ရေနံ့သာခင်ခင်ကြီး

ယမန်နေ့မှအဆက်
 
ဒေါ်ခေမာ၏ ရင်ထဲမှာ သိမ့်ခနဲခံစားလိုက်ရသည်။ ပူနွေးလာသည်။ တုန်ယင်လာသည်။ တစ်စုံ တစ်ခုသော အင်အားရပ်က သူ့ခြေထောက်များကို တုံ့ဆွဲထားသလိုရှိသည်။ တစ်ပြိုင်နက်တည်းမှာပင် တစ်စုံတစ်ခုသော အင်အားရပ်က သူ့အား အားပေးအားမြှောက် ပြုနေသည်။ ခြေကိုလှမ်းစေရန် တိုက်တွန်းနေဘိသည်သို့ရှိသည်။ ယင်းအင်အား နှစ်ရပ်ကြား၌ ဒေါ်ခေမာသည် ဝေခွဲမရသလို ရှိနေသည်။

ဒေါ်ခေမာသည် ပင်ပန်းနေသည်။ နွမ်းနယ်နေသည်။ အပူရှိန်ကြောင့်ချည်းတော့ မဟုတ်၊ ပင်ကိုက အားနည်းနေသောကြောင့်လည်း ဖြစ်မည်ထင်သည်။ ခေါင်းမှာ တဒိန်းဒိန်း ကိုက်နေသည်။ ရင်ကလည်း တလှပ်လှပ်နှင့်။ ရေငတ်သလို ပါးစပ်မှာ ချွဲကျိနေသည်။ တစ်ခါတစ်ရံ မျက်ရည်ပူများ စီးကျကာ မြင်ကွင်းက ဝါး၍သွားတတ်သေးသည်။ ခေါင်းပေါ်မှာ ဆောင်းလာသော သင်္ကန်းတဘက်ကို ယူကာ မျက်ရည်ပူများကို သုတ်ပစ်ရသည်။

“အန္ဓုဝံ မေ ဇီဝိတံ၊ ဓုဝံ မေ မရဏံ၊ အဝဿံ မယာ မရိတဗ္ဗမေဝ မရဏ၊ ပရိယောသနံ မေ ဇီဝိတံ၊ ဇီဝိတ မေဝ အနိယတံ၊ မရဏံ နိယတံ”

“ငါ၏ အသက်သည် မမြဲခဲ့၊ ငါ၏ သေခြင်းသည် မြဲခဲ့၏။ မချွတ်ဧကံ အမှန်စင်စစ် သေရမည်သာ၊ ငါ၏အသက်သည် သေခြင်းအဆုံးရှိ၏။ အသက်သည် မမြဲသည်သာ၊ သေခြင်းသည်မြဲ၏”

ပါးစပ်က မတိုးမကျယ် သံဝေဂဂါထာကို ညည်းညူနေမိသော်လည်း အကြည့်ကခြံဆီသို့သာ ရောက်နေသည်။ ခြံအတွင်းသို့ ကားတစ်စီးမောင်းဝင်သွားသည်ကို မြင်လိုက်ရသည်။

ဘယ်သူတွေပါလိမ့်၊ ဘာလာလုပ်ကြပါလိမ့်။ သည်အိမ်မှာ လူသူများပြားနေမည်ကို မလိုလားမိ။ လူသူ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေမည်ကို စိတ်ကအနှောင့်အယှက်ဖြစ်လာသည်။ မနေ့ကသည် နေရာက ဖြတ်သွားရစဉ် လူရှင်းနေသည်။ ခြံတံခါးပိတ်ထားသည်။ အိမ်ထဲမှာပင် လူရိပ်လူယောင်မရှိ။

မနေ့က ဒေါ်ခေမာသည် ကိုကျော့မောင်နှင့်အတူ ဘတ်စ်ကားစီး၍သည်လမ်းမှ ဖြတ်ခဲ့ကြသည်။ ကိုကျော့မောင်က သည်အိမ်မှာ နန်းကိန္နရီနေသည်ဟု ပြခဲ့သည်။ ကိုကျော့မောင်အနေဖြင့် လိုလိုချင်ချင် ပြခဲ့သည်ကားမဟုတ်။ သူသည် ရေနံချောင်းမှသည် ရန်ကုန်သို့ ဒေါ်ခေမာအား ခေါ်ဆောင်ခဲ့သော်လည်း နန်းကိန္နရီရှိသော နေရာကိုပြပေးပါဆိုသည့်အခါ အင်တင်တင်လုပ်နေသည်။ နောက်မှ လိုက်ပြပေး ခြင်းဖြစ်သည်။

သည်ကနေ့တွင်မူ ဒေါ်ခေမာသည် သူ့အကူအညီ မယူဘဲ တစ်ကိုယ်တည်း ထွက်လာခဲ့လေသည်။

ကိုကျော့မောင်ကတော့ အပြောသား။ အေးအေးဆေးဆေး ဆွေးဆွေးနွေးနွေးလုပ်ပြီးမှ သွားရောက် တွေ့ဆုံဖို့ ဖြစ်သည်။ သို့ပေမဲ့ ဒေါ်ခေမာ မစောင့်ချင်တော့၊ မစောင့်လိုတော့။ အေးအေးဆေးဆေး ဆွေးနွေးပြီးမှ သွားရောက်ခြင်းလည်းမပြုချင်။

“သူတို့က ကျွန်မ ဘယ်သူဘယ်ဝါဆိုတာ မသိစေချင်ပါဘူး။ ကျွန်မဘာသာ သူတို့ကို မြင်ရတွေ့ရရင် တော်ပါပြီ ကိုကျော့မောင်။ ကျွန်မ သူတို့ဆီ ရောက်လာတယ်ဆိုတာကိုတောင် သူတို့မရိပ်မိစေချင်ဘူး”

ဒေါ်ခေမာက ကိုကျော့မောင်၏စကားကို ငြင်းပယ်ကာ အချိန်ကြာမြင့်သည်အထိ မစောင့်တော့ဘဲ အထီးတည်းလာခဲ့သည်။ ယခုမူ သူတို့ရှိရာ အရပ်နှင့် နီးကပ်လာလေပြီ။ သူတို့မျက်နှာများကို မြင်တွေ့ရဖို့အချိန် မဝေးတော့။ ထိုအခါကျမှပင် ရင်များခုန်လာလျက် ခြေလှမ်းတုံ့နေမိသေးတော့သည်။

ဒေါ်ခေမာသည် သစ်ပင်ရိပ်အောက်မှ ထွက်လိုက်သည်။ နေပူရှိန်နှင့် ထိတွေ့ရသည်။ နေပူရှိန်သည် ကိုယ်အတွင်းမှ သွေးကိုဆူဝေစေတော့မည့်နှယ် ပူလောင်လှသည်။ သူသည် သင်္ကန်းတဘက်ကို ခေါက်လျက် ခေါင်းပေါ်သို့ တင်ထားသည်။ မျက်နှာကို သင်္ကန်းဖြင့် တစ်စွန်းတစ်စ ဖုံးထားသည်။

တွေ့ရပါလေပြီ။ ပင်လယ်ကန်စွန်းစည်းရိုးနှင့် အိမ်။ ခြံအတွင်းမှာ မော်တော်ကားသုံးစီး ရပ်ထားသည်။ အိမ်အတွင်းမှာ လူအချို့ သွားလာလှုပ်ရှားနေ ကြသည်။ ဒေါ်ခေမာ၏ရင်မှာ ပိုမိုတုန်လှုပ်လာသည်။ သွေးခုန်နှုန်းသည် မြန်ဆန်လာသည်။ အဘယ်ကြောင့်ဟူ၍တော့ မသိ၊ ချောက်ချားခြင်းသည် တစ်ကိုယ်လုံးကို လွှမ်းမိုးလာသည်။

အိမ်အတွင်းဝယ် နန်းကိန္နရီသည် အလုပ်ရှုပ်လျက်ရှိသည်။ အိမ်တွင် လက်တိုလက်တောင်း ခိုင်းထားသော မိန်းကလေးတစ်ယောက်ရှိသည်။ ထိုမိန်းကလေးနှင့် နန်းကိန္နရီတို့သည် ခေါက်ဆွဲ ပန်းကန်များ ပြင်နေသည်။ မျိုးထွန်းသိန်းက သူတို့ကို အကူအညီပေးနေသည်။ စောစောကပင် ဦးကျော်ထွန်း၊ ဒေါ်နွယ်နွယ်နှင့် နွယ်နွယ်ထွန်းတို့ ရောက်လာကြသည်။ နွယ်နွယ်ထွန်းသည် စနေနေ့ က ဦးကျော်ထွန်းတို့အိမ်သို့ သွားရောက် အိပ်စက်သည်။ 

ထို့ကြောင့် ဦးကျော်ထွန်းတို့နှင့်အတူ ရောက်လာခြင်းဖြစ်သည်။ မျိုးထွန်းသိန်း၏ မိတ်ဆွေအချို့တို့သည်လည်း ရောက်နှင့်နေပြီ။ ဒေါ်ရေနံ့သာ ခင်ခင်ကြီးတစ်ယောက်သာ ရောက်ရှိရန် ကျန်ပေတော့သည်။

သည်ကနေ့ ကိုကိုဦး ခြောက်လပြည့်သောနေ့။ သည်ကနေ့ အိမ်မှာ အုန်းနို့ခေါက်ဆွဲ လုပ်စားကြသည်။ ဧည့်ပရိသတ် စုံစုံလင်လင် ရောက်နေကြသည်။ နွယ်နွယ်ထွန်းသည် ကလေးကို ချီထားသည်။ ချော့မြှူနေသည်။

ဒေါ်ခေမာသည် ခြံတံခါးပေါက်မှနေကာ အိမ်အတွင်းသို့ လှမ်းကြည့်လိုက်သည်။ ကလေးချီထားသော နွယ်နွယ်ထွန်း၏အသွင်ကို ခပ်ဝါးဝါး မြင်ရသည်။ သူ့စိတ်တွင် ကလေးချီထားသူမှာ နန်းကိန္နရီကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်ဟု ထင်နေသည်။ သူ့ရင်ထဲမှာ မောလာသည်။ အိမ်အတွင်းသို့ မည်သို့ဝင်ရပါလိမ့်၊ သမီးနှင့် မြေးဖြစ်သူအား မည်သို့တွေ့ဆုံရပါလိမ့်။ အခြေအနေက ထင်သလောက် မလွယ်လှပါကလားဟု တွေးမိလာသည်။ သမီးဖြစ်သူ၊ မြေးဖြစ်သူနှင့်မှ တိုက်ရိုက် တွေ့ဆုံနိုင်ခွင့်မရှိသော ဘဝပါကလားဟု စဉ်းစားမိကာ ရင်ထဲမှာနာလာသည်။ မျက်ရည်ရစ်ဝိုင်း လာသည်။

ယင်းအခိုက်မှာပင် ကျောဘက်ဆီမှ ကျယ်လောင်သော မော်တော်ကားဟွန်းသံကို ကြားရသည်။ ဒေါ်ခေမာသည် တုန်လှုပ်သွားသည်။ လန့်ဖျပ်သွားသည်။ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။

လှည့်ကြည့်လိုက်သောအခါ မိမိကျောနောက်မှာ ရပ်နေသော မော်တော်ကားကို မြင်လိုက်ရသည်။ 

ကားက မာစီဒီးအမျိုးအစား။ ကားပေါ်မှာပါလာ သူကဒေါ်ရေနံ့သာခင်ခင်ကြီး။

ဒေါ်ခေမာသည် ဒေါ်ရေနံ့သာခင်ခင်ကြီးအား ရုတ်ခြည်းမှာပင် မှတ်မိလိုက်သည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည် မော်တော်ကား နောက်ဘက်ထိုင်ခုံ၌ ထိုင်နေခြင်းဖြစ်သည်။ ကားမောင်းသူသည် စိတ်မရှည်နိုင်သလို ဟွန်းကိုထပ်၍ နှိပ်လိုက်သည်။ ထိုအခါတွင်မှ ဒေါ်ခေမာသည် ကားကို ခြံအတွင်း ဝင်သာစေရန် လမ်းဖယ်ပေးမိသည်။ သူက သံသယ ရှင်းစေရန် “ဒါနဆန် မေတ္တာရပ်ခံပါတယ်” ဟု ဆိုလိုက်သည်။

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ကြီးမားသော ရွှေရောင်လက်ပွေ့အိတ်ကို လှမ်းယူလိုက်သည်။ လက်ပွေ့အိတ်အတွင်းမှ နှစ်ဆယ်တန်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ သူက လေးလေးစားစား အမူအရာဖြင့်ပင် နှစ်ဆယ်တန်ကို ဒေါ်ခေမာ၏ရှေ့သို့ တိုးပေးလိုက်သည်။ ဒေါ်ခေမာသည် နှစ်ဆယ် တန်ကို ဆွဲယူရန် မဝံ့မရဲဖြစ်နေသည်။ လက်မလှမ်းလိုက်မိဘဲ ရှိသည်။

ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အကြည့်သည် ဒေါ်ခေမာ၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။ အစသော် နားမလည်နိုင်သလို ဖြစ်သွားသည်။ နောက်တော့ တစ်စုံတစ်ရာ ထူးခြားသလို ဖြစ်သွားလျက် အကြည့်သည် ပိုမိုစူးစိုက်လာလေသည်။

“ယူပါ၊ အကုန်လုံး လှူတာပါ” 

ဒေါ်ရေနံ့သာခင်ခင်ကြီးက ဆိုသည်။

ဒေါ်ခေမာသည် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မျက်နှာကိုကြည့်နေရာမှ ကပျာကယာမျက်လွှာ ချလိုက်သည်။ နှစ်ဆယ်တန်ကို လှမ်းယူလိုက်သည်။

ဒေါ်ရေနံ့သာခင်ခင်ကြီးက လက်ပြလိုက်သဖြင့် မော်တော်ကားသည် ခြံအတွင်းမောင်းဝင်သွားသည်။ ဒေါ်ခေမာမှာမူကား နှစ်ဆယ်တန်ကိုကိုင်လျက် ငူငူငိုင်ငိုင်ကြီး ကျန်ရစ်ခဲ့လေသည်။

ဒေါ်ရေနံ့သာခင်ခင်ကြီး ရောက်လာသဖြင့် အိမ်မှာစည်ကားလာသည်။ သိုက်မြိုက်လာသည်။ အုန်းနို့ခေါက်ဆွဲဝိုင်းများကို ပြင်လိုက်ကြသည်။ 

ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့်အတူ ကလေးအတွက် ရွှေခြေထိတ်တစ်စုံ ပါလာသည်။ ကလေးကို ဝိုင်း၍ ဝတ်ဆင်ပေးကြသည်။

မျိုးထွန်းသိန်းသည် အိမ်ရှေ့သို့ လှမ်းကြည့်ပြီးနောက် “ဘာပါလိမ့်” ဟု ဆိုလိုက်သည်။ မျိုးထွန်းသိန်း ကြည့်ရာသို့ အားလုံးလှမ်းကြည့်လိုက်မိကြသည်။ အိမ်ခြံအတွင်း ဝင်လာသော သီလရှင်တစ်ပါးကို တွေ့ကြရသည်။ 

“အလှူလာခံတာ ထင်ပါရဲ့” 

တစ်ယောက်က မှတ်ချက်ချသည်။

ဒေါ်ခေမာသည် ခြံအတွင်းသို့ အရဲစွန့်ဝင်ရောက် လာခဲ့ခြင်းဖြစ်သည်။ မည်သို့ဖြစ်စေ သည်နေရာသို့ ရောက်ပြီးခါမှတော့ သည်အတိုင်း မပြန်ချင်။ သမီးနှင့်မြေးကို တွေ့ဖြစ်အောင်တွေ့မည်ဟု စိတ်ဆုံး ဖြတ်လိုက်သည်။

အနီးကပ်၍ မြင်ရလေမှပင် ကလေးချီထားသူမှာ ဒေါ်ရေနံ့သာခင်ခင်ကြီး၏သမီး နွယ်နွယ်ထွန်းဆိုသူ ဖြစ်မည်ဟု သိလာသည်။ နန်းကိန္နရီသည် မီးဖိုခန်းနှင့် ဧည့်ခန်းသို့ ကူးချည်သန်းချည် ပြုနေသည်။ အိမ်ရှင်မရုပ်ရည်ပီသသော နန်းကိန္နရီကို ဒေါ်ခေမာ မိမိသမီးအဖြစ် မှတ်မိလာသည်။

လူအားလုံးအနက် ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ဒေါ်ခေမာအား အနီးကပ်ကပ် အမှတ်ထင်ထင် မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏စိတ်ထဲတွင်သည်မျက်နှာမျိုးကို မြင်တွေ့ဖူးသည်ဟု ထင်နေမိသည်။ ပြီးလျှင် သူ့အမူအရာကိုလည်း စိတ်ကတယ်ပြီးမသင်္ကာချင်။ ခိုးကြောင်ခိုးဝှက် အမူအရာဖြင့် အိမ်အတွင်း လှမ်းလှမ်းကြည့်နေသည်ကို သံသယဖြစ်နေမိသည်။

“ရေတစ်ပေါက်လောက် သောက်ပါရစေရှင်” 

ဒေါ်ခေမာသည် အားယူ၍ ပြောလိုက်သည်။

နန်းကိန္နရီထွက်လာသည်။ ဒေါ်ခေမာ၏ စကားကို ကြားလိုက်သည်။ မျိုးထွန်းသိန်းက “ရေသောက် ချင်လို့တဲ့” ဟု လှမ်းပြောသည်။ နန်းကိန္နရီသည် မီးဖိုခန်းသို့ ပြန်ဝင်သည်။

ဒေါ်ခေမာသည် နွယ်နွယ်ထွန်း၏ ရင်ခွင်ထဲမှ ကလေးကို လှမ်းကြည့်သည်။ ကလေးက ချစ်စရာ ကလေးပါကလား။ ဖြူဖြူဖွေးဖွေး ဝဝတုတ်တုတ်ကလေး။ မိမိ၏သွေး မိမိ၏မြေး။ ဒေါ်ခေမာ၏ ရင်ထဲမှာ တုန်လှုပ်လာပြန်သည်။ ပွေ့ချီချင်စမ်းပါဘိ။ ပါးဖောင်းဖောင်းကလေးကို နမ်းချင်စမ်းပါဘိ။

“ဪ- မြေးရယ်”

ဆက်လက်ဖော်ပြပါမည်။