ရေနံ့သာခင်ခင်ကြီး

သတင်းဆောင်းပါး - မောင်သိန်းဆိုင်


ယမန်နေ့မှအဆက်    

 
နွယ်နွယ်ထွန်းက မျိုးထွန်းသိန်းကို လှမ်းပြော သည်။ 
“ကိုမျိုး၊ သူ့ကို လောလောဆယ် အိမ်ထဲကို သယ်သွားရအောင်”
မျိုးထွန်းသိန်းက ဒေါ်ခေမာ၏ကိုယ်ကို ပွေ့ယူ သည်။
လူနှစ်ယောက်က သူ့ကို ကူညီကြသည်။
သို့ဖြင့် မကြာမီ ဒေါ်ခေမာသည် အိမ်အတွင်း ရောက်ရှိလာရသည်။ နွယ်နွယ်ထွန်းကိုယ်တိုင် ဆေးရုံသို့   ဖုန်းဆက်ကာ  လူနာတင်ကားကို ခေါ်ယူလိုက်သည်။ စင်စစ် သူ့၌ ဆေးပစ္စည်း ပါမလာသဖြင့်  မည်သို့မျှ  တတ်နိုင်မည်မဟုတ် သည်ကို သိသည်။ သို့ရာတွင် လောလောဆယ်၌ သွေးတိတ်စေရန်နှင့် ဒဏ်ရာသက်သာစေရန်သာ တတ်နိုင်ပေလိမ့်မည်။ ကျန်အပိုင်းကမူ ဆေးရုံ၏ အလုပ်သာ ဖြစ်ပေလိမ့်မည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည်  ဒေါ်ခေမာ၏ မျက်နှာကို စူးစိုက်ကြည့်နေသည်။ သူ့နှယ်ပင် မျိုးထွန်းသိန်းသည်လည်းကောင်း၊ နန်းကိန္နရီ သည်လည်းကောင်း စူးစိုက်ကြည့်နေကြသည်။ ဒေါ်ခေမာသည် လူးလွန့်လာသည်၊ လှုပ်ရှားလာ သည်။ ပါးစပ်မှ ညည်းသံသဲ့သဲ့ ထွက်လာသည်။ မျက်စိများကား ပွင့်မလာသေး။
ခြံထဲမှာ လူအချို့ရှိနေကြသေးသည်။ ခွေးချင်း ကိုက်သည်ကိုပင် ဝိုင်းဝန်းကြည့်လေ့ရှိသော ရန်ကုန် သားတို့ ဇာတိအတိုင်း ရုတ်တရက်ထွက်ခွာသွားရန် ဝန်လေးနေကြပုံ ပေါ်သည်။ မျိုးထွန်းသိန်း၏မိတ်ဆွေတစ်ယောက်က နှင်ရသည်။ သို့ဖြင့် မကြာမီ မှာပင် သူတို့ ရှဲသွားသည်။ လူစုကွဲသွားသည်။
ဒေါ်ခေမာသည် ပိုမိုညည်းညူသံပြုလာသည်။ မျက်လုံးများ ပွင့်လာသည်။ အစသော် သူ၏အမြင် မှာ အားလုံးဝေဝါးနေသည်။ နှင်းဖြင့် မှုန်ဝေနေ သည့်သို့ရှိသည်။ ကိုယ်အနှံ့အပြားမှ နာကျင်နေ သည်။ အသည်းတဆတ်ဆတ် ခါရနေတော့မတတ် နာကျင်နေသည်။ အသိကိုလည်း စုစည်း၍ မရ။ တာစူ၍ မရ။ ဝိညာဉ်သည် အဆုံးအစမရှိသော စကြဝဠာအတွင်း လွင့်မျောနေရသည်။
မျိုးထွန်းသိန်းသည် ဒေါ်ရေနံ့သာခင်ခင်ကြီးအား လက်တို့ခေါ်ယူလိုက်သည်။ လူရှင်းသောနေရာသို့ ရောက်လာကြသည်။
“ကျွန်တော် မှတ်မိပြီ”
မျိုးထွန်းသိန်း၏မျက်နှာမှာ တစ်မျိုးတစ်မည် ဖြစ်နေသည်။ ကြေကွဲဝမ်းနည်းနေသည်လား၊ တုန်လှုပ်ချောက်ချားနေသည်လား မပြောတတ်။
“သူ၊ သူဟာ ရီရဲ့မေမေ။ ဒေါ်ခင်သန်းနွဲ့” 
“ဒေါ်ခင်သန်းနွဲ့”
ဒေါ်ရေနံ့သာခင်ခင်ကြီးသည်  ယင်းအမည်ကို တအံ့တသြကြီး ပဲ့တင်ထပ်လိုက်လေသည်။
x  x  x  x  x
[ ၅ ]
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ဒေါ်ခေမာဘက်သို့ စူးစိုက်စွာ လှမ်းကြည့်လိုက်သည်။ ယခုမှပင် အမှတ် တရရှိလာသည်။ ရုံးတော်တွင် အမှုနှင့်ပတ်သက်၍ အစစ်ခံနေစဉ်က ရုပ်သွင်ကို ပြန်လည်မြင်ယောင် လာသည်။
“ဒါကြောင့် စောစောကတည်းက မြင်ဖူးတယ်လို့ အောက်မေ့နေတာ။ လက်စသတ်တော့ သူကိုး”
ဒေါ်ရေနံ့သာခင်ခင်ကြီး မှတ်ချက်ချသည်။ သူ၏ စိတ်ထဲမှ  ဒေါ်ခေမာသည်  နန်းကိန္နရီရှိရာသို့ အမှတ်မထင်ဆိုသလို   ရောက်ရှိလာခဲ့ခြင်းသာ ဖြစ်လိမ့်မည်ဟု  ထင်နေသည်။ စင်စစ် သည်အိမ်သို့ ရောက်လာကာ ယခုလို မော်တော်ကားအတိုက်ခံရ ခြင်းသည် မတော်တဆအဖြစ်ဟူ၍သာ ထင်နေ မိသည်။
မျိုးထွန်းသိန်း၏  စိတ်ထဲမှာမူ  တစ်မျိုးဖြစ်ပေ သည်။ ဒေါ်ခေမာ သို့မဟုတ် ဒေါ်ခင်သန်းနွဲ့သည် သမီးရှိရာသို့ တမင်တကာလာခဲ့ခြင်းသာဖြစ်မည်ဟု အထင်ရှိနေပေသည်။ သူက နန်းကိန္နရီထံ လှမ်း ကြည့်လိုက်သည်။ နန်းကိန္နရီကမူ ဘာမျှမသိသလို ဒေါ်ခေမာအား စိုးရိမ်ထိတ်လန့်သော အမူအရာဖြင့် ကြည့်နေခဲ့ပေသည်။ အမှန်တွင်လည်း နန်းကိန္နရီ သည် မိခင်ဆိုသူအား များစွာ အမှတ်ထင်ထင် မြင်ဖူး ခဲ့သည်မဟုတ်။ ကိုမောင်မောင်ဦး၏ အိမ်တွင် အမှတ်မထင်ဆိုသလိုသာ မြင်ဖူးခဲ့ခြင်း ဖြစ်လေ သည်။
သမီးဖြစ်သူနှင့် မိခင်၊ မိခင်ဖြစ်သူနှင့် သမီးတို့ သူစိမ်းပြင်ပြင်   ရှိနေရသည့်အဖြစ်ကိုကြည့်ကာ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ရင်ထဲမှာ နာလာမိသည်။ 
“ဒီသီလရှင်ဟာ ဒေါ်ခင်သန်းနွဲ့ဖြစ်တဲ့အကြောင်း ရီ့ကို ပြောလိုက်ရကောင်းမလား မသိဘူး”
မျိုးထွန်းသိန်းက  ဆိုသည်။  ဒေါ်ရေနံ့သာ ခင်ခင်ကြီးက တားသည်။
“နေပေစေဦး၊ မပြောလိုက်နဲ့ဦး”
ဒေါ်ရေနံ့သာခင်ခင်ကြီးသည်     နန်းကိန္နရီ ကားမှောက်စဉ်ကအဖြစ်အပျက်ကို   သတိရကာ တားဆီးလိုက်သည်။    မည်သည့်နည်းနှင့်မဆို နန်းကိန္နရီသည်   ဒေါ်ခင်သန်းနွဲ့ကို မိခင်အဖြစ် လိုလားလက်ခံမည်မဟုတ်ဟု သူ ယူဆသည်။
သူတို့သည် ဒေါ်ခေမာ၏အနီးသို့ ပြန်လာကြ သည်။
ဒေါ်ခေမာသည်  သတိပြန်လည်လာသည်။ စိတ်ကို  ပြန်လည်စုစည်း၍  ရလာပုံပေါ်သည်။ မျက်လုံးဖွင့်ကြည့်သည်။
မြင်ကွင်းသည် မှုန်ဝါးနေရာမှ တစ်စထက်တစ်စ ကြည်လင်လာသည်။ မြူကဲ့သို့ဆိုင်းနေသောအရာ များ လွင့်ပျောက်သွားရလေပြီ။ မိမိကိုယ်မိမိ ဘာဖြစ် ခဲ့သည်ဆိုခြင်းကို    သတိရလာသည်။   အသည်း ဆတ်ဆတ်ခါမျှ နာကျင်ရသောဝေဒနာကို ထိုအခါ၌ တိုး၍ခံစားရသည်ဟု ထင်သည်။ မောသည်။ ရင်ထဲ မှာ တင်းကျပ်နေသည်။ အသက်ရှူမဝ။ လှုပ်၍ ရှား၍မရ။ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့မှာ လေးလံ နေသည်။
မြင်ကွင်းအတွင်းသို့ဝင်လာသော မျက်နှာများကို ကြည့်မိသည်။ ကြည်လင်လာသည်ဆိုသော်လည်း လုံးလုံးလျားလျားမဟုတ်။ မပီသသောရုပ်ရှင်ကားမှ အရုပ်များသဖွယ် တရိပ်ရိပ် ဖြစ်နေသည်။ ယင်းတို့ ကို သဲကွဲပီသအောင် မနည်းပင်ကြည့်ယူရသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး၏   ရုပ်သွင်ကိုလည်း မြင်ရသည်။ မျိုးထွန်းသိန်းကိုလည်း တွေ့ရသည်။ နန်းကိန္နရီသည် သူတို့အပါးမှာရှိနေသည်ဟု ထင် သည်။  နောက်တော့  မသိသောမျက်နှာများ၊ စိမ်း၊ ဝါ၊ နီ၊ ပြာ စသော အရောင်တို့သည် ယှက်သန်းပြေး လွှားနေကြသည်။ အမြင်ကို ယင်းတို့က မကြာခဏ ဖုံးလွှမ်းပစ်လိုက်တတ်သည်။ ထို့နောက် သတိလစ် မတတ် ရှိရပြန်သည်။
အရာအားလုံးအနက် အတောင့်တမိဆုံး စကား လုံးသည် နှုတ်ခမ်းကို တိုး၍ထွက်သွားသည်။
“သမီး”
ဒေါ်ခေမာ၏အသံကြောင့်  ဝိုင်းကြည့်နေသူတို့ အားတက်လာရသည်။
“သူ သတိရလာပြီ”
တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ခေါ်သံ ကို ကြားရသော်လည်း  များစွာမသဲကွဲ။  ပါးစပ် အနီးသို့ကပ်၍ နားထောင်ရသည်။
ဒေါ်ခေမာသည် “သမီး” ဟူသော စကားလုံးကို ထပ်၍ခေါ်မိသည်။
“သမီးတဲ့၊  သူ့သမီးကို  တွေ့ချင်တယ်နဲ့တူပါ တယ်။ ဖြစ်နိုင်ရင် ခေါ်ပေးလိုက်ရအောင်”
နွယ်နွယ်ထွန်းက  ဆိုလိုက်သည်။  ပြီးလျှင် ဒေါ်ခေမာ၏ နားအနီးသို့ကပ်ကာ မေးရသည်။ 
“ဒေါ်ဒေါ်သမီးကဘယ်မှာလဲဟင်” မေးသည်။ 
“သမီး၊ တင်တင်ရီ”
သည်အသံကိုမူ နွယ်နွယ်ထွန်း အတော်ကလေး ပီသစွာ ကြားရသည်။ ဒေါ်ခေမာက နန်းကိန္နရီကို သူသိမှတ်မိသောအမည်ဖြင့် ခေါ်ခဲ့ခြင်းဖြစ်သည်။
“တင်တင်ရီ။ ဒေါ်ဒေါ်သမီး တင်တင်ရီက ဘယ်မှာ နေသလဲဟင်”
နွယ်နွယ်ထွန်းသည်  နန်းကိန္နရီကို   တင်တင်ရီ အမည်ဖြင့် ရင်းနှီးခြင်းမရှိချေ။ နန်းကိန္နရီဟူ၍သာ အများကနှုတ်ကျိုးနေရာ တင်တင်ရီဟူသည်       နန်းကိန္နရီ၏အမည်ဖြစ်ကြောင်း ရုတ်တရက် သတိ မရမိချေ။ သီလရှင်သည် ကယောင်ကတမ်းဖြင့် ယင်း အမည်ကို ခေါ်ဆိုလာခြင်းဖြစ်မည်ထင်နေသည်။
တင်တင်ရီဟူသောအမည်ကို ကြားရသည့်အခါ နန်းကိန္နရီသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ အာရုံမှာ  ဖျတ်ခနဲနိုးကြားလာသည်။  စောစော ကတည်းကပင် သည်သီလရှင်ကို သင်္ကာမကင်းခဲ့။ မိမိအား စူးစိုက်ကြည့်လာသည့်အပေါ် သံသယဖြစ် ခဲ့မိသည်။  သည်ကြားမှ  မိမိ၏ငယ်နာမည်ကို ခေါ်လာသောအခါ နန်းကိန္နရီသည် ပိုမိုစိတ်လှုပ်ရှား လာရလေသည်။ လူကြားထဲမှ တိုးထွက်လာကာ ဒေါ်ခေမာအပါးသို့ ကပ်လာခဲ့သည်။
သည်မှာ မျိုးထွန်းသိန်းက နန်းကိန္နရီ၏အပါးသို့ ကပ်ခဲ့သည်။ သူက ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မျက်နှာကို အကူအညီတောင်းသလို လှမ်းကြည့် လိုက်သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးက ပြောချင် ပြောလိုက်တော့ဟူသောအမူအရာဖြင့် ခေါင်းညိတ် ပြလိုက်သည်။ ဒေါ်ခေမာတွင် အချိန်အနည်းငယ်သာ ကျန်တော့သည်ဟု ဒေါ်ရေနံ့သာခင်ခင်ကြီး ထင် သည်။ မထူးတော့ပြီမို့ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
“ရီ”
မျိုးထွန်းသိန်းက တုန်ယင်နေသောအသံဖြင့် ခေါ်လိုက်သည်။ နန်းကိန္နရီ သူ့မျက်နှာကို လှမ်းကြည့် သည်။
“ဒါ၊ ဒါတခြားသူမဟုတ်ဘူး။   ဒေါ်ခင်သန်းနွဲ့ ကိုယ်တိုင်ပဲ။ ရီ့ ရဲ့အမေပဲ”
နန်းကိန္နရီက   မျိုးထွန်းသိန်း၏စကားကို နားမလည်နိုင်သလို ရှိနေသည်။ သို့မဟုတ် မမျှော် လင့် မထင်မှတ်သောစကားကို မမျှော်လင့် မထင် မှတ်သောဖြစ်ရပ်နှင့်အတူ ပူးတွဲကြားလိုက်ရသည့် အတွက် အံ့အားသင့်ကာ ကြက်သေသေသလို ရှိနေ သည်။
နန်းကိန္နရီသာမက ဒေါ်ရေနံ့သာခင်ခင်ကြီးမှအပ အခြားသူများသည်လည်း တအံ့တသြကြီး ဖြစ်သွား ကြရသည်။
“ဒေါ်ခင်သန်းနွဲ့ ဟုတ်လား။ အစက ဒါကို ဘာလို့ မပြောတာလဲဟင်”
မျိုးထွန်းသိန်းက ထပ်မံရှင်းပြရသည်။
“ဟုတ်တယ်ရီ၊ ဒါ ရီ့ရဲ့အမေပဲ။ ဒေါ်ခင်သန်းနွဲ့ ပဲ။ စောစောကတည်းက တွေ့ဖူးပါတယ် အောက်မေ့ နေတာ။ အခုမှ သေချာသွားတာ”
နန်းကိန္နရီသည် ဒေါ်ခေမာနှင့် ပိုမိုနီးကပ်အောင် တိုးလာသည်။ ဒေါ်ခေမာ၏ ရှေ့တည့်တည့်၌ ထိုင်ချ လိုက်သည်။ နန်းကိန္နရီ၏ရင်ထဲမှာ ပြင်းထန်စွာ တုန်လှုပ်နေသည်။    သို့နှင့်အမျှ   တစ်ကိုယ်လုံး သည်လည်း တဆတ်ဆတ်တုန်မတတ် ဖြစ်နေသည်။ သူက    ဒေါ်ခေမာ၏ကိုယ်ကို  ပွေ့ယူလိုက်သည်။ မျက်နှာကို အသေအချာစိုက်ကြည့်သည်။
ဒေါ်ခေမာသည် နန်းကိန္နရီ၏မျက်နှာကို အသေ အချာမြင်ရသည်။ ဝမ်းသာတက်ကြွသောသွင်ပြင် များ မျက်နှာ၌ ပေါ်လာသည်။

ဆက်လက်ဖော်ပြပါမည်။