ရေပိုက်တွေသွယ်ပြီး တောက်လျှောက်မိုးရွာသလိုမျိုး ရေဖျန်းဖို့အစီအစဉ်ကို ဒီနေ့မနက်မှာ စတင်ဆောင်ရွက် နေပါတယ်။

ဆေးရည်နဲ့ ပက်ဖျန်းနိုင်ဖို့အတွက်လည်း ပြင်ဆင်နေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တိုက်ရိုက် ကြီးကြပ်နေပါတယ်။

 

ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက စတင်လောင်ကျွမ်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမီးသည် ဧပြီလ ၂၅ ရက် ၄ ရက်မြောက်နေ့တွင် ဆက်လက်မကူးစက်နိုင်အောင် ထိန်းထားနိုင်ပြီး ၈ဝ ရာခိုင်နှုန်း ငြှိမ်းသတ်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

 

အဓိကအခက်အခဲနှင့် စိန်ခေါ်မှုပြဿနာတစ်ခုဖြစ်နေသော မီးခိုးထွက်မှု နည်းနိုင်သမျှ နည်းသွားပြီး အပြီးသတ်ငြိမ်းသွား သည်အထိ ဖြစ်အောင်လည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။ တိုင်းဒေသကြီး အစိုးရအနေဖြင့် ရေပိုက်များကို သွယ်တန်းကာ တောက်လျှောက်မိုးရွာသကဲ့သို့ ရေဖျန်းမည့်အစီအစဉ်ကို ယနေ့နံနက်တွင် စတင်ဆောင်ရွက်လျက်ရှိပြီး ဆေးရည်နှင့် ပက်ဖျန်းနိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိုသည်။

 

ထိုသို့စီစဉ်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် သတင်းစဉ်က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

 

မေး ။ ။ လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးလောင်မှုနဲ့ ပတ်သက်ပြီး လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘယ်လိုဆောင်ရွက်နေပါသလဲ။

 

ဖြေ ။ ။ ထိန်ပင်အမှိုက်ပုံမီးလောင်မှုကိစ္စက ဧပြီလ ၂၁ ရက်နေ့မှာ မီးလောင်ကျွမ်းမှု စဖြစ်ပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းက အမှိုက်ပုံက နှစ်ကြာလာတာနဲ့အမျှ အမှိုက်ပုံ ရဲ့အောက်မှာ မီသိန်းဓာတ်ထွက်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း ဖြစ်ပါတယ်။ အဲဒီအငွေ့တွေကို ထွက်သွားအောင် လုပ်ပစ်ရ ပါတယ်။ မီသိန်းဓာတ်ငွေ့ကိုထုတ်ဖို့ လျှပ်စစ်ထုတ်လုပ်နေတဲ့ နိုင်ငံတကာမှာဆိုရင်တော့ ဒီအခြေအနေကို လုပ်နိုင်ပါတယ်။ အမှိုက်ကိုစနစ်တကျ ဖျက်ဆီးပစ်ပြီးတော့ စွမ်းအင်သုံးစွဲနိုင်ဖို့ မဆောင်ရွက်နိုင်သေးတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမီသိန်းကနေ မီးလောင်ခြင်း ဖြစ်ပါတယ်။ မီးလောင် မှုစဖြစ်တဲ့အချိန်မှာ မီးကိုထိန်းသိမ်းဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အမှိုက်ပုံကအလွန်အင်မတန် ကြီးပါတယ်။ ဧက ၁ဝဝ လောက် အတွင်းမှာ မီးလောင်ကျွမ်းမှုဖြစ်နေပါတယ်။ ဒီမီးလောင်ကျွမ်းမှု ဖြစ်တယ်ဆိုတာက အပေါ်ကနေ သိရတာ မဟုတ်ပါဘူး။ အောက် ကနေ တငွေ့ငွေ့လောင်နေရာကနေ စပြီးလောင်တာပါ။ အငွေ့ ထွက်လာတော့မှ အခြေအနေတစ်ခုကို သိရတာဖြစ်ပါတယ်။ ဒီမီးငြှိမ်းသတ်ဖို့ကို သတိထားပြီး ဆောင်ရွက် ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အချို့အောက်မှာ မီးလောင်ထားပြီး အပေါ်ကနေ ပုံမှန်အခြေအနေပဲ ရှိနေသေးတဲ့ အခြေအနေ ထင်ပြီး နင်းမိလိုက်မယ်ဆိုရင် အောက်ကို ကျွံကျသွားနိုင်ပါတယ်။ ဒါကို သတိထားပြီး ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ မီးကိုငြှိမ်းသတ်လာခဲ့တာ မီးသတ်အင်အားရယ်၊ အရန် မီးသတ် အင်အားနဲ့ ရဲတပ်ဖွဲ့အင်အားတွေရယ် မီးငြှိမ်းသတ်ဖို့ ဆောင်ရွက်နေပါတယ်။

 

မကူးစက်အောင်ထိန်းထားနိုင်

 

မီးငြှိမ်းသတ်တဲ့နေရာမှာလည်း စနစ်တကျ တော်တော်ကို ဆောင်ရွက်ရပါတယ်။ ဘာကြောင့်လဲဆိုရင် ရေမှာပါလာတဲ့ အောက်ဆီဂျင်ကနေတစ်ဆင့် မီးကိုထပ်ပြီး တိုးမလာအောင် စနစ်တကျပိုင်းဖြတ်ပြီး လုပ်ရပါတယ်။ ကျွန်တော်တို့ အခက်အခဲ ဖြစ်နေတဲ့ စိန်ခေါ်မှုပြဿနာကတော့ မီးခိုးပြဿနာပါပဲ။ မီးကိုမကူးစက်နိုင်အောင် ထိန်းထားနိုင်ပြီး မီးလောင်ကျွမ်းမှုကို ၈ဝ ရာခိုင်နှုန်းလောက် ငြှိမ်းသတ်နေပြီ၊ ဒါပေမယ့် ဒီအခြေအနေ ပေါ်မှာ ဂက်စ်ကလည်း တစ်ဖက်က ထွက်နေသေးတယ်။Biofoam ဆေးရည်နဲ့ ငြှိမ်းသတ်ဖို့ လုပ်နေပါတယ်။ ဒါပေမယ့် ဒီအခြေအနေအတွက် လုံလောက်တဲ့ အနေအထားတစ်ခု မရောက်သေးဘူးဖြစ်နေတယ်။ မီးခိုးက ထွက်နေသေးတော့ ပတ်ဝန်းကျင်ကိုထိခိုက်မှု ရှိလာပါတယ်။ ပထမပိုင်းမှာ မြို့တော်ဝန်၊ လုံခြုံရေးဝန်ကြီးတို့က မြေပြင်မှာ အနီးကပ် ကြီးကြပ်ပြီးတော့ ဒီအခြေအနေကို ကျွန်တော်တို့ ဆောင်ရွက် နေပါတယ်။ ကျန်းမာရေးအရလည်း တစ်ဖက်ကနေ ဝန်ဆောင်မှု ပေးနေပါတယ်။ အသက်ရှူမဝလို့ဆိုပြီး ရောက်လာတဲ့ အခြေ အနေမျိုးတွေလည်း ရှိပါတယ်။ အောက်ဆီဂျင်ရှူပြီး ခဏ လောက်နဲ့ ပြန်ကောင်းသွားတာမျိုး ရှိပါတယ်။ ၁၃ ဦးလောက် ကတော့ အတွင်းလူနာအဖြစ် တင်ထားပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆေးရုံတင် ကုသ ထားရတဲ့ အခြေအနေမျိုးရှိပါတယ်။ ဒါတွေကို ကာကွယ်လုပ်ပေး ဖို့ ပြင်ဆင်ဆောင်ရွက်ထားတယ်။

 

ကိုယ်တိုင်တိုက်ရိုက်ကြီးကြပ်

 

အခု မီးလောင်မှုအခြေအနေက ၄ ရက်လောက် ရောက်လာ ပြီဖြစ်တဲ့အတွက် ဒါကို ကျွန်တော်တို့ နောက်ထပ်ပုံစံတစ်ခု ပြောင်းလဲဆောင်ရွက်ဖို့ ပြင်ဆင်ပါတယ်။ ဒီဟာကို ဘယ်လို ပြင်ဆင်လဲဆိုရင် မီးကို မီးသတ်ကားနဲ့ ငြှိမ်းနေတာနဲ့စာရင် ရေပိုက်တွေသွယ်ပြီး တောက်လျှောက် မိုးရွာသလိုမျိုး ရေဖျန်းဖို့ ဒီအစီအစဉ်ကို ဒီနေ့မနက်မှာစတင် ဆောင်ရွက်နေပါတယ်။ ပထမတော့ မီးသတ်ကားနဲ့ပက်တယ်၊ အခု ကျွန်တော်တို့ ရေပိုက် ခြောက်လုံးထိုင်ပြီး တစ်ပြိုင်နက်တည်း ရေကိုဖျန်းဖို့ လုပ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တိုက်ရိုက်ကြီးကြပ်နေပါတယ်။ ဒီထက်ပိုပြီး စနစ်တကျဖြစ်စေနိုင်ဖို့အတွက် ဒရုန်းနဲ့ အပေါ်က ရိုက်ပါမယ်။ ရိုက်ပြီး လိုတဲ့နေရာ ရေကိုရောက်အောင်လည်း တကယ့်ကို မီးငြိမ်းသတ်ရမယ့်နေရာကို သတ်ဖို့ကြိုးစားပါမယ်။ ဒီအခြေအနေကို ကျွန်တော်တို့ ကြိုးစားရင်းနဲ့အတူ တစ်ဖက်က ဆေးရည်နဲ့ ပက်ဖျန်းနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ပြင်ဆင် နေပါတယ်။

 

ထိုင်းနိုင်ငံကBiofoam ဆေးရည်မှာယူ

 

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှာရှိတဲ့ ဆေးရည်လောက်နဲ့ပဲ ပက်ဖျန်းရတာဖြစ်တဲ့အတွက် အခက်အခဲရှိပါတယ်။ ဒါကြောင့် နိုင်ငံခြားကနေ ဒီဆေးရည်ကို မှာယူထားပါတယ်။ မှာယူထားပြီး ဒီနေ့ ရေနဲ့ငြှိမ်းသတ်လို့မှ အဆင်မပြေရင် မနက်ဖြန်မှာ ဆေးရည် နဲ့ ငြှိမ်းသတ်နိုင်ဖို့ ထိုင်းနိုင်ငံကနေBiofoam ဆေးရည်ကို မှာယူထား ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဆောင်ရွက် သွားဖို့ ကျွန်တော်ပြင်ဆင်နေပါတယ်။ တစ်ဖက်ကလည်း ကျန်းမာရေးဝန်ဆောင်မှုကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။ ပြင်ဆင်ပါတယ်။ မီးခိုးသိပ်များတဲ့နေရာတွေမှာ နေထိုင်နေကြတဲ့ အသက် ကြီးတဲ့သူတွေဆိုရင် သက်သောင့်သက်သာဖြစ်နိုင်တဲ့ နေရာကို နေနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ မီးသတ်တပ်ဖွဲ့ရော၊ ရဲတပ်ဖွဲ့ရောအပြင် တပ်မတော်ကလည်း ပါဝင်လာပြီး လူထုကို ကျန်းမာရေးအရ ဝန်ဆောင်မှုပေးနိုင်ဖို့ရော၊ မီးငြှိမ်းသတ်ဖို့ အတွက်ရော အထောက်အကူဖြစ်နိုင်ဖို့ ဝင်ရောက်ကူညီဆောင် ရွက်နေတာတွေ ရှိပါတယ်။ ပစ္စည်းယ္တရားတွေရော၊ လူအားနဲ့ ရော ပါဝင်ကူညီ ဆောင်ရွက်ပေးနေတဲ့ အခြေအနေမျိုးရှိပါတယ်။ ဒါက သဘာဝဘေးအ္တရာယ်တစ်ခုဖြစ်ပါတယ်။ ဒီကိစ္စကို စနစ် တကျ ကိုင်တွယ်ဆောင်ရွက်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။

 

အဓိက မြူနီစီပယ်ပိုင် အမှိုက်ပုံဖြစ်တဲ့အတွက် စည်ပင် သာယာက အင်နဲ့အားနဲ့ ကြိုးစားဆောင်ရွက်နေပါတယ်။ မီးကို မထိန်းချုပ်ထားနိုင်တာ မဟုတ်ဘူး။ ထိန်းချုပ်ထားနိုင်တယ်။ ဒါပေမယ့် မီးခိုးသေသွားလောက်အောင် အထိ လုပ်ဖို့ဖြစ်ပါတယ်။ နောက်ထပ်နည်းပညာတစ်ခုကတော့ မီးလောင်နိုင်စွမ်းကို ခံနိုင်တဲ့ ပိတ်တွေနဲ့ အပေါ်ကနေအုပ်ပြီး အပေါ်ကနေ ရေကိုလောင်းချ ပေးနေမယ်ဆိုရင် တဖြည်းဖြည်း အောက်ဆီဂျင်ရရှိမှု နည်းသွား နိုင်တဲ့ နည်းလမ်းတစ်ခု။ အဲဒီနည်းလမ်းတစ်ခုကိုလည်း စဉ်းစား ထားပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေကို မီးကြောင့် အ္တရာယ် ဖြစ်နိုင်မယ့် အခြေအနေတွေ မရှိတော့ဘူး။ ဒါပေမယ့် မီးကြောင့် ဖြစ်နေတဲ့ မီးခိုးငွေ့တော့ ရှိနေသေးတယ်။ အဲဒီမှာ အသက်ကြီး တဲ့သူတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေအတွက် ဒီလို ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်မှု တစ်ခုခုဖြစ်သွားမှာ စိတ်ပူပါတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

လုံခြုံရေးတိုးမြှင့်ထား

 

ကျန်းမာရေးဝန်ဆောင်မှုကိုလည်း အပြည့်အဝပေးမှာ ဖြစ်ပါတယ်။ မီးငြှိမ်းသတ်မှုကိုလည်း ဒီထက်ပိုမို ကောင်းမွန်တဲ့ နည်းလမ်းတွေကို ကျင့်သုံးပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လုံခြုံစိတ်ချရတဲ့ အခြေအနေ အတွက် လှိုင်သာယာမြို့နယ်တစ်ခု လုံးကို လုံခြုံရေးတိုးမြှင့်ထားပါတယ်။ ဒါဘာကြောင့်လဲဆိုရင် အဲဒီမှာစက်မှုဇုန်တွေလည်းရှိတယ်။ မလိုလားအပ်တဲ့ အကြောင်း အရာတွေ မပေါ်ပေါက်လာအောင် လုံခြုံရေးကိုတင်း$ကျပ်ထားတာ ဖြစ်ပါတယ်။ ဒီအခြေအနေအရပ်ရပ်ကို ထိန်းထားနိုင်ပြီလို့ ယုံကြည်ပါတယ်။ ပြည်သူလူထုကိုလည်း မီးနဲ့ပတ်သက်ပြီး စိုးရိမ် စရာအခြေအနေမရှိဘူး။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်း နိုင်ဖို့အတွက် မီးခိုးထွက်မှုကို နည်းနိုင်သမျှနည်းသွားပြီး ပြီးဆုံး သွားသည် အထိဖြစ်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါကို အသိပေးပြောကြားလိုပါတယ်။

 

မေး ။ ။ လတ်တလော အသက်ဆုံးရှုံးမှုဖြစ်တယ်လို့ သတင်းထွက်ပေါ်မှုတွေနဲ့ ပတ်သက်ပြီး သိပါရစေ။

 

ဖြေ ။ ။ မနေ့ကအထိ ၁၃ ဦး ဆေးရုံတင်ရတယ်လို့ သတင်းရပါတယ်။ မနေ့က အသက် ၆၁ နှစ်အရွယ်လောက်ရှိတဲ့ အမျိုးသမီးတစ်ဦး မွန်းကျပ်တယ်ဆိုပြီး အောက်ဆီဂျင်ပေးတယ်၊ သက်သာသွားတယ်။ အိမ်ပြန်သွားတယ်။ ဒီနေ့အဲဒီအမျိုးသမီး ဆုံးသွားတယ်လို့ ကြားသိရပါတယ်။ အသက်အရွယ်လည်း ရှိနေတယ်။ သူ့မှာ အခြားကျန်းမာရေးအခြေအနေ ရှိနေသေး လားဆိုတာ ကျန်းမာရေးကိုလှမ်းပြီး အကြောင်းကြားထားပါ တယ်။ ဆေးရုံဘက်ကနေ သူ့ရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး သတင်းပို့မှု မရောက်သေးပါဘူး။ ကျွန်တော်စိတ်ပူတာ က ဒီကိစ္စပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်မှာကျန်းမာရေးတစ်ခုခု၊ ရောဂါ တစ်ခုခုရှိနေတယ်ဆိုရင် လေကောင်းလေသန့်မရနိုင်တဲ့နေရာ သွားနေမိရင် ရောဂါကိုပံ့ပိုးလိုက်သလိုမျိုး ဖြစ်သွားမှာကို စိတ်ပူ ပါတယ်။ ဒီအခြေအနေအတွက် အနီးကပ်ပိုပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

 

မေး ။ ။ ဒီမီးလောင်မှုက ဘယ်နှရက်အတွင်းမှာ အဆုံးသတ်မယ်လို့ ထင်ပါသလဲ။

 

ဖြေ ။ ။ ဒီည ၈ နာရီမှာ အစည်းအဝေးထပ်လုပ်မှာဖြစ်ပါတယ်။ ပထမက ဌာနတစ်ခုချင်းကို ကျွန်တော်တို့က တိုက်ရိုက် ကွပ်ကဲပါတယ်။ အခု ဌာနတွေအားလုံးကို စုပေါင်းပြီး အစည်း အဝေးထိုင် ဆုံးဖြတ်ချက်ချပြီးလုပ်တဲ့ အခြေအနေမျိုးအထိ လုပ်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒီည ၈ နာရီမှာ အခြေအနေတစ်ခုကို ထပ်ပြီးလုပ်ဖို့ရှိပါတယ်။ ယခင်က မီးသတ်ကားနဲ့ပက်နေတဲ့ အခြေအနေကနေ ပိုက်တွေနဲ့ ရေအလုံးအရင်းနဲ့ ရေကိုချဖို့ ဒီနေ့ ပြင်ဆင်နေပြီဖြစ်တဲ့အတွက် ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုအဖြေထွက်မယ်ဆိုတာ ဒီညနေမှာ မျှော်မှန်းပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အမြန်ဆုံးပြီးဆုံးနိုင် ဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ မြန်နိုင်သလောက်မြန်အောင် ဒီညနေနဲ့ မနက်ဖြန်လောက်မှာ ဒီအခြေအနေကို ထိန်းချုပ်နိုင်တဲ့အထိ အဆုံးသတ်နိုင်လောက်တဲ့ အထိ လုပ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ရေနဲ့လုပ်မယ်၊ မရရင် မနက်ဖြန်မှာ ဆေးရည်နဲ့လုပ်ဖို့ ဆောင်ရွက်မယ်။ ဒီအတွက် ကြီးကြပ်ကွပ်ကဲမှုအပိုင်းကို အမှိုက်ပုံတစ်ခုလုံးကို အပေါ်ကနေ ဒရုန်းနဲ့ တောက်လျှောက်ကြီးကြပ်ဖို့ ပြင်ဆင်ဆောင်ရွက်နေ ပါတယ်။

 

မေး ။ ။ အမှိုက်ပုံမှာ ရေပက်ဖျန်းနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ဘေးအ္တရာယ်ကင်းရှင်းဖို့အတွက် ဘယ်လိုပြင်ဆင် ဆောင်ရွက်ထားပါသလဲ။

 

ဖြေ ။ ။ ဒီအတွက် ကျွန်တော်တို့ သေသေချာချာ ပြင်ဆင်ပါတယ်။ သူတို့ သွားမယ်ဆိုတဲ့လမ်းကြောင်းကို သေချာ စိတ်ချရမှ ကျွန်တော်တို့ ဆောင်ရွက်ဖို့ ပြင်ဆင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမှိုက်ပုံက ကြီးလည်းကြီးတယ်၊ အထဲကိုဝင်ပြီး ဖျန်းရမယ့်အခြေအနေမျိုးရှိပါတယ်။ အခုအခြေအနေ ထိတော့ မီးသတ်တပ်ဖွဲ့ဝင်ထဲကနေ မွန်းကျပ်မဥခံစားရတာမျိုး ရှိပါတယ်။ ဒါပေမယ့် အသက်ဆုံးရှုံးမှု အခြေအနေမျိုးအထိ မရှိသေးပါဘူး။

 

မေး ။ ။ အနာဂတ်မှာ ဒီလိုအခြေအနေမျိုးမဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေ ဘယ်လိုဆောင်ရွက်ထားပါသလဲ။

 

ဖြေ ။ ။ ဒီလိုအခြေအနေမျိုး အမြဲဖြစ်ပါတယ်။ အခုဟာက ကြီးတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အမှိုက်က မီသိန်းဓာတ်ထွက်ပါတယ်။ အပူချိန်ပြင်းတဲ့ အချိန်မျိုးမှာ မီးလောင်တတ်ပါတယ်။ အဲဒါက အပေါ်က ြ<ွကပ်ရွနေတဲ့ အမှိုက်တွေကနေပြီးတော့ အပူကြောင့်ဖြစ်လာတဲ့ မီးရှိန်က နေစပြီး မီသိန်းကနေ မီးကိုဖြစ်စေတာ ဖြစ်ပါတယ်။ အမှိုက် ပုံတွေကို မြေပြင်မှာ ဒီလိုပုံထားရင် မီသိန်းဓာတ်ထွက်တယ်၊ ထုတ်ယူလို့ရတယ်။ ဒီကနေ မီးလောင်တတ်တယ်။ ဒါကို ကျွန်တော်တို့ တတ်နိုင်သလောက် မီသိန်းကို တတ်နိုင် သလောက်အပြင်ကို ထွက်နိုင်အောင် ပိုက်တွေထိုးထည့်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့တာရှိပါတယ်။ လောင်တာ အနည်း အကျဉ်းလေးတွေ ရှိပါတယ်။ ဒါဟာ ဖြစ်တတ်တဲ့သဘော သဘာဝရှိပါတယ်။ အခုဖြစ်တဲ့ဖြစ်စဉ်က မီးခိုးထွက်မှုနှုန်း များနေတာဖြစ်ပါတယ်။ မီးကို ကျွန်တော်တို့ ထိန်းချုပ်နိုင်ပေမယ့် မီးခိုးကိုတော့ ထိန်းချုပ်နိုင်ဖို့ အားနည်းနေတဲ့အချိန် ဖြစ်ပါ တယ်။ ဒါကို ထိန်းဖို့ကြိုးစားသွားမှာ ဖြစ်ပါတယ်။ နောင်မှာ လည်း ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာပြီဖြစ်တဲ့အတွက် အဆင့်မြင့်တဲ့ဆေးရည်နဲ့ပက်ဖျန်းဖို့ အဆင်သင့်ပြင်ဆင်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ဆေးရည်ကမရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် နည်းနေတယ်။ အခု လောင်ကျွမ်းတဲ့ ဧရိယာက သိပ်ကြီးတဲ့အတွက် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံနိုင် ဖို့အတွက် အခက်အခဲရှိပါတယ်။ ဒါကြောင့်မို့ ထပ်ပြီးတော့ တစ်ချိန်တည်း ဒီဟာကို သုံးပြီးဖြစ်ပါတယ်။ နောက်ထပ် ထပ်ပြီး သုံးဖို့အတွက်လည်း ပြင်ဆင်ဆောင်ရွက်နေပါတယ်။ နောင် နှစ်တွေမှာလည်း ဒီလိုအခြေအနေမျိုးတွေ မဖြစ်ဖို့အတွက် နည်းလမ်းနှစ်ခုရှာရပါမယ်။ အမှိုက်ကို စနစ်တကျပစ်ပြီး စွန့်ပစ် မှုကနေ စွမ်းအင်ထုတ်လုပ် နိုင်ဖို့အတွက် ကျွန်တော်တို့လုပ်ရမှာ ဖြစ်ပါတယ်။ ‘ဒီနေရာမှာ ယခင်အစိုးရလက်ထက်က တင်ဒါ ခေါ်ယူခဲ့ဖူးတာရှိပါတယ်။ အောင်မြင်မှုမရခဲ့ဖူးဖြစ်နေတယ်။ အခု ထပ်မံပြီး အမှိုက်ကို စနစ်တကျ သုတေသနပြုနေပါတယ်။ ဘယ်အမှိုက်တွေက စွမ်းအင်ပြန်ထုတ်လို့ရမယ်၊ ဘယ်အမှိုက်က မြေသြဇာလုပ်ရမယ်။ ဘယ်အမှိုက်တွေကတော့ သေသေ ချာချာ ဘယ်လိုဖျက်ဆီးပစ်ရမလဲ။ ဥပမာ ဆေးရုံသုံးအမှိုက်၊ အရပ်သုံး အိမ်သုံးအမှိုက်တွေရှိမယ်၊ မီးဖိုချောင်သုံး ဈေးသုံး အမှိုက်တွေရှိတယ်။ ဒါတွေကို ခွဲပြီးလုပ်နိုင်ဖို့ ရှေ့ဆက်ပြီး ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

 

ကျွန်တော်တို့တာဝန်ယူတဲ့ နှစ်နှစ်တာကာလအတွင်း အမှိုက်ကိစ္စဖြေရှင်းဖို့ တောက်လျှောက်လုပ်နေပါတယ်။ အခု လည်း အမှိုက်ကို သုတေသနပြုနေတာ ဖြစ်ပါတယ်။ ဒီအပေါ် ကနေမူတည်ပြီး ကျွန်တော်တို့လုပ်တဲ့လုပ်ငန်းစဉ် ဘယ်လောက် ဖြစ်မလဲဆိုတဲ့ ပုံစံမျိုးနဲ့ အမှိုက်ကိုစွန့်ပစ်ဖို့ ဒါကို ရှေ့ဆက် သွားမှာ ဖြစ်ပါတယ်။ အမှိုက်ပုံအဟောင်းတွေကိုတော့ မီသိန်း ဓာတ်ငွေ့ထွက်နေမှုကို စနစ်တကျထိန်းနိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ တစ်ဖက်က အမှိုက်စွန့်ပစ်မှု ကနေ စွမ်းအင်သုံးစွဲနိုင်ဖို့ နည်းလမ်းတစ်ရပ်ရယ်၊ တစ်ဖက်က အဟောင်းတွေကို စနစ်တကျထိန်းချုပ်နိုင်ဖို့အတွက် နည်း ပညာပိုင်းဆိုင်ရာနဲ့ ပေါင်းစပ်ပြီး ထိန်းထားနိုင်ဖို့ ဒီနှစ်လမ်း ကို အနာဂတ်မှာဖြစ်ဖို့ ပြင်ဆင်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

 

မေး။ ။ ရှိနေတဲ့အမှိုက်ပုံတွေအတွက် နောင်ဒီလိုမျိုးမဖြစ်အောင် ဘယ်လိုပြင်ဆင်ဆောင်ရွက်ထားပါသလဲ။

 

ဖြေ။ ။ အမှိုက်ပုံသေးသေးလေးတွေမှာ ဒီလိုမီသိန်းထွက်ပြီး ဒီလိုဖြစ်တဲ့အလေ့မရှိပါဘူး။ ထားဝယ်ချောင်နဲ့ ထိန်ပင်နဲ့က နောက်ဆုံးအမှိုက်ပုံတွေဖြစ်ပါတယ်။ အမှိုက်ပုံ သေးသေးလေးတွေကနေ အမှိုက်ကိုကားနဲ့သယ်ပြီး လာပစ် တာဖြစ်တယ်။ ဒီအမှိုက်ပုံနှစ်ခုကို ထိန်းချုပ်ထားရမှာဖြစ်ပါတယ်။ ထားဝယ်ချောင်ဘက်ဆိုရင် ဂက်စ်တွေ ထုတ်နိုင်ဖို့ ပိုက်တွေ ထိုးထည့်ပြီးလုပ်ထားပါတယ်။ ဒီဘက်မှာလည်း ဆောင်ရွက်မှု တွေရှိပါတယ်။ ‘ဒါပေမယ့် အမှိုက်ပုံက သိပ်ကြီးလာတဲ့အခြေ အနေမှာ ဒီပြဿနာပေါ် လာတဲ့အခြေအနေဖြစ်ပါတယ်။ ‘ဒါကို စနစ်တကျထိန်းချုပ်နိုင်ဖို့ ကျွန်တော်တို့လုပ်ရမှာ ဖြစ်ပါတယ်။ အနာဂတ်အတွက်လည်း ‘ဒါမျိုးမဖြစ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားရမှာဖြစ်ပါတယ်။ အမှိုက်ပုံက မီးလောင်တတ်တယ် ဆိုတာကတော့ နောက်ဆုံး အမှိုက်ပုံကြီးတွေမှာပဲ ဖြစ်တတ်တဲ့ သဘောသဘာဝရှိပါတယ်။ ‘ဒါပေမယ့် အခုဖြစ်နေတဲ့ နေရာက လူနေထိုင်တဲ့နေရာနဲ့ နည်းနည်းနီးနေတော့ ‘ဒီကထွက်တဲ့ မီးခိုး ကို ပြည်သူလူထုအနှောင့်အယှက်မဖြစ်အောင် ပြည်သူလူထုရဲ့ ကျန်းမာရေးကိုမထိခိုက်စေဖို့အတွက် ကျွန်တော်တို့ကြိုးပမ်း ရမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။

 

တွေ့ဆုံမေးမြန်း - ရီရီမြင့်.