ရေတာရှည် ၅ ဩဂုတ်
လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်သားရှားပါးမှုကြောင့် တောင်သူများအနေဖြင့် စက်ကိရိယာများကို အစားထိုးသုံးစွဲနေကြပြီဖြစ်ရာ အဆိုပါ စက်ကိရိယာများအား စနစ်တကျ မောင်းနှင် ထိန်းသိမ်းတတ်စေရန်ရည်ရွယ်လျက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် ၄၈ ထွန်စက်စခန်းနှင့် FARMERS CHOICE TRACTOR CO.Ltd တို့ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု အခြေခံသင်တန်းအား ဩဂုတ် ၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် စက်မှုလယ်ယာဦးစီးဌာန၊ သင်တန်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တောင်ငူခရိုင်စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီး မှူး ဦးသိန်းလွင်ဦး က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသား ၃၂ ဦးအား ဘာသာရပ်အလိုက် သင်ကြားပို့ချမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းကာလမှာ ၁၂ ရက်ဖြစ်ကြောင်း သိရသည်။
ကိုလွင်(ဆွာ)


