ရွှေတချောင်းမြောင်းအတွင်း၌ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

မတ္တရာ  ၃၀   မေ

 

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရွှေတချောင်းမြောင်းတွင် မေ ၂၉ ရက်နေ့က အမျိုးသားတစ်ဦး ရေနစ်သေဆုံးကြောင်း သိရသည်။

 

အမျိုးသားတစ်ဦး ရေနစ်သေဆုံးနေကြောင်း သတင်းအရ မတ္တရာမြို့မစခန်းမှ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ မတ္တရာမြို့ အနောက်ဘက်ရှိ အမှတ်(၄)ရပ်ကွက် ကူးတိုးဆိပ်ရပ်အနီး ရွှေတချောင်းမြောင်းအတွင်း၌ ကားဘောကွင်းအား ချိတ်ကိုင်ကာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေတွင်နစ်မြုပ်လျက် သေဆုံးနေသည်ကို တွေ့ရသဖြင့် စုံစမ်းစစ်ဆေးရာ သေဆုံးသူမှာ ကိုသက်ဇော်လင်း(၃၉)နှစ် အရန်မီးသတ်တပ်ဖွဲ့ဝင် အမှတ်(၃)ရပ်ကွက်နေသူဖြစ်ပြီး မွန်းလွဲ ၂ နာရီ အချိန်က အရက်သေစာများ သောက်စားမူးယစ်ပြီး ချောင်းသို့ ရေချိုးသွားမည်ဟု ပြောဆိုကာ ထွက်သွားကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူ ဒေါ်သိန်းသိန်းထံက သိရှိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံခြင်းဟုတ်မဟုတ် သိရှိနိုင်ရန် မတ္တရာမြို့မစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)