ရီးယဲလ်ဆိုစီဒက်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ဇယားထိပ်တွင် ရှစ်မှတ်ဖြတ်ကာ ရီးယဲလ်မက်ဒရစ် ဦးဆောင်နိုင်ခဲ့

ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါပွဲစဉ် (၂၇)အဖြစ် ရီးယဲလ်ဆိုစီဒက်အသင်းနဲ့ မတ် ၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ ရီးယဲလ်ဆိုစီဒက်အသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါ အမှတ်ပေး ဇယားထိပ်မှာ ရှစ်မှတ်ဖြတ်ပြီး ရီးယဲလ်မက်ဒရစ်အသင်း ဆက်လက် ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။

အနိုင်ရရှိခဲ့

အဲဒီပွဲစဉ်မှာ ရီးယဲလ်ဆိုစီဒက်အသင်းဟာ ပထမပိုင်းပွဲကစားချိန် ၁၀ မိနစ်မှာ ရရှိခဲ့တဲ့ အိုယာဇာဘယ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင် ရရှိခဲ့ပေမယ့် အိမ်ရှင်ရီးယဲလ်မက်ဒရစ်အသင်းဟာ ပထမပိုင်းပွဲကစားချိန် မိနစ် ၄၀ မှာ ကာမာဗင်ဂါရဲ့ သွင်းဂိုး၊ ၄၃ မိနစ်မှာ လူကာမိုဒရစ်ရဲ့ သွင်းဂိုး၊ ဒုတိယပိုင်းပွဲကစားချိန် ၇၆ မိနစ်မှာ ဘင်ဇီမာရဲ့ ပင်နယ်တီသွင်းဂိုး၊ ၇၉ မိနစ်မှာ အဆန်စီယိုရဲ့ သွင်းဂိုးတွေရရှိခဲ့တာကြောင့် ရီးယဲလ် ဆိုစီဒက်အသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘင်ဇီမာဟာ အခုဘောလုံးရာသီအတွင်း စပိန်လာလီဂါ သွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့တာကြောင့် စပိန်လာလီဂါပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို ရီးယဲလ်မက်ဒရစ် အသင်းနဲ့အတူ တစ်ရာသီလာလီဂါ သွင်းဂိုး ၂၀ ပြည့်ခဲ့တာ လေးရာသီရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

ရီးယဲလ်ဆိုစီဒက်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် စပိန်လာလီဂါပွဲစဉ် ၂၇ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄၄ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် (၆) နေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက် ညပိုင်း ကယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသော စပိန်လာလီဂါပွဲစဉ်တွေမှာ အိုဆာဆူနာအသင်းက ဗီလာရီးယဲလ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ အက်စ်ပန်ညိုအသင်းက ဂီတာဖေး အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ဗလင်စီယာအသင်းက ဂရန်နာဒါအသင်းကို သုံးဂိုး-တစ်ဂိုး စသည်ဖြင့် ရလဒ် အသီးသီး ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်