ရေပေါ်-သမီးလှ တံတား တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းပြီးစီး

မြိတ်  ၂၂  မေ

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ရှိ ရေပေါ်ကျေးရွာနှင့် သမီးလှကျေးရွာကို ဆက်သွယ်ဖောက်လုပ်နေ သော ရေပေါ်-သမီးလှ တံတားတည်ဆောက်မှု ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တံတားအထူးဖွဲ့-၁၃(မြိတ်)မှ တာဝန်ရှိသူတစ်ဉီးထံမှ သိရသည်။

 

အဆိုပါ ရေပေါ်-သမီးလှတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးဖွဲ့-၁၃(မြိတ်)မှ တာဝန်ယူ၍ ၂၀၁၉ ခုနှစ် ဧပြီ ၁၈ ရက်မှ စတင်တည်ဆောက်လျက်ရှိရာ ယခုအခါ တံတားတည်ဆောက်ရေးလုပ်ငန်း (၉၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ လာမည့်‌ဩဂုတ်လတွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း တံတားအထူးဖွဲ့-၁၃(မြိတ်)မှ ဒုတိယညွန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ကျော်ဝင်းထံမှ သိရသည်။

 

တံတား၏ အရှည်မှာ ပေ ၁၂၀ ၊ ယာဉ်သွားလမ်းအကျယ် ပေ ၂၀ ၊ လူသွားလမ်းအကျယ် တစ်ဖက် (၃)ပေစီပါရှိကာ ရေလမ်းကင်းလွတ်အကျယ် (၄၈)ပေဖြင့် တည်ဆောက်လျက်ရှိပြီး တံတား၏ခံနိုင်ဝန်မှာ တန်(၆၀) ခံနိုင်ဝန်ရှိကာ တံတားကို Bored Pile အုတ်မြစ်၊ သံကူကွန်ကရစ်ကိုယ်ထည်၊ သံကူကွန်ကရစ် အပေါ်ထည် အမျိုးအစားဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါတံတား တည်ဆောက်မှုပြီးစီးပါက ကျေးရွာအချင်းချင်း အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုလည်း မြန်ဆန်လာမည့်အပြင် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်မာရေး၊ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)