ရွှေပြည်သာမြို့နယ်တွင် "စု"အသက်မွေးဝမ်းကျောင်းသိပ္ပံ ဖွင့်လှစ်

ရွှေပြည်သာမြို့နယ်တွင် "စု"အသက်မွေးဝမ်းကျောင်းသိပ္ပံကို ဒီဇင်ဘာလ ၁၅ ရက်က ရွှေပြည်သာမြို့နယ် အမှတ် ၁၂ ရပ်ကွက် ခရေလမ်းအမှတ် ၆၅  ရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးလင်းနိုင်မြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး  လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့က တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေပြည်သာမြို့နယ်တို့ ပူးပေါင်း၍ "စု"အသက်မွေးဝမ်းကျောင်းသိပ္ပံကို ဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေခံလျှပ်စစ်ပညာသင်တန်းကိုလည်း သင်တန်သားဦးရေ ၅၀ ဖြင့် ၂ လ ကြာ ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

"ဒီနေ့က သင်တန်းကျောင်း ဖွင့်ပွဲလုပ်တာပါ။  သင်တန်းကတော့ တနင်္လာနေ့မှာစပါမယ်၊ ရုံးဖွင့်ရက်တိုင်း သင်တန်းချိန်မနက် ၉ နာရီ မှ ၁၁ နာရီထိ သင်ကြားပေးသွားမှာပါ။  ပညာရေးကွန်ယက်က စီစဉ်ပေးတဲ့ နည်းပြဆရာတွေလာပြီး သင်ကြားပြသသွားမှာပါ"ဟု ရွှေပြည်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်မြမြဝင်းကပြောခဲ့သည်။

 

ဒီသင်တန်းပြီးသွားရင် တခြားသင်တန်းတွေလည်း ဆက်တိုက်ဖွင့်သွားနိုင်အောင် စီစဉ်ထားပါတယ်။ သင်တန်းပြီးသွားတာနဲ့ တစ်ခါထဲ အလုပ်ဝင်နိုင်အောင် ချိတ်ဆက်ထားတာတွေ ရှိပါတယ်။ ပညာရေးကွန်ရက်အနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာ "စု"အသက်မွေးဝမ်းကျောင်း သိပ္ပံကျောင်း အနေနဲ့ဖွင့်တာ ဒီကျောင်းဟာ ဒုတိယမြောက်ကျောင်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်မှာ  ဇန်နဝါရီ ၃၀ ရက်က ပထမဆုံး ကျောင်းအနေနဲ့ ဖွင့်ထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် အနေနဲ့ကတော့ ဒီတိုင်းတွင်းမှာ တခြားကျောင်းပေါင်း ၃၂ ကျောင်းနဲ့ နယ်ဘက်တွေမှာ ၄၀ ကျော်ဖွင့်ထားပြီးပါပြီ၊ ဒီအထဲမှာထက်ဝက်  ကျော်လောက်က အသက်မွေးဝမ်းကျောင်း သင်တန်းတွေ ပါဝင်ပါတယ်" ဟု NLD ပညာရေးကွန်ယက်မှ ညှိနှိုင်းရေးမှူးဖြစ်သူ ဦးအောင်လင်းနိုင်က မီဒီယာများကို ပြောပြခဲ့သည်။

 

သင်တန်းကျောင်းဖွင့်ပွဲသို့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဗေလုဝနှင့် ဟာသသရုပ်ဆောင် မောင်မေတ္တာတို့လည်း တက်ရောက်ခဲ့ပြီး မုဒိတာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်-မျိုးမင်းသိန်း(မရမ်းကုန်း)

 

ဓာတ်ပုံ-မျိုးကြီး