ရေဦးမြို့ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း ရေးဆွဲခြင်း လုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ လျာထားဆောင်ရွက်သွားမည်ဟု ဒုတိယဝန်ကြီး ဦးကျော်လင်း ပြောကြား

နေပြည်တော်  ၂၉ ဇန်နဝါရီ

 

ရေဦးမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲခြင်း လုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ လျာထားဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။

 

ရေဦးမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းသည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ခုမှ ၂၀၂၀-၂၀၂၁ ခုနှစ်ထိ ငါးနှစ်စီမံကိန်းမှာ ထည့်သွင်းလျာထားပြီး ဖြစ်ပါတယ်။

 

အလားတူ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်းမှာ မူလလျာထားချက် မြို့များဖြစ်တဲ့ ဟုမ္မလင်း၊ ဒီပဲယင်း၊ ဘုတလင်မြို့များ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ရေးဆွဲရန် ကျန်ရှိခဲ့တဲ့ ကသာမြို့နှင့် ကောလင်းမြို့များရဲ့ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း ရေးဆွဲခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် စီမံလျာထားတယ်လို့လည်း ပြောပါတယ်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာဦးမင်းသိန်း မေးမြန်းသည့် မြို့ပြများ စနစ်တကျ ရေရှည်ဖွံဖြိုး တိုးတက်စေရန်၊ နေထိုင်မှု အဆင့်မြင့်မားစေရန်နှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းပေးနိုင်ရန်တို့အတွက် ရေဦးမြို့ မြို့ပြစီမံကိန်း ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ နှင့် ရှိပါက မည်သည့်အချိန်တွင် ဖော်ဆောင်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ စစ်ကိုင်းမြို့၊ မုံရွာမြို့၊ ရွှေဘိုမြို့၊ တမူးမြို့၊ ကလေးမြို့၊ လဟယ်မြို့များအား မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲခြင်း၊ ကလေးမြို့နယ်၊ တမူးမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ကလေးဝမြို့နယ်အတွင်းရှိ ကျေးရွာများ ပြန်လည်ထူထောင် နေရာချထားရေးစီမံကိန်း ရေးဆွဲခြင်း၊ ရွှေဘိုခရိုင် ကျောက်မြောင်း စီးပွားရေးဇုန် စီမံကိန်းရေးဆွဲခြင်း၊ မုံရွာမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ပြန်လည် ဆန်းစစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။

 

ထို့ပြင် မြို့ပြစီမံကိန်း ရေးဆွဲမည့် ဒေသ၏ လက်ရှိဖွံ့ဖြိုးမှု အခြေအနေနှင့် အရင်းအမြစ်များ၊ ဗဟိုနှင့် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၏ မူဝါဒနှင့် အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများ၏ လက်ခံနိုင်မှု အခြေအနေများအပေါ် မူတည်၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် ကိုက်ညီမှုရှိအောင် ရေးဆွဲရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

 

မြို့ပြစီမံကိန်းများ၊ ကျေးရွာစီမံကိန်းများ ရေးဆွဲရာမှာ လူဦးရေ၊ တည်နေရာ အကျယ်အဝန်း၊ မြေမျက်နှာပြင်သွင်ပြင်နှင့် ပထဝီ အနေအထား၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံများ၊ အလုပ်အကိုင် အခွင့်အလမ်း၊ လက်ရှိအိမ်ရာ အဆောက်အအုံများရဲ့ အခြေအနေ၊ သဘာဝ အရင်းအမြစ်များနဲ့ ထူးခြားတဲ့ ဝိသေသ လက္ခဏာများရှိတဲ့ သမိုင်းဝင်မြို့၊ ခရီးသွားလုပ်ငန်း အထူးပြုမြို့၊ အုပ်ချုပ်မှုမြို့၊ နယ်စပ်ကုန်သွယ်ရေးမြို့ စသည့်အချက်များကို အဓိကထည့်သွင်း စဉ်းစားဆောင်ရွက်တယ်လို့လည်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ဖြေကြားရာမှာ ပြောကြားခဲ့ပါတယ်။

 

မျိုးထက်ဦး(MDN)