ရေပူစမ်းတွေမှာ မျောက်တွေလည်း ရေစိမ်ရင်း အပန်းဖြေလေ့ရှိကြကြောင်း လေ့လာတွေ့ရှိ

၄ ဧပြီ

 

ဂျပန်နိုင်ငံ အလယ်ပိုင်းက တောရိုင်းတိရစ္ဆာန် မျောက်တွေဟာ အေးမြတဲ့ ရာသီဥတုမှာ သူတို့ရဲ့ စိတ်ဖိစီးမှုတွေကို ရေပူစမ်း အတွင်းမှာ ရေစိမ်ဖြေလျော့လေ့ ရှိကြကြောင်း လေ့လာမှု တစ်ရပ်မှာ တွေ့ရှိရတယ်လို့ သိပ္ပံပညာရှင် တစ်စုက ဆိုပါတယ်။

 

ကျိုတိုတက္ကသိုလ် ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနဌနက ရာဖေးလာ ဆာယူရီ တာကီရှီတာ ဦးဆောင်တဲ့ အဖွဲ့ဟာ နာဂါနိုစီရင်စုမှာရှိတဲ့ ဂျီဂိုကူဒါနီမျောက်ဥယျာဉ်က မျောက်ပေါင်း ၁၂ ကောင်ကို လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

 

ဥယျာဉ်အတွင်းမှာရှိတဲ့ မျောက်ရိုင်းတွေဟာ ရေပူစမ်းတစ်ခုမှာ ရေစိမ်လေ့ရှိကြတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ မျောက်တွေဟာ နွေရာသီထက် ဆောင်းရာသီ ကာလမှာ ရေပူစမ်းတွေအတွင်း ရေစိမ်ချိန် ကြာမြင့်တာကိုလည်း သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 

ဆောင်းရာသီ ကာလအတွင်း စုဆောင်းထားတဲ့ တိရစ္ဆာန်တွေရဲ့ မစင်တွေထဲမှာ တွေ့ရတဲ့ ဂလူကိုကော်တီကွိုက်စ်လို့ခေါ်တဲ့ ဟော်မုန်းတွေရဲ့ သိပ်သည်းဆကိုလည်း သုတေသနအဖွဲ့ဟာ တိုင်းတာခဲ့ပါတယ်။ စိတ်ဖိစီးမှုတွေ ရှိလာတဲ့အခါ ဂလူကိုကော်တီကွိုက် သိပ်သည်းဆ အဆင့်ဟာ မြင့်တက်လာတာ ဖြစ်ပါတယ်။

 

သုတေသီတွေရဲ့ ပြောကြားချက်အရ မျောက်တွေ ရေမစိမ်တဲ့ အချိန်နဲ့  နှိုင်းယှဉ်ကြည့်ရာ သူတို့ရေချိုး ရေစိမ်နေတဲ့ အချိန်မှာ ပျမ်းမျှအားဖြင့် သိပ်သည်းဆရဲ့ ၂၀ ရာခိုင်နှုန်းခန့် လျော့နည်းနေတယ်လို့ သိရပါတယ်။

 

ရေချိုး၊ ရေစိမ်ခြင်းဟာ မျောက်တွေရဲ့ ကျန်းမာရေးနဲ့ မျိုးပွားရေးမှာ အဓိက သက်ရောက်မှု ရှိတယ်လို့ တာကီရှီတာ က ပြောကြားခဲ့ပြီး  မျောက်တွေ ရေမချိုးခင် အချိန်နဲ့ ရေချိုးပြီး အချိ်န် သူတို့ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ပြောင်းလဲမှုကို သူဟာ စူးစမ်းစုံစမ်းဖို့ ဆန္ဒရှိကြောင်း ပြောပါတယ်။

 

(MDN)
ကိုးကား-အင်န်အိတ်ချ်ကေ