ရေရှည်တည်တံ့ခိုင်မြဲသည့် လူမှုစီးပွားအသိုက်အဝန်း

တောင်သူလယ်သမား စိုက်ပျိုးရေးလုပ်ကိုင်သူများအတွက် ရေသည် အဓိကကျသည့် အသက်သွေးကြောဖြစ်သည်။ မြေရှိသော်လည်း ရေမရှိပါကအသုံးမဝင်သော မြေရိုင်းလွင်ပြင်အဖြစ် တစ်မျှော်တစ်ခေါ် ဖြစ်နေတတ်သည့် နေရာများကို မြင်တွေ့တတ်သည်။ ရေရှားပါးသော ဒေသများတွင် ရေအတွက်အဝေခက်ပြီး တစ်ဦးနှင့်တစ်ဦး၊ တစ်ရွာနှင့်တစ်ရွာ ပဋိပက္ခများဖြစ်ပွားခဲ့သည်ကို ကြားသိဖူးကြ မည်ဖြစ်သည်။

 

အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ကမကထပြု၍ ဆောင်ရွက်ပေးနေသည်ကိုတွေ့ရသဖြင့် တောင်သူလယ်သမား စိုက်ပျိုးရေးလုပ်ကိုင်သူများအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါသည်။ တောင်သူလယ်သမား လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူများ စိုက်ရေးပျိုးရေး အဆင်ပြေစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရေလှောင်တမံ၊ ရေလွှဲဆည်၊ ရေတံခါး၊ ရေပေးမြောင်းနှင့် ရေထိန်းအဆောက်အအုံများ၊ လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများ၊ မြေအောက်ရေ ထုတ်ယူရေးလုပ်ငန်းများ၊ မြေအောက်ရေထိန်း ရေလှောင်တမံ လုပ်ငန်းများ စသည်ဖြင့် ရေအရင်းမြစ်များကို စုဆောင်းဖြန့်ဝေ ထုတ်လုပ်ပေးလျက်ရှိသည်။

 

နိုင်ငံတော်အစိုးရက နိုင်ငံတစ်ဝန်း၌ ဆည်မြောင်းတာတမံများ တည်ဆောက်ပေးပြီး တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက် ပေးနေသော်လည်း အချို့နေရာဒေသများတွင် ခွက်ဆင့်သောက် ရေလမ်းကြောင်းစနစ်၌ ဆည်ရေများလေလွင့်မှုနှင့် အဆင်မပြေမှုဖြစ်နေသည်ဟု သိရသည်။ ထို့ကြောင့် အဆင်ပြေမည့် နည်းလမ်းအမျိုးမျိုးဖြင့် ပြုပြင်စီမံဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့ရသည်။ ယခုအခါ ရေပေးဝေသည့်မြောင်းများ၊ အဆောက်အအုံများ ရေရှည်တည်တံ့ပြီး ရေပေးဝေမှုစနစ်များ တိုးတက်လာစေရေးအတွက် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်စုဖွဲ့ဆောင်ရွက်သည့် ဆည်ရေစီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဟု သိရသည်။

 

သက်ဆိုင်ရာတောင်သူလယ်သမားများစုဖွဲ့ကာ ဆည်ရေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ရန်အတွက် သက်ဆိုင်ရာရေသောက် မြောင်းများအလိုက် ရေအသုံးချသူများအဖွဲ့ (Water User Group – WUG) အဖွဲ့များ ကို ဖွဲ့စည်းခြင်း၊ အဆိုပါအဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့် ပိုမို ကျယ်ပြန့် အားကောင်းလာစေရန်အတွက် ရေအသုံးချသူများအသင်း (Water User Association – WUA)အဖြစ်သို့ အဆင့်မြှင့် တိုးချဲ့ဖွဲ့စည်းခြင်းများကို ဆောင်ရွက်နေပြီဖြစ်ရာ တောင်သူလယ်သမား စိုက်ပျိုးရေးလုပ်ကိုင်သူများ ရေအတွက် အခက်အခဲမရှိဘဲ အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။

 

ဆည်ရေပေးဝေမှုကဏ္ဍ၌ ယခင်က အဆင်မပြေမှုနှင့်ကြုံတွေ့ခဲ့ရသည်ကို ပြေလည်စေရန်အတွက် သက်ဆိုင်ရာ ဌာနများနှင့် ဆည်ရေအသုံးချသူ တောင်သူလယ်သမားများကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်သည့်စနစ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ “ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် (Participatory Irrigation Management – PIM)”ကို တည်ထောင်ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်သည်။ ယခုစနစ်သည် တောင်သူလယ်သမားများကိုယ်တိုင် ပါဝင်စီမံ ဆောင်ရွက်ကြရသောကြောင့် တောင်သူအချင်းချင်းကြားတွင် ရေကြောင့်ဖြစ်ပွားရသော ပဋိပက္ခများကင်းဝေးခြင်း၊ ဆည်ရေကို အကျိုးရှိစွာအသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ရေအလေအလွင့် နည်းပါးပြီး ဆည်ရေစိုက်ဧရိယာများကို ပိုမိုတိုးချဲ့၍ ရေပေးဝေလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိလာကာ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ အဆင်ပြေကောင်းမွန်လာမည်ဖြစ်သည်။

 

ဆည်ရေပေးဝေမှုစနစ်များတွင် တောင်သူလယ်သမားများအနေဖြင့် အသင်း အဖွဲ့များဖွဲ့စည်း၍ ညီညီညွတ်ညွတ်ဖြင့် စုပေါင်းဆောင်ရွက်သည့် အလေ့အထကောင်းများ ထွန်းကားမည်ဆိုပါက လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအတွက် သာမက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုထိရောက်စွာ ပူးပေါင်း ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။ ကျေးလက်နေပြည်သူများအကြား အချင်းချင်းလက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းကြောင့် ချစ်ခင်ရင်းနှီးမှုများ တိုးတက်ရရှိလာမည်ဖြစ်ပြီး လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးတက်ဆောင်ရွက် လာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အကျိုးတူ လယ်ယာစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယင်းကဲ့သို့ အသင်းအဖွဲ့များရှိလာသဖြင့် တောင်သူလယ်သမားများဘဝ ပိုမိုအကျိုးဖြစ်ထွန်းလာမည် ဖြစ်သည်။

 

သို့ဖြစ်ရာ တောင်သူလယ်သမားဦးကြီးများအနေဖြင့် သီးခြားလုပ်ကိုင်နေသည့် အခြေအနေမှ စုပေါင်းလုပ်ကိုင် စီမံဆောင်ရွက်တတ်သည့် အခြေအနေကောင်းများ ဖြစ်ပေါ်လာပြီး အသင်းအဖွဲ့များမှတစ်ဆင့် နိုင်ငံတော်၏စီးပွားရေး တိုးတက်ဖွံ့ဖြိုး စေရေးအတွက် တစ်ဖက်တစ်လမ်းက ဆောင်ရွက်လျက်ရှိကြသည့် အစိုးရမဟုတ်သော စီးပွားရေးနှင့် လူမှုရေးအဖွဲ့အစည်းများ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ကာ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်လာသည့် စီးပွားရေးအသိုက်အဝန်းကြီး ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ