ရေဦးမြို့၌ ကျောင်းဝန်းအတွင်း ဓာတ်တိုင်မှ ဝိုင်ယာကြိုးခိုးယူသူတစ်ဦး ဖမ်းဆီးရမိ 

ရေဦး ၂၂ ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ အ.ထ.က(၁) ကျောင်းဝန်းအတွင်းရှိ ဓာတ်တိုင်မှ သုံးထပ်ကျောင်းဆောင်သို့ သွယ်တန်းထားသော ဝိုင်ယာကြိုးခိုးယူသူအား ဖမ်းဆီးရမိခဲ့ကြောင်း ရေဦးမြို့မရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ ဇူလိုင် ၂၀ ရက်က ရေဦးမြို့ အ.ထ.က(၁) ကျောင်းဝန်းအတွင်းရှိ သုံးထပ်ကျောင်းဆောင်သို့ သွယ်တန်းထားသော ဝါယာကြိုး ၂၁၀ ပေခန့် ခိုးယူခံရကြောင်း တိုင်တန်းချက်အရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းရာ ရေဦးမြို့ အောင်ချမ်းသာရပ်ကွက်ရှိ ကိုကျော်ဝင်းအောင်၏ဆိုင်၌ အပိုင်းပိုင်းဖြတ်၍ ဝိုင်ယာကြိုးများ ခွာထားသည့် ကြေးကြိုးများ တွေ့ရှိသဖြင့် လာရောက်ရောင်းချသူအား မေးမြန်းရာ ကျော်စိုး (၄၆)နှစ် (ဘ) ဦးထွား အောင်ချမ်းသာရပ်ကွက် ရေဦးမြို့နေသူမှ လာရောက်ရောင်းချကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။


စစ်ဆေးပေါ်ပေါက်ချက်အရ ဝိုင်ယာကြိုး ခိုးယူသူ ကျော်စိုး (၄၆)နှစ်အား ရေဦးမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။


မိုးသောက် (ရွှေဘို)