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် လည်ပတ်စရာနေရာများ ပေါများလာစေရန်၊ ခရီးသွား အတွေ့အကြုံ အသစ်အဆန်းများ ရရှိစေရန်၊ ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရန် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတို့တွင် ဖော်ဆောင်လျက်ရှိသည်။

 

ထို့အတူ ကယားပြည်နယ်တွင်လည်း မိုးဗြဲဆည်မှ အင်းလေးကန်သို့ တစ်ဆက်တည်း သွားရောက်လည်ပတ်မှုများ ပြုလုပ်နိုင်မည့် ရေလမ်းခရီးစဉ် တစ်ခုကိုလည်း ကယား ပြည်နယ်အစိုးရနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်းကာ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှစတင် အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ဒီခရီးစဉ်က ဘယ်တုန်းကမှမရှိခဲ့တဲ့ ခရီးစဉ်ပေါ့။ အစိုးရသစ်လက်ထက်မှာ စပြီး အကောင်အထည်ဖော်တာပါ။ စက်လှေနဲ့ သွားတဲ့အခါ ပနားမားတူးမြောင်းထဲသွားရသလိုမျိုး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ခရီးစဉ်တစ်ခုဖြစ်တဲ့အတွက် လာတဲ့ခရီးသွားတွေ အကြိုက်တွေ့မှာပါ” ဟု ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ် က ပြောသည်။ လက်ရှိ ကယားပြည်နယ်တွင် ခရီးသွား ဧည့်သည်များတည်းခိုနိုင်ရန် ဟိုတယ် ၂၃လုံး ရှိပြီး အခန်းပေါင်း ၄၈၆ ခန်းရှိကာ ဆောက်လုပ်နေဆဲ ဟိုတယ် ၁၃ လုံးတွင် နိုင်ငံတကာအဆင့်မီ ဟိုတယ်များပါဝင်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့် ကယားပြည်နယ်ကို ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းမှာလည်း ၂၀၁၉ ခုနှစ်အတွင်း ပြီးစီးရန် ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန လွိုင်ကော် တာဝန်ခံရုံးမှ သိရသည်။

 

“ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ကိုလာတဲ့ ခရီးသွားတွေက သုံးသန်းလောက်ရှိတာ။ ထိုင်းနိုင်ငံနဲ့ ကယားပြည်နယ်သာ လမ်းပွင့်သွားရင် ခရီးသွားတွေလာလို့ ဟိုတယ်တွေတောင် လျှံသွားလောက်တယ်” ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ကိုစိုင်းအောင်အောင်ထွန်းက သူ့အမြင်ကို ပြောပြသည်။ ရှေးဟောင်း ကျောက်ဂူများ၊ အဆောက်အအုံများ၊ အမြဲစိမ်းတောများ၊ သဘာဝအတိုင်း လှပသွယ်တန်းနေသည့် တောင်တန်းကြီးများစသည့် သဘာဝအရင်းအမြစ်များ၊ ထူးခြားလှပသည့် ရေတံခွန်များ၊ ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးစုတို့ နေထိုင်ရာ ကယားပြည်နယ်တွင် နေထိုင်သည့် ကယန်းတိုင်းရင်းသူ နော်ဖူးမိုးက “ကယားပြည်နယ်မှာ သဘာဝ အလှအပတွေရှိတယ်။ ဒါတွေနဲ့ အပန်းဖြေရင်း ရိုးရာယဉ်ကျေးမှုတွေ၊ တေးဂီတတွေနဲ့ အတူကကြမယ် အတူပျော်ကြမယ်။ တစ်ခါလောက်တော့ လာခဲ့စေချင်တယ်” ဟု ဖိတ်မန္တကပြု စကားဆိုခဲ့သည်။

 

ကြေးမုံ