ရွှေတွင်းယမ်းပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံးပြီး ၇ ဦး မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသ

ဗန်းမောက် ၁၀ မေ

 

ဗန်းမောက်မြို့နယ် ပန်းတောကျေးရွာ မန်ကျီးပင်လျှိုအနီး၌ တရားမဝင်ရွှေလုပ်ကွက်တွင် ယမ်းမိုင်များဖြင့် ကျောက်များခွဲယူလုပ်ကိုင်နေကြရာ မေ ၉ ရက် ည ၁၀ နာရီခန့်က ယမ်းပေါက်ကွဲမှုကြောင့် အသက်ရှူကြပ်၍ အမျိုးသား ၁ ဦး သေဆုံးပြီး ၇ ဦးအား မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ရကြောင်း ဗန်းမောက်မြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ဗန်းမောက်မြို့နယ် ပန်းတောကျေးရွာ မန်ကျီးပင်လျှိုနေရာ၌ တရားမဝင်ရွှေတွင်း လုပ်ကိုင်နေသူ ဦးလှိုင်ကြီးပိုင် အနက်ပေ ၂၀၀ ခန့် အကျယ် ၄ ပေခန့်ရှိ ရွှေတွင်း၌ ရွှေလုပ်ကိုင်နေစဉ် အနီးရှိ ပေ ၁၀၀ ခန့်အကွာအဝေးရှိ ဦးသားကြီး ပိုင်ရွှေတွင်းမှ မြေအောက် ၅ ပေခန့်ခြားမှ ယမ်းဖောက်ခွဲမှုကြောင့် ဦးလှိုင်ကြီး ကျင်းနှင့် တစ်ဆက်တည်းလိုဖြစ်နေ၍ ရွှေတွင်းလုပ်သား ၁၇ ဦးအနက်မှ ယမ်းပေါက်ကွဲမှုကြောင့် ရာဇာစိုးထက်ပါ ၈ ဦးမှာ အသက်ရှူကြပ်သောရောဂါများ ခံစားနေရသဖြင့် ဗန်းမောက်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသခံယူခဲ့ကြောင်း၊ ထိုသို့ ကုသနေစဉ် ရာဇာစိုးထက် (၁၈)နှစ် သေဆုံးပြီး ကျန်ရှိလူနာ အောင်အောင် (၂၇)နှစ်၊ မျိုးမင်းထွန်း (၂၁)နှစ်၊ ထွန်းနောင် (၁၉)နှစ်၊ ခင်မောင်ရီ (၂၅)နှစ်၊ သိန်းဇော်ဦး (၂၀)နှစ်၊ သန်းဇော်ဟိန်း (၁၈)နှစ်၊ စည်သူအောင် (၂၂)နှစ်တို့ ၇ ဦးမှာ သက်သာပျောက်ကင်းမှု မရှိသဖြင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသလျက်ရှိကြောင်း သိရှိရသည်။

 

တရားမဝင် ရွှေတွင်းလုပ်ကိုင်ရာတွင် အသုံးပြုသော ယမ်းနှင့် ဖောက်ခွဲပစ္စည်းများကြောင့် လူအသက်အန္တရာယ် ဖြစ်စေလောက်အောင် နာကျင်စေသော ဒဏ်ရာများရရှိစေခဲ့သူ ရွှေတွင်းပိုင်ရှင် ဦးလှိုင်ကြီး၊ ဦးသားကြီးနှင့် ယမ်းဖောက်ခွဲပစ္စည်းများ ဦးစီးလုပ်ကိုင်သူ သန့်ဇင် (၆)မိုင်ကျေးရွာ သပိတ်ကျင်းမြို့နယ်နေသူ (၃)ဦးအား ဗန်းမောက်မြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ငွေအိုး (ကသာ)