ရိရေကန်ကို အခြေပြု၍ ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ဟိုတယ်တည်ဆောက်ရေး စီမံကိန်းများ ဆောင်ရွက်မည်

ရိခေါဒါရ်   ၁၀ နိုဝင်ဘာ 


ချင်းပြည်နယ် ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ ပူးပေါင်းကာချင်းပြည်နယ်သို့ ခရီးသွားဝင်ရောက်မှု ပိုမိုများပြားလာစေရန်နှင့် ပြည်နယ်၏ ဒုတိယမြောက်ခရီးသွားဒေသအဖြစ် ရိရေကန်အခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ရန်အတွက် ဟိုတယ် တည်ဆောက်ရေး စီမံကိန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှသိရသည်။


ချင်းပြည်နယ်၏ အထင်ကရ တစ်ခုလည်းဖြစ်၊ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်သော နေရာတစ်ခုလည်း ဖြစ်သည့်အသည်းနှလုံးပုံသဏ္ဍာန် ရိရေကန်သည် ချင်းပြည်နယ် အနောက် မြောက်ဘက် မြန်မာ-အိန္ဒိယနယ် စပ်မျဉ်းနှင့် နှစ်မိုင်အကွာ ဖလမ်းမြို့နယ်အတွင်း ရိခေါဒါရ်မြို့၏ မြောက်ဘက် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၂၉၆၆ ပေ၌ တည်ရှိပြီး ရိရေကန်ကိုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အတွက် ရေကန်သဘာဝပထဝီအနေအထား၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အကျိုးသက်ရောက်မှုများ ရှိနိုင်သည့် အခြေအနေနှင့် အနီးနားရှိ ကျေးရွာများအထိ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။

 

MDN

 

“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပြီးခရီးသွားလုပ်ငန်း ဖွံ့ဖြိုးအောင်လုပ်ဖို့ နေရာအနေအထားကိုတော့ အကြိုကွင်းဆင်း လေ့လာစစ်ဆေးခဲ့ပြီးပါပြီ။ရိရေကန်ကို ခရီးသွားဒေသအဖြစ် တိုးချဲ့နိုင်ဖို့ လမ်းပန်းဆက်သွယ်ရေးကို ပထမအဆင့် လုပ်ဆောင်နေပါတယ်။ ဟိုတယ်ဆောက်ဖို့နေရာ အတိအကျကိုတော့ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက လာရောက် ကြည့်ရှုပြီးဖြစ်လို့ မကြာခင်အတည်ပြုမှာပါ။ လောလောဆယ် ဟိုတယ်အတွက် ရင်းနှီးမြှုပ်နှံလိုသူ၊စိတ်ဝင်စားသူ ၁၀ ဦးလောက်ရှိနေပါတယ် ” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

 

လာမည့် ၂၀၁၈ ခုနှစ်အတွင်း ရိရေကန်ကို အာဆီယံရှေးဟောင်း အမွေအနှစ်ဒေသအဖြစ်အသိအမှတ်ပြု လာစေရန် ချင်းပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်နေသည့်အပြင် ယခုပွင့်လင်းရာသီမှ အစပြု၍ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ-အိန္ဒိယ နယ်စပ်မှ ဧည့်သည်များ၊ ပြည်တွင်းပြည်ပ ဧည့်သည်များ အနေဖြင့်ချင်းပြည်နယ် မြို့ကြီးများနှင့် အမှတ်တရ နေရာများ၊ ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်း ဖောင်ဆောင်လျက်ရှိသည့် ကျေးရွာများတွင် ညအိပ် လည်ပတ်နိုင်ရန်အထိ စီစဉ်ဆောင်ရွက်ထားကြောင်း ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ချင်းပြည်နယ်အနေဖြင့် လက်ရှိ အကောင်အထည် ဖော်လျက်ရှိသည့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို တီးတိန်မြို့နယ် လိုင်လိုးကျေးရွာမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ကာ လက်ရှိတွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ဆော်လောင်းကျေးရွာ၌ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) ကို ပြည်နယ်အစိုးရ ဦးဆောင်မှုဖြင့် ယခုနှစ် ဇန်နဝါရီလက ဖွင့်လှစ်ထားသည့်အပြင် ယခုအခါ ချင်းပြည်နယ်မြို့ကြီးများတွင် အဆင့်မီ ဟိုတယ်များ တည်ဆောက်လျက်ရှိပြီး ယခုပွင့်လင်းရာသီ၌ မြန်မာ - အိန္ဒိယ နယ်စပ် ရိရေကန်၊ ဟားခါး၊ တီးတိန်၊ ဖလမ်းမြို့တို့တွင် ပြည်တွင်းပြည်ပ ဧည့်သည်များတည်းခိုနိုင်ရန်ပုဂ္ဂလိက တည်းခိုရိပ်သာများ ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

နေစု(ချင်းရိုးမ)