ရိုးမတောထွက် ဝါးထုတ်ကုန်ဈေးကွက်ဖြင့် ဒေသခံများ အလုပ်အကိုင် အဆင်ပြေ

ရေတာရှည် ၂၅  ဖေဖော်ဝါရီ 

 

ပဲခူးရိုးမနှင့် ထိစပ်လျက်ရှိသော ရေတာရှည်မြို့နယ်တွင် ရိုးမတောထွက် ဝါးလုပ်ငန်းများဖြင့် တစ်ပိုင် တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်သော ဆွာမင်းလမ်းကျေးရွာအုပ်စု၊ ရွှေသပြေ၊ မြောက် လွှတ်ကုန်း၊ ဆီဆုံကုန်း၊ ဆွာမင်းလမ်းကျေးရွာများတွင် ဒေသခံများအနေဖြင့် အိုးမကွာ အိမ်မကွာ အလုပ်အကိုင်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ဝါးကုန်ကြမ်းရရှိရေးအတွက် ဝါးခုတ်လုပ်သားများသည် အထက်သိုင်းနယ်အထိ တောတွင်းသို့ ဝင်ရောက် ခုတ်ယူကြရပြီး သာဂရ-ကိုးပင် ရိုးမဖြတ်ကျော်ကားလမ်းသို့ တစ်ဆင့် ကဲ့ထုတ်၍ ကားများ ဖြင့် သယ်ဆောင်ကြရခြင်းဖြစ်ကြောင်း ဝါးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

 

ဝါးခုတ်ရတာကလည်း အရင်ကလို မလွယ်တော့ဘူးဗျ။ အဝေးကြီးကို သွားရတာ တစ်ခေါက်တက်ရင် အရင်က နှစ်ရက်သုံးရက်လောက်ပဲကြာတယ်။ ခု ဝါးကရှားလာတော့ တစ်ပတ်လောက်ကြာတယ်  တောင်ပေါ်ကနေ အောက်ကိုသယ်ချ၊ ကျွဲ နွားတွေငှားပြီး လမ်းနဲ့အနီးဆုံး ဖြစ်အောင်ပြန်ကဲ့ရတယ်ဟု အဆိုပါ ဝါးလုပ်ငန်းလုပ်ကိုင်သူက ဆက်လက်ပြောကြားသည်။

 

ဝါးလုပ်ငန်း လုပ်ကိုင်သူများထံမှ ဝါးအရောင်းဆိုင်များက တစ်ဆင့်ပြန်လည်ဝယ်ယူ၍ ထိုင်ခုံအမျိုးမျိုး၊ ဝါးကပ်၊ အစရှိသည်တို့ကို လုပ်သားများ ငှားရမ်းကာ ရန်ကုန်-မန္တလေး ကားလမ်းတစ်လျှောက် အစုန်-အဆန် သွားနေကြသည့် ကုန်တင်ယာဉ်ကြီးနှင့် ခရီးသည်တင်ယာဉ်များကို ပြန်လည်ရောင်းချခြင်း ဖြစ်သည်။

 

ကျွန်တော်တို့ ဒီမှာရောင်းတာကတော့ ဝါးကပ်တစ်ချပ်ကို ၁၀ဝဝ ကျပ်၊ ထိုင်ခုံတစ်လုံးကို ၂၀ဝဝ ကျပ်နဲ့ ရောင်းပါတယ် အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ။ ပွင်းလင်းရာသီဆိုတော့ မိုးရာသီထက် ပိုရောင်း ရတယ် ဟု ရွှေသပြေကျေးရွာနေ ပစ်တိုင်ထောင်ဝါးအရောင်းဆိုင်မှ ဦးစန်းမြင့် ကပြောသည်။

 

ကျေးရွာဒေသခံ အမျိုးသမီးအများစုမှာ ဝါးကပ်လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်ကြပြီး တစ်ရက်လျင် ကပ်အချပ်ရေ ၂၀ ကျော်ပြုလုပ်နိုင်ကာ မိမိတို့ကျွမ်းကျင်မှုအလိုက် နေတွက် ကျပ် ၄၀ဝဝ မှ ၅၀ဝဝ ဝန်းကျင်ရရှိကြောင်း သိရှိရသည်။

 

ကိုလွင်(ဆွာ)