ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

 

“အဲဒီကတည်းက တစ်ခါတည်း သေသွားခဲ့ရင်လည်း  အကောင်းသားပဲ ဖေဖေရယ်”

 

“ဒီလိုတော့လည်း မပြောပါနဲ့ကွယ်။ ဖေဖေ့အနေနဲ့ ဒီလိုမဖြစ်စေချင်ခဲ့တာ အမှန်ပါ။ အဲဒါနဲ့ သမီးတို့ သားအမိကို အိမ်ထဲခေါ် ထွေးထွေးနွေးနွေးဖြစ် အောင်ပြုစုရတယ်။  သမီးရဲ့မေမေဟာ အပြင်းဖျားလိုက်တာ  သုံးရက်လောက်နေမှ သတိပြန်လည်လာတယ်။ တိုတိုပြောရရင်တော့ ဒီလိုနဲ့ ဖေဖေ့အိမ်မှာ သမီးတို့ သောင်တင်နေခဲ့ကြတယ်။ ထူးဆန်းတာက  သမီးရဲ့မေမေဟာ သူဘယ်သူဘယ်ဝါဆိုတာကို မမေးဖို့ရယ်၊ ဘယ်ကလာပြီး  ဘယ်ကိုသွားမယ်ဆိုတာ မစပ်စုဖို့ရယ် တောင်းပန်ခဲ့တယ်။ ဖေဖေလည်း ရက်အတော်ကြာတဲ့အထိ ဒါတွေကို မမေးခဲ့ပါဘူး။ နောက်မှ တစ်စတစ်စ သိရတာကတော့ သမီးရဲ့ မေမေဟာ  ရေနံချောင်းကလာတာ။ မန္တလေးမှာ အသိအကျွမ်းမရှိဘူး။ သင်္ဘောကအတက်  ခြေဦးတည့်ရာ လျှောက်လာရင်း ဖေဖေ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တာပါ။ ဒါတောင် တစ်ခွန်းစနှစ်ခွန်းစနဲ့ သိရတာ။ အရပ်ထဲမှာတော့ စကားတွေ အမျိုးမျိုးဖြစ်နေတာပေါ့လေ။ တချို့ကလည်း ဖေဖေဟာ တစ်ကြိမ်က မိန်းမတစ်ယောက်နဲ့ မရှင်းမရှင်းဖြစ်ခဲ့တယ်။ အဲဒီမိန်းမက အခုကလေးပိုက်ပြီး လိုက်လာတယ်ပေါ့။ တချို့ကတော့ သမီးတို့တစ်တွေ ဘယ်ကနေ လေလွင့်ရောက်လာမှန်းမသိဘူး ဆိုကြတယ်။ အဲဒီစကားနှစ်ခုအနက် ပထမစကားဟာ ဖေဖေရဲ့ဂုဏ်သိက္ခာကို  ထိခိုက်ပေမယ့် အဲဒီစကားကို  ဖေဖေ ပိုပြီးနှစ်သက်မိတယ်။  အဲဒီလိုသာ ဖြစ်ပါစေတော့လို့ ဖေဖေဆုတောင်းမိတယ်။ ဘာကြောင့် လဲဆိုတော့  သမီးတို့သားအမိကို မြင်စတည်းက ဖေဖေ ကရုဏာသက်မိလို့ပဲ။ သံယောဇဉ်တွယ်နေမိလို့ပဲ”

ဖေဖေသည် စကားဖြတ်ပြီးနောက် သက်ပြင်းတစ်ချက်ကို  လေးလေးပင်ပင်ကြီး ရှိုက်သည်။

 

“ဒါပေမဲ့ သမီးရဲ့မေမေဟာ အင်မတန် စိမ်းကားနိုင်တဲ့ မိန်းမတစ်ယောက်ပဲ သမီး။ အင်မတန်  ဥပေက္ခာ ပြုစွမ်းနိုင်တဲ့ မိန်းမတစ်ယောက်ပဲ။ မိုးသည်းသည်းထန်ထန် ရွာနေတဲ့နေ့တစ်နေ့မှာ သူဟာ ပျောက်ကွယ်သွားခဲ့တယ်။ သမီးကိုရော ဖေဖေ့ကိုပါ စွန့်ခွာသွားခဲ့တယ်။ ဖေဖေဟာ တစ်နေ့ သူပြန်လာလိမ့်နိုးနဲ့ သမီးကိုပိုက်ရင်း နှစ်အတော်ကြာကြာ စောင့်ခဲ့ပါသေးတယ်။ သူပေါ်မလာတော့ဘူး။ အိမ်ကထွက်သွားကတည်းက သူ့မျက်နှာကို မမြင်ရတော့တာ ဒီကနေ့အထိပဲ”

 

တင်တင်ရီ၏ရင်မှာ လှိုက်လှဲလာသည်။ ငိုရှိုက်လိုခြင်းက ရင်တစ်ခုလုံးကို လွှမ်းမိုးထားသည်။

 

“သူ ... သူက ဘာဖြစ်လို့ ကျွန်တော် တို့ကိုပစ်ပြီး ထွက်သွားခဲ့ရတာလဲဟင်”

 

“အဲဒါကို ဖေဖေကိုယ်တိုင်လည်း အံ့သြနေတာပဲ။ ဖေဖေဟာ သူနဲ့တွေ့ကတည်းက  သူ့အလိုလိုက်ခဲ့တယ်။  သူ့အကြိုက် ဆောင်ခဲ့တယ်။  သူစိတ်ချမ်းသာမယ်ထင် တဲ့ကိစ္စမှန်သမျှ ဆောင်ရွက်ပေးခဲ့တယ်။ ဒါနဲ့တောင် သူထွက်သွားရက်ခဲ့တယ်။ အမှန်တော့သမီးရယ်။  သမီးရဲ့မေမေဟာ အင်မတန် အသိရခက်တဲ့ မိန်းမတစ် ယောက်ပါ။ သူဟာ သူ့နောက်ကြောင်းကို လျှို့ဝှက်ထားချင်တယ်။ သူနဲ့ပတ်သက်လို့ ဖေဖေကိုယ်တိုင်ကိုတောင် ဘာမှမသိစေချင်ဘူး။ ယုတ်စွအဆုံး ဖေဖေဟာ သူ့ရဲ့နာမည်ကိုတောင် သိခွင့်မရခဲ့ဘူး။ သူဟာ ခေါ်ဖို့နာမည်တစ်လုံးကိုတော့ ပြောခဲ့တယ်။ ဒါပေမဲ့ အဲဒီနာမည်ဟာ သူ့နာမည်အစစ် အမှန်မဟုတ်ဘူးဆိုတာ ဖေဖေသိတယ်။ သူကိုယ်တိုင် အဲဒီနာမည်ကို မေ့မေ့နေတတ်တယ်။ ဒီအထိ သမီးရဲ့မေမေဟာ လျှို့လျှို့ဝှက်ဝှက်နိုင်တဲ့မိန်းမတစ်ယောက်ပဲ”

 

တင်တင်ရီတို့သည် ကွင်းပြင်များဆီသို့ ရောက်လာကြသည်။  ဆည်းဆာလည်း ပြယ်လုပြီ။ နေဝန်းလည်း ကွယ်လုပြီ။ တင်တင်ရီသည်  နေဝန်းကို  အမြန်ဆုံး ပျောက်ကွယ်စေချင်လှသည်။ အမြန်ဆုံး အမှောင်ဖုံးလာစေချင်သည်။ သူ့မျက်ဝန်းတွင်  မျက်ရည်ကြည်  ရစ်ဝဲရသည့်အဖြစ်၊ ငိုရှိုက်လိုလျက် ရှိရသည့်အဖြစ်ကို တစ်ပါးသူတို့ မမြင်ရစေချင်၊ ဖေဖေ ကိုယ်တိုင်ပင် မမြင်ရစေချင်။

 

“သူရောက်လာတဲ့နေ့ကို ဖေဖေမမေ့ နိုင်သလို  သူထွက်တဲ့နေ့ကိုလည်း  မမေ့နိုင်ပါဘူး။  အဲဒီနေ့ဟာ ဖေဖေ့တစ်သက်တာမှာ အကြေကွဲရဆုံးနေ့တစ်နေ့ပဲပေါ့။ အဲဒီနေ့ည  သန်းခေါင်လောက်မှာ မိုးသံလေသံကြောင့် ဖေဖေ တစ်ရေးနိုးလာတယ်။  သမီးမေမေကို မတွေ့ရဘူး။ ဒါနဲ့ ထရှာတော့  သူ့ကိုယ်စား  စာလေးတစ်စောင်ကိုပဲ တွေ့ရတယ်။ အဲဒီစာထဲမှာ သူ တခြားကို  ထွက်သွားပြီဖြစ်တဲ့ အကြောင်း၊ ဘယ်တော့မှ ပြန်လာမယ် မဟုတ်တဲ့အကြောင်း၊ ရှာမနေဖို့အကြောင်းတွေ  ရေးထားတယ်။ သမီးနဲ့ ပတ်သက်လို့တော့ သမီးကို ကြီးပြင်းလာတဲ့အထိ မွေးဖို့၊ သမီးကို  ဖေဖေ့ရဲ့သမီးသာပြောဖို့၊  ဒီအကြောင်းတွေကို ပြန်မပြောပါဘူးလို့ ကတိပြုဖို့တွေပါတယ်။ စာနဲ့အတူ သူ့ရဲ့လက်ဝတ်လက်စားတွေ ထားခဲ့တယ်။ အဲဒီပစ္စည်းတွေဟာ သမီးကြီးပြင်းလာတဲ့အထိမွေးဖို့  လုံလောက်ခဲ့ပါတယ်။ အရင်ပစ္စည်းတွေကနေ ဒီနေ့သွားပေါင်တဲ့ ကြံဆစ်လက်ကောက် အထိဟာ သူထားခဲ့တဲ့ပစ္စည်းတွေပါပဲ သမီး။

 

“သူ  ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ ဖေဖေသူ့အကြောင်း တတ်နိုင်သမျှစုံစမ်းပါသေးတယ်။ တစ်နေ့ ပြန်လာနိုးနဲ့ စောင့်ခဲ့သေးတယ်။ ဒါပေမဲ့ ဖေဖေ့မျှော်လင့်ချက်တွေဟာ အလဟဿဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ ဖေဖေလည်း စိတ်ထိခိုက်ပြီး အရက်သမားဘဝကို ရောက်ခဲ့ရတယ်။ စိတ်ငြိမ်သက်သွားအောင်ရယ်၊ သမီးအတွက် အထောက်အကူ ရအောင်ရယ်လို့ရည်ရွယ်ပြီး ဖေဖေမအေးမြနဲ့ လက်ထပ်ခဲ့တယ်။ ဒီမှာတင် ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးအတွက်လေး ဆိုသလို  ဖြစ်ခဲ့ရတယ်။ ဖေဖေနဲ့ လက်မထပ်ခင်က  မအေးမြဆိုတာ  ဆင်းရဲတယ်။ ရိုးသားတယ်။ သမီးကို သူ့သမီးအရင်းနဲ့မခြား  ရင်အုပ်မကွာ စောင့်ရှောက်ပါမယ်လို့ ကတိပေးခဲ့တယ်။ နောက်ပိုင်းမှာတော့ သူ့ပုံစံ ဘယ်လိုရှိတယ်ဆိုတာ သမီးအသိပဲလေ၊ သမီး အမြင်ပဲ။ မအေးမြမှာ နာကြည်းချက် တစ်ရပ်ရှိနေခဲ့တယ်။ ဒါကတော့ ဖေဖေ ဟာ သူ့ကို  မချစ်ဘဲလက်ထပ်ခဲ့တယ်။ သမီးရဲ့မေမေကို ဒီကနေ့အထိ မမေ့ပျောက်နိုင်သေးဘူးလို့ ယုံကြည်နေတယ်။ အဲဒီယူဆထင်မြင်ချက်တွေက ဖေဖေတို့ အိမ်ထောင်ရေးသုခတွေကို ဖျက်ဆီးပစ် လိုက်တယ်။ သူ့အတွေးအထင်ဟာ မှားတယ်လို့တော့ မဆိုနိုင်ဘူးပေါ့လေ။ ဘာ ကြောင့်လဲဆိုတော့ ဖေဖေ သူ့ကိုမချစ်တာလည်း အမှန်ပဲ။ သမီးရဲ့မေမေကို  မမေ့နိုင် သေးတာလည်း အမှန်ပဲ”

 

“ဖေဖေရယ်”

 

တင်တင်ရီ  ရှိုက်ပင့်ရင်းမှဆိုမိသည်။ ဖေဖေ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။

 

“သမီးကို ဖေဖေတောင်းပန်စရာရှိတယ်။ ဒါကတော့ သမီးမေမေထားရစ်ခဲ့တဲ့ ပစ္စည်းတွေကို မထိန်းသိမ်းနိုင်ခဲ့တဲ့ အပြစ်ပါပဲသမီး။ အစကတော့ ဖေဖေရည်ရွယ်ခဲ့ပါတယ်။ သမီးရဲ့အသက် နှစ်ဆယ်ပြည့်တဲ့နေ့မှာ ဒါတွေကို  အစုလိုက်အပုံလိုက် သမီးလက်ထဲ ထည့်ပေးမယ်လို့ပေါ့။ ဖေဖေရဲ့ လုပ်ငန်းကိုင်ငန်းတွေ ပျက်စီးခဲ့တယ်။ အိမ်ထောင်ရေးမှာ ရှုံးနိမ့်ခဲ့တယ်။ လူကိုယ်တိုင်လည်း အရက် သမားဘဝ ရောက်ခဲ့ရတယ်။ ဒီတော့ အဲဒီပစ္စည်းတွေကိုပဲ ထုခွဲစားသောက်နေခဲ့ရတယ်။ ဒါတွေကို မရောင်းရက်နိုင်ဘူးဆိုတာကိုတော့ သမီးအမြင်အတိုင်းပဲ။ ဒေါ်သူဇာတို့ဆီမှာ ပေါင်ထားတယ်။ တစ်နေ့ အဆင်ပြေရင် အားလုံးရွေးပေးမယ်ဆိုတဲ့ သဘောပေါ့။ မအေးမြဟာ သမီးကို လိုလားနှစ်သက်တဲ့ပုံစံ မပြတာအမှန်ပဲ။ ဒါပေမဲ့ သမီးကို မလွန်ဆန်ရဲတာဟာ သူကိုယ်တိုင် သမီးရဲ့ပစ္စည်းတွေနဲ့ အသက်ရှင် ရပ်တည်နေရတယ် ဆိုတာသိလို့ပေါ့”

 

“ပစ္စည်းတွေနဲ့  ပတ်သက်လို့ တောင်းပန်စရာမလိုပါဘူး ဖေဖေရယ်။ ဒါတွေကို ကျွန်တော် မမက်မောပါဘူး။ ကျွန်တော်မက်မောတာ  ဘာလဲဆိုတာ ဖေဖေသိပါတယ်။ ကျွန်တော်မက်မောတာ မေတ္တာတရားပဲဖေဖေ။ မိခင်နဲ့ ဖခင်ရဲ့ ပူနွေးတဲ့ရင်ငွေ့ကိုပဲ  မက်မောတယ်။ ဒါပေမဲ့ဖေဖေရယ် ကျွန်တော်ဟာ ဒီအထိပဲ ကံဆိုးသလားဟင်။  ဖအေ ဘယ်သူ၊  မအေဘယ်ဝါဆိုတာ  မသိရလောက်အောင်  ကံဆိုးသလား။ ကျွန်တော့်ကိုယ်ကျွန်တော်  ဒီလောက်အထိ ကံဆိုးလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိဘူး ဖေဖေ”

 

“တင်တင်ရီ၏အသံမှာ  ဆို့နင့်နေသည်။ လှိုက်လှဲနေသည်။ ဖေဖေသည် တင်တင်ရီ၏မျက်နှာကို ရီဝေသော မျက်လုံးများဖြင့် စိုက်ကြည့်သည်။

 

“သမီးရဲ့ရင်ထဲမှာ ဘယ်လိုဖြစ်နေ တယ်ဆိုတာ ဖေဖေသိပါတယ် သမီးရယ်။ ဖေဖေ နားလည်ပါတယ်။ ဒါကြောင့် ဒီအဖြစ်ကို ဖေဖေမပြောရက် နိုင်ဘဲ ဒီကနေ့ ဒီအချိန်အထိ ရောက်လာ ရတာပါ”

 

“သမီးရဲ့စိတ်ထဲမှာ မရှင်းတာတစ်ခုရှိ သေးတယ် ဖေဖေ”

 

“ဘာကိုလဲဟင်”

 

“ဖေဖေပြောတဲ့ သမီးရဲ့မေမေဆိုတာ တကယ်တမ်း သမီးကို ကိုးလလွယ်၊ ဆယ်လဖွားခဲ့တဲ့  အမေအရင်းမှ ဟုတ်ပါ့မလားဆိုတဲ့သံသယပဲ ဖေဖေ”

 

“ဘာဖြစ်လို့”

 

“ကိုးလလွယ်၊  ဆယ်လဖွားခဲ့ရတဲ့ မိခင်တစ်ယောက်ဟာ၊  ကိုယ့်သမီးကို ဒီလောက် စိမ်းစိမ်းကားကား ပစ်ထားရက်ပါ့မလား ဖေဖေရယ်။ စဉ်းစားကြည့် ပါဦး”

 

တင်တင်ရီ၏စကားကြောင့် ဖေဖေ လှုပ်ရှားသွားသည်။ စင်စစ်သည်အတွေးမျိုးကို သူတစ်ကြိမ်တစ်ခါမျှ  မတွေးခဲ့စဖူး ဖြစ်ချေသည်။  ထို့ကြောင့်လည်း ရုတ်တရက်တွင် ဘာပြန်ပြောရမည် မသိတတ်နိုင်ခဲ့။

 

အတော်ချည်းကြာမှ ဖေဖေဆိုသည်။

 

ဆက်လက်ဖော်ပြပါမည်။