ရီးယဲလ်မက်ဒရစ်အသင်း စပိန်လာလီဂါအမှတ်ပေးဇယားထိပ်တွင် ဆက်လက်ဦးဆောင်

ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါပွဲစဉ် ၂၁ အဖြစ် ဇန်နဝါရီ ၈ ရက် ညပိုင်းက ဗလင်စီယာ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါ အမှတ်ပေး ဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင် ခွင့်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၄၃ မိနစ်(ပင်နယ်တီ) နဲ့ ၈၈ မိနစ်မှာ တိုက်စစ်မှူး ဘင်ဇီမာက နှစ်ဂိုး၊ ပွဲကစားချိန် ၅၂ မိနစ်နဲ့ ၆၁ မိနစ်မှာ ဗီနီစီးယပ် ဂျူနီယာက နှစ်ဂိုးတို့ အသီးသီး သွင်းယူပေးခဲ့တာဖြစ်ပြီး ဗလင်စီယာအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန် ၇၆ မိနစ်မှာ ဂွန်ကာလိုဝီဒက်စ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဗလင်စီယာအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘင်ဇီမာဟာ လက်ရှိအချိန်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ သွင်းဂိုး စုစုပေါင်း ၃၀၁ ဂိုးအထိရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။

ဗလင်စီယာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် နည်းပြ အန်စလော့တီရဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါပွဲစဉ်မှာ အိမ်ကွင်းပွဲစဉ် ၂၇ ပွဲအထိ ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ရီးယဲလ် မက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာ ရမှတ်စုစုပေါင်း ၄၉ မှတ်ရရှိထားပြီး အမှတ်ပေးဇယားဒုတိယ နေရာက ဆီဗီလာအသင်းကို ရှစ်မှတ်ဖြတ်ကာ စပိန်လာလီဂါ အမှတ်ပေးဇယားထိပ်မှာ ဆက်လက် ဦးဆောင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဗလင်စီယာအသင်းကတော့ ရီးယဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ်စုစုပေါင်း ၂၈ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ဇန်နဝါရီ ၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသော စပိန်လာလီဂါပွဲစဉ်တွေမှာ လီဗန်တေး အသင်းက မာယော့ကာအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ရီးယဲလ်ဆိုစီဒက်အသင်းက ဆယ်လ်တာဗီဂိုအသင်းကို တစ်ဂိုး-ဂိုးမရှိ အသီးသီးအနိုင်ရရှိခဲ့ပြီး ဂရန်နာဒါအသင်းနဲ့ ဘာစီလိုနာအသင်းတို့ပွဲစဉ်မှာတော့ တစ်ဖက် တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်