ရိုက်စား ရုပ်ရှင်ဇာတ်ကား စက်တင်ဘာ ၂၁ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

mdn

ရန်ကုန်  ၁၇  စက်တင်ဘာ

 

လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ မိုက်တီး ရိုက်ကူးထားသည့် ရိုက်စား ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၆ ရက် နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး စက်တင်ဘာ ၂၁ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

သရုပ်ဆောင် ပြေတီဦးက “ရိုက်စားလုပ်တဲ့ လူတစ်ယောက်အနေနဲ့ ဒီဇာတ်ကားထဲမှာ ပါဝင်ထားတယ်။ အမှတ်တရတွေကတော့ အများကြီးပါပဲ။ ရီလည်းရီရတယ်။ ပင်လည်းပင်ပန်းခဲ့ပါတယ်။ နိုင်ငံခြား မင်းသမီး လစ်(ဘ)ဘီလည်း ပါတဲ့အတွက် စကားပြောရတဲ့အခါမှာ ချောချော မွေ့မွေ့တော့ မဖြစ်ဘူး။ တချို့ဟာတွေကျတော့လည်း ရုပ်ရှင်တွေရဲ့ အသုံးအနှုန်းတွေပါတော့ သေသေချာချာ နားလည်အောင် ရှင်းပြရတာမျိုးတွေ ရှိတယ်။ အဓိကကတော့ ဘာသာစကား အခက်အခဲပါပဲ။ ဒီဇာတ်ကားက ဟာသဆိုပေမယ့် ပရိတ်သတ်တွေအတွက် အသိတစ်ခုခု ရရှိမှာပါ”ဟု ပြောသည်။

 

 

အဆိုပါ ဇာတ်ကားတွင် ပြေတီဦး၊ စိုးမြတ်သူဇာ၊ အင်္ဂလန်မင်းသမီး- လစ်(ဘ)ဘီ (LIBBY JENNINGS)၊ မိုးဒီ၊ ဗေလုဝ၊ ခင်လှိုင်၊ ဧရာတို့နှင့် အခြားသော အနုပညာရှင်များပါဝင်ပြီး ယုံကြည်မှု လွန်ကဲခြင်းနှင့်  လောဘကြီးခြင်းတို့ကြောင့် လူမှုဘဝပတ်ဝန်းကျင်တွင် အလိမ်အညာ ခံရနိုင်ပုံတို့ကို ပညာပေးအနေဖြင့် ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။

 

 

သရုပ်ဆောင် ဧရာက မိမိသည် ယင်းဇာတ်ကားတွင် ပြင်ပကအတိုင်း ဇာတ်ပို့ဇာတ်ရံ တစ်ယောက်အနေဖြင့် ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်ပြီး ဇာတ်ကားတွင်ပါဝင်သည့် လိမ်လည်မှုများသည် လက်ရှိခေတ်ကာလတွင် ဖြစ်ပျက်နိုင်သည့် အကြောင်းအရာများနှင့် နီးစပ်နိုင်ကြောင်း၊ လိမ်လည်လှည့်ဖြားကာ ကွက်ကျော်ရိုက်တက် သူတို့၏ တချို့အကြောင်း အရာများကို ဟာသအမြင်ဖြင့် တင်ပြထားပြီး ဒါရိုက်တာအနေဖြင့် အသိပညာပေးသည့် သဘောဖြင့် ရိုက်ကူးတင်ဆက် ထားခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။ 

 

 

ယင်းဇာတ်ကားတွင် ထူးခြားမှုအနေဖြင့် အင်္ဂလန်မင်းသမီး- လစ်(ဘ)ဘီ (LIBBY JENNINGS) ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေအနီးရှိ ကျွန်းတစ်ကျွန်းတွင် ရိုက်ကူးထားမှုများလည်း ပါဝင်ကြောင်း သိရသည်။

 

 

အင်္ဂလန်နိုင်ငံမှ သရုပ်ဆောင် လစ်(ဘ)ဘီ က``မြန်မာဇာတ်ကားမှာ နိုင်ငံခြားသူ တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရတာ ပျော်စရာကောင်းပါတယ်။ ဒီဇာတ်ကားမှာတော့ မြစ်ထဲမှာရှိတဲ့ ခေါင်းလောင်းကြီးကို ဆယ်ယူဖို့အတွက် ပရိုဖက်ရှင်နယ် ရေငုပ်သမား တစ်ယောက်အနေနဲ့ ပါဝင်ထားတာပါ။ ကိုပြေတီဦးက ခင်စရာကောင်းသလို ပျော်ပျော်နေတက်တဲ့အတွက် တွဲပြီး အလုပ်လုပ်ရတာ ဝမ်းသာကျေနပ်ပါတယ်။ မြန်မာနိုင်ငံမှာ လာရိုက်ရတာ ပျော်စရာကောင်းပါတယ်။ ရွှေတိဂုံစေတီတော်ကို သွားရတာ စိတ်ချမ်းသာ ကြည်နူးမိပါတယ်´´ဟု ပြောသည်။

 

 

သရုပ်ဆောင် ခင်လှိုင်က ``ရိုက်စားလုပ်တဲ့ လူလိမ်တစ်ဦးအနေနဲ့ ပါဝင်ထားတာပါ။ ကျွန်တော်ကတော့ တပည့်တွေနဲ့ အောက်ခြေ လူတန်းစားကို လှည့်ပတ်ပြီးတော့ လိမ်တယ်။ ပြေတီဦးကလည်း သူ့တပည့်တွေနဲ့ ပိုက်ဆံချမ်းသာတဲ့ အပေါ်ပိုင်းအဆင့်ကို လိမ်တယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့တွေ ပေါင်းမိပြီးတော့ ဂွင်ကြီးကြီး နှစ်ခုကိုလိမ်ကြတာပါ။ မြန်မာတွေက အားနာတတ်တယ်။ ရိုးသားတယ်။ အဲဒီအတွက် လူလိမ်တွေက အားနည်းချက်တစ်ခုအဖြစ် အသုံးချသွား တာမျိုးပါ။ လူတွေရဲ့စိတ်ထဲမှာ ယုံကြည်ရာ ကိုးကွယ်ရာတွေ များတဲ့အခါမှာ မေ့လျော့ပြီးတော့ ကိုယ်တိုင်အလိမ်အညာ ခံနေရတယ် ဆိုတာကို သတိချပ်စေချင်တဲ့ သဘောပါ ´´ ဟု ပြောသည်။

 

 

နိုင်ငံခြားမင်းသမီး ပါဝင်သည့်အပြင် ပြည်ပ၌ သွားရောက်ရိုက်ကူးရာတွင် ဘာသာစကား အခက်အခဲ များကြုံတွေ့ရသဖြင့် အင်္ဂလိပ်နှင့် ထိုင်းဘာသာစကားများကို သင်ယူတော့ မည်ဖြစ်ကြောင်း၊ မြန်မာ့ရုပ်ရှင်လောက၏ အနာဂတ်တွင်လည်း နိ်ုင်ငံတကာနှင့် ဆက်သွယ်ကာ ရိုက်ကူးမှုများ ပြုလုပ် ကြတော့မည့် အလားအလာများ ရှိနေသဖြင့် သရုပ်ဆောင်များအားလုံး ဘာသာစကားအရာတွင် တက်မြောက်ထားရန် လိုအပ်နေပြီဖြစ်ကြောင်း သရုပ်ဆောင်ခင်လှိုင်က သူ၏အတွေ့အကြုံအရ ဆိုသည်။

 

 

စီစဉ်ထုတ်လုပ်သူ မအေးအေးဝင်းက ``ရုပ်ရှင်ကားကြီး ရိုက်မယ်ဆိုတော့ ကိုမိုက်က သူအရင်တုန်းက ပေါက်ထားတဲ့ ရိုက်စားဆိုတဲ့ ကားလေးကို ရိုက်ချင်တယ်ဆိုလို့ ကိုမိုက် စဉ်းစားထားတဲ့ ဇာတ်လမ်းလေးကို ပြန်ရိုက်ဖြစ်တာပါ။ မင်းသားမင်းသမီး ရွေးချယ်မှုကိုတော့ ဇာတ်ပေါ်လိုက်ပြီး ရွေးချယ်ခဲ့တာပါ။ ဒီဇာတ်ကားရိုက်ကူးခဲ့တာ တစ်နှစ်ကျော် လောက်ရှိခဲ့ပါပြီ။ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေမှာ အဓိကထားပြီး ရိုက်ခဲ့တာပါ။ နိုင်ငံခြား မင်းသမီးကိုတော့ ဇာတ်လမ်း သဘောအရ ရွေးချယ်ခဲ့တာပါ´´ဟု ပြောသည်။

 

 

အဆိုပါဇာတ်ကားသည် လူအချင်းချင်း အထင်ကြီးအောင် ပြုလုပ်နေထိုင်ပြီး တစ်ဖက်သား၏ ယုံကြည်မှု လွန်ကဲမှုနှင့် လောဘကြီးမှုတို့ကို အားနည်းချက်တစ်ခုအဖြစ် အသုံးချကာ တစ်ဦးနှင့်တစ်ဦး လိမ်လည်တက်သည့် သဘောကို ရိုက်ပြထားခြင်းဖြစ်ကြောင်း သိရသည်။ 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်