ရွှေတိဂုံစေတီတော်ကြီးနှင့် သိင်္ဂုတ္တရကုန်းမြေကြံခိုင်မှုအတွက် ပညာရှင်များလေ့လာနေ

ရန်ကုန် ၂၉ ဇူလိုင်

 

ရွှေတိဂုံစေတီတော်ကြီးနှင့် သိင်္ဂုတ္တရကုန်းမြေကြံခိုင်မှုအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပညာရှင်များပါဝင်သောအဖွဲ့က လေ့လာမှု့များ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

 

ရွှေတိဂုံစေတီ ကိုယ်လုံးတော်ကြံခိုင်မှုရှိရေးအတွက် စက်တင်ဘာလတွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး အခြားကြံခိုင်မှုများအတွက် ဦးစားပေးအစီအမံများ ရေးဆွဲလျက်ရှိကြောင်း ရွှေတိဂုံစေတီတော်ဂေါပကရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောကြားသည်။

 

လက်ရှိအချိန်တွင် အန္တရာယ်ဖြစ်လောက်သည့် အနေအထားမရှိခြင်းကြောင့် အရေးပေါ်ပြုပြင်ရမည့်နေရာ မရှိသေးကြောင်း သိရသည်။ မိုးတွင်းကာလ၌ ရေကြောင့်ပျက်စီးမှုများ မဖြစ်ပေါ်စေရေးအတွက် မိုးရွာနေသော အချိန်များတွင် ဦးစားပေးပြီး လာရောက်လေ့လာနေကြောင်း သိရသည်။

 

ရေဆင်းမြောင်းများ၊ မြေထိန်းမြောင်းများ ကောင်းမွန်နေသည့်အတွက် သာမန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အနက်မှ ဦးစားပေးလုပ်ကိုင် ဆောင်ရွက်မည့်လုပ်ငန်းကိုသာ အစီအမံများ ရေးဆွဲနေကြောင်း သိရသည်။ စေတီ တော်ကြီးရှိ မြေထိန်းနံရံများသည် ရှေးဘုရင်များလက်ထက်က စတင်ဆောက်လုပ်ခဲသောကြောင့် ဘိုးပိုင်စနစ်ကို အသုံးမပြုခဲ့သည့်အတွက် တာရှည်ခံရန် ဘိုးပိုင်စနစ်ကို ပြန်လည်အသုံးပြုရန် အစီအစဉ်များရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် အစိုးရဌာနများမှ အနားယူထားသောပညာရှင်ကြီးများ ပူးပေါင်းပါဝင်သောအဖွဲ့က ပြုပြင်ထိန်းသိမ်းရေးအတွက် လေ့လာလျက်ရှိသည်။ 

 

ထင်ပေါ်ဝင်း(ကမာရွတ်)

ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)

 

SHARE THIS ON SOCIAL MEDIA