ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော်စုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကျင်းပ

ရန်ကုန် မေ ၂

သာသနာတော်နှစ် ၂၅၆၆-၆၇ ကဆုန်လပြည့် ဗုဒ္ဓနေ့အားရည်မှတ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် (၁၁၁၁၁)ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနား နှင့် ဆွမ်းဆန်တော်စုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်တွင် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဆရာတော် သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဧည့်ပရိတ်သတ်များက အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။

ထို့နောက် စောင်းပညာရှင် ဦးထွန်းဝဏ္ဏစိုးနှင့် တွဲဖက်၍ တေးသံရှင်ခိုင်ဇင်ရွှေ က "ဗုဒ္ဓရောင်ခြည် တော်ဘွဲ့ ထူးမခြားနား" သီချင်းခံ့ဖြင့် သီကျူးပူဇော်သည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒ ဆရာတော်အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်ရွတ်ပွားသရဇ္ဈာယ် တော်မူကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထား ရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဥပတ္ထမ္ဘကပြုလုပ်၍ ဆရာတော် သံဃာတော်များ ဦးဆောင်ကာ ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း၊ သံဃာတော် အရှင်မြတ်တို့အား ဆွမ်းဆန် စိမ်းလောင်းလှူပူဇော်ခြင်းတို့ကို ဆရာဒကာ အညီအညွတ် ပေါင်းစုပြုလုပ်ကြသည့် ကောင်းမှုမင်္ဂလာ အဖြာဖြာတို့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးတွင် မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူအပေါင်း၊ တိုင်းရင်းသား ပြည်သူအပေါင်းတို့ ဘေးဘယာဝေးကွာ၍ အေးငြိမ်းချမ်းသာရှိကြပြီး ကောင်းကျိုးလိုရာနှင့် ပြည့်စုံကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ဆရာတော်သံဃာတော် အရှင် သူမြတ်များအားလုံး သက်ရှည်ကျန်းမာစွာဖြင့် သာသနာအကျိုးကို သယ်ပိုး ထမ်းဆောင်တော်မူနိုင်ကြပါစေ၊ အလှူရှင်ပြည်သူများအနေဖြင့်လည်း သာသနာ တော်မြတ်ကြီးအတွက် ဝိုင်းဝန်းထောက်ပံ့လှူဒါန်း ပူဇော်နိုင်ကြပါစေ၊ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးသည်လည်း အဓွန့်ရှည်ကြာစွာတည်တံ့ ထွန်းလင်းပြန့်ပွားနိုင်ပါစေ၊ နိုင်ငံတော်တစ်ဝန်း၊ ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းသာယာဝပြော၍ ဝေစည်တိုးတက် အောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါကြောင်း လျှောက်ထားသည်။

ထို့နောက် ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများနှင့် ဇနီးများ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူ ဒါန်းကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇော တိကဓဇ ဒွိပိဋကဓရ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ ဆရာတော်အရှင်သူမြတ်က မပြည့်စုံမှု၊ မှားယွင်းမှုများရှိပါက ခွင့်လွှတ်သည်းခံတော်မူပါရန်အကြောင်း တောင်းပန်လျှောက် ထားပြီး နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် ရွှေတိဂုံစေတီတော် ဘဏ္ဍာ်တော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ) ပါဠိပါရဂူဘဒ္ဒန္တနာရဒါ ဘိဝံသ ဆရာတော်ထံမှတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်းအမျှ ပေးဝေကြပြီး "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍ ဗုဒ္ဓဘိသေက အနေကဇာတင်အခမ်းအနားကို ရွှေတိဂုံစေတီတော် အထက် ပစ္စယံ၌ ဆက်လက်ကျင်းပရာ ဆရာတော်သံဃာတော်(၁၁၁)ပါးနှင့် ပြည်သူ့ရင်ပြင်တွင် သီတင်းသုံးနေတော်မူကြ ဆရာတော်သံဃာတော်(၁၁၀၀၀) ပါးတို့က ဥဒါန်းပါဠိ တော်လာနည်းအတိုင်း ဗုဒ္ဓါဘိသိတ်သွန်းလောင်းတော်မူသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် ဇနီးများ၊ ဧည့်ပရိသတ်များက ရွှေတိဂုံစေတီတော်ရင်ပြင်တော်၌ ဆရာတော် သံဃာတော် (၁၁၁)ပါးနှင့် ပြည်သူ့ရင်ပြင်တွင် သီတင်းသုံးတော်မူကြသည့် ဆရာတော် သံဃာတော် (၁၁၀၀၀)ပါးတို့အား ဆွမ်းဆန် တော်များစုပေါင်းလောင်းလှူကြပြီး အနုပညာရှင်များက ဓမ္မပူဇာတေးသီချင်းများဖြင့် ပူဇော်ကန်တော့ကြကြောင်း သိရသည်။

သတင်းစဉ်