ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

ယမန်နေ့မှအဆက်

မိခင်ဖြစ်သူ ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့်ပတ်သက်၍   အကြောင်းခြင်းရာ အားလုံးကို   ကြားသိရပြီဆိုသောအခါ သူသည် ရေနံချောင်းမြို့အကြောင်းကို စိတ်မှာ  အမှတ်ထင်ထင် ရှိလာသည်။ ပင်းဘုရား၊ စနေနံဘုရား၊ ရွှေမြင်မိဘုရား စသည်တို့ကို ထပ်ကာတလဲလဲ ကြားရ သည်။  ရွှေကြာငုံရပ်၊  ရွှေဘုံသာရပ် စသည့်အမည်များနှင့် ရင်းနှီးလာခဲ့သည်။
သို့ဖြင့်  ယခုလို  ရေနံချောင်းမြို့သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရပြီဆိုသော အခါ သူ့အဖို့ နေရာဒေသတစ်ခုအကြောင်း ကို စာတစ်အုပ်၌ ဖတ်ခဲ့ရပြီး ယင်းနေရာ သို့ ကိုယ်တိုင်ကိုယ်ကျ   ရောက်ရှိရသည့် နှယ်    ခံစားရသည်။    အိပ်မက်ဖြင့်   အလည်ရောက်ရှိခဲ့ရသော     နေရာသို့  ပြန်လည်ရောက်ရှိရသည့်နှယ် ဖြစ်နေ သည်။
ယခုတော့လည်း အရာရာတိုင်းသည် ပြန်လည်၍ နေသားတကျ ဖြစ်သွားခဲ့ရပြီ ဟု ဆိုနိုင်သည်။ သို့မဟုတ် အရာရာ တိုင်း အနည်ထိုင်ခဲ့ပြီဟု ပြော၍ရသည်။ 
နွယ်နွယ်ထွန်းသည်    ပြည်လမ်းရှိ ရေနံ့သာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သို့တိုင်အောင်  ဦးကျော်ထွန်းတို့အိမ် သို့လည်း မကြာခဏ ရောက်ရသည်။ တစ်ခါတစ်ရံ မိသားစုအားလုံး ရေနံ့သာ တွင် ရက်အတန်ကြာသည်အထိ စုဝေး နေထိုင်ကြလေသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး လွတ်မြောက် လာပြီး တစ်လခန့်အကြာ၌ ဦးခင်မောင် ညွန့်နှင့် ဒေါ်ဝင်းရီတို့ ရေနံချောင်းသို့ ပြန်သည်။ ဗိုလ်မှူးညိုထွန်းသည်လည်း တာဝန်ရှိရာသို့ ပြန်လည်ထွက်ခွာသွား သည်။
သည်အတွင်းမှာ ဒေါ်ရေနံ့သာခင်ခင်ကြီး သည် တရားအားထုတ်ခြင်း၌ မွေ့လျော် နေသည်။ သူသည် တရားရိပ်သာများ၌ အချိန်ကုန်များသည်။    ဇရပ်တန် ဆောင်းစသော ဒါနကိစ္စများကို  စေတနာ ထက်သန်စွာ ဆောင်ရွက်နေလေသည်။
နွယ်နွယ်ထွန်းသည်လည်း အာရုံနစ် မြုပ်နေသည်။ တစ်နေ့တစ်နေ့ အချိန် ကုန်လိုက်မှန်းမသိရလောက်အောင်ပင် တာဝန်ပိနေလေသည်။
တစ်လောကပင် ဝမ်းသာစရာသတင်း စကားတစ်ရပ်ကို ရေနံ့သာနှင့်ပတ်သက် သော   အသိုင်းအဝိုင်းက   ကြားကြရ သည်။  ဤသည်မှာ  နန်းကိန္နရီသည် သားယောက်ျားလေးကို ဖွားမြင်ခဲ့ခြင်း သတင်းဖြစ်လေသည်။   နန်းကိန္နရီ၏    မွေးဖွားရေးကိစ္စအရပ်ရပ်ကို  နွယ်နွယ် ထွန်းက ကိုယ်ဖိရင်ဖိ ဆောင်ရွက်ပေး ခဲ့သည်။
ဦးကျော်ထွန်း ဒေါ်နွယ်နွယ်တို့သည် လည်းကောင်း၊ ဒေါ်ရေနံ့သာခင်ခင်ကြီး၊ နွယ်နွယ်ထွန်းတို့သည်လည်းကောင်း ကလေးငယ်နှင့် အတန်ကင်းဝေးနေကြ လေရာ   နန်းကိန္နရီ၏ကလေးကိုပင် ဝိုင်း၍  အချစ်ပိုနေကြသည်။  လက်က မချနိုင်လောက်အောင်  ရှိနေကြသည်။ “ကိုကိုဦး”ဟု အမည်ပေးထားသည်။
ယင်းအမည်ကို ဒေါ်ရေနံ့သာခင်ခင်ကြီး ကိုယ်တိုင်က ပေးခဲ့သည်ဆိုသောအခါ လူတကာတို့    အံ့အားသင့်ကြရသည်။ အဆန်းတကြယ်ရှိကြရသည်။ မည်သို့ ပင်ဆိုစေ    ဒေါ်ရေနံ့သာခင်ခင်ကြီး၌ မောင်မောင်ဦးနှင့်     ပတ်သက်သော အကြောင်းခြင်းရာတို့  ပျောက်ကွယ် မသွားသေးကြောင်း၊  အတိတ်သည် သူ၏ရင်၌   အိပ်မက်သဖွယ်   ထာဝရ ငြိတွယ်နေဆဲရှိသေးကြောင်း ထင်ရှား သည်။
တစ်ခါတစ်ခါတော့လည်း နွယ်နွယ်ထွန်း သည် ဖခင်ဖြစ်သူနှင့်ပတ်သက်၍ စိတ်၌ ဆန်းကြယ်သောအတွေးများ   ဝင်လာ ရသည်။ အဘယ်ကြောင့် သည်မျှအထိ သည်မိသားစုနှစ်စု၌      အငြိုးအတေး အမုန်းအတီး ကြီးမားရပါလိမ့်ဟု စဉ်းစား မိသည်။   တစ်ခါတစ်ရံတွင်  ဖခင်ကို အသက်ထင်ရှားရှိစေချင်သောဆန္ဒများ ပေါ်ပေါက်လာမိတတ်လေသည်။
အများ၏ပြောစကားအရ     ဆိုပြန် တော့လည်း  တမ်းတစိတ် ဖြစ်ပေါ်မိ သည်။ အထူးသဖြင့် ဗိုလ်မှူးညိုထွန်း၏ စကားများအရ စင်စစ် မိမိ၏ဖခင်ဖြစ်သူ သည် များစွာ ရက်စက်လိုသောဆန္ဒမရှိခဲ့။ အခြေအနေအရပ်ရပ်နှင့် မလွှဲမရှောင် သာသောဖြစ်ရပ်များကြောင့် ရက်စက်ရာ ကျခဲ့သည်ဟု သိရသည်။ တစ်ရက်တည်း ဟူသော   အချိန်ကာလကလေးက ဘဝများစွာကို ပြောင်းလဲစေခဲ့ကြောင်း သဘောပေါက်ရသည်။ ယင်းအခါမျိုးတွင် နွယ်နွယ်ထွန်းမှာ   ဖခင်ကို တမ်းတမ်း ဆွတ်ဆွတ် ဖြစ်မိတတ်လေသည်။ 
ရေနံချောင်းမှ စာလာသည်။ ဒေါ်ဝင်းရီ ထံမှဖြစ်သည်။ ရေနံချောင်းသို့ အလည် အပတ်လာရန်ပင်ဖြစ်သည်။    ကံအား လျော်စွာ နွယ်နွယ်ထွန်းသည် အလုပ်မှ ခွင့်ရခဲ့သည်။   သို့ဖြင့် ရေနံချောင်း သို့ရောက်လာရသည်။   ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည်လည်း    သူနှင့်အတူ ပါလာခဲ့သည်။   ရေနံချောင်းသို့သွားရုံ သာမဟုတ်၊ ပုဂံညောင်ဦးဘုရားဖူးရန် အတွက်လည်း ဖြစ်သည်။
ယခုတော့ ရွှေကြာငုံသို့လည်း ရောက် ရပြီ။ ရွှေဘုံသာသို့လည်း ရောက်ဖူးပြီ။ စနေနံကိုလည်း  ဖူးရပြီ။ ပင်းဘုရား ကိုလည်း ဖူးရပြီ။
ပင်းဘုရားသို့ နွယ်နွယ်ထွန်း ရောက်ရ သောအချိန်ကာလမှာ ဘုရားပွဲတော်ရက် မဟုတ်။ ထို့ကြောင့်လည်း စည်ကား သိုက်မြိုက်ခြင်းမရှိ။     ခြောက်သွေ့ တိတ်ဆိတ်နေသည်။ ပင်းဘုရားသို့လာ ရာလမ်းတစ်လျှောက်မှ တောင်အထပ် ထပ်ကို နွယ်နွယ်ထွန်း သဘောကျသည်။ အမြင်မှာ   ဆန်းနေသည်ဟုထင်သည်။ ချုံစေးပစ်များသာ    ပေါက်ရောက်ပြီး မြေနီမြေကြမ်းများသာ     ဖြစ်သည်။ တောင်အထပ်ထပ်မှာ လှိုင်းထနေသည့် သဖွယ်ဖြစ်သည်။  တစ်မျှော်တစ်ခေါ် လှမ်းမြင်ရသည်။
ပင်းဘုရားကို    ဖူးမြော်ရသည်၌ မိခင်နှင့် ဖခင်တို့၏ ဇာတ်လမ်းစရာကို အမှတ်ရသည်။ ယခုအခါ လူသူကင်းမဲ့ နေသောဇရပ်များတွင် တစ်ချိန်ကတော့ လူသူကျပ်ညပ်နေပေလိမ့်မည်။ အပြန့် ကျယ်သော သောင်တစ်ကြောတွင် တစ်မျှော် တစ်ခေါ် ရှည်လျားသော ပွဲဈေးတန်းရှိပေ လိမ့်မည်။   ညင်ညင်သာသာစီးဆင်းနေ သော   ပင်းချောင်းရေဝယ်  ဘုရားပွဲ လာတို့ ရေချိုးမြူးပျော်ကြပေလိမ့်မည် ထင်သည်။ နွယ်နွယ်ထွန်းသည် ဘုရား ရင်ပြင်ပေါ်မှနေ၍ အဝေးမှ ကြက်သွန် ခင်းစိမ်းစိမ်းများကိုလည်း    လှမ်းမျှော် ကြည့်မိသည်။    ပင်းတစ်ဖက်ကမ်းမှ ထန်းတောညိုညိုကိုလည်း ရှုမောခဲ့မိ သည်။   ပင်းချောင်းရေထဲသို့ဆင်းကာ သဲနုနုကလေးများကို လက်ဖြင့် ကျုံးယူ မိခဲ့သည်။ ဒေါ်ဝင်းရီ ပြောပြခဲ့လေသော ဇာတ်ကြောင်းသည်   သူ့အတွက်  ပိုမို လေးနက်ခြင်းရှိလာရသည်ဟု   ထင် သည်။
စနေနံဘုရားမှနေ၍ လှမ်းမြင်ရသော ဧရာဝတီမြစ်ရှုခင်းကို   နွယ်နွယ်ထွန်း နှစ်ခြိုက်သည်။ ဆောင်းအခါဖြစ်၍ မြစ် အတွင်း၌   သောင်တို့   အပြန့်ကျယ်စွာ ထွန်းနေသည်။   ရေစီးကြောင်းသည် အဝေးမှာရှိပြီး    ညင်သာသိမ်မွေ့ဟန် ပေါက်နေသည်။ ကမ်းပါးပြတ်ဖွေးဖွေးတို့ သည်ကား    မာန်ထနေသော    မြွေ၏        ပါးပြင်းများနှယ် ဖြစ်လေသည်။ ဆည်းဆာ ချိန်လည်းဖြစ်မည်၊  လူသူကင်းရှင်းချိန် လည်းဖြစ်မည်ဆိုလျှင် စနေနံမှာ နားနား နေနေထိုင်နေရသည်ကို နွယ်နွယ်ထွန်း သဘောကျနေသည်။ ရေနံချောင်းသို့ ရောက်နေစဉ်ရက်များအတွင်း စနေနံ သို့ ဆည်းဆာချိန်များ၌ အရောက်များ သည်။
ဤသည်မှာ စနေနံမှ လှမ်းမျှော်မြင် တွေ့ရသော ကြည်နူးသာယာဖွယ် ရှုခင်း ကြောင့်ချည်းမဟုတ်ပေ။ အခြားအကြောင်း တစ်ရပ်တော့ ရှိပေသေးသည်။
တစ်နေ့တွင်   နွယ်နွယ်ထွန်းသည် စနေနံဘုရားသို့ အထီးတည်းလာခဲ့သည်။ ကားကို ကိုယ်တိုင်မောင်းခဲ့သည်။ ဘုရား ပေါ်သို့တက်ခဲ့ကာ     အနောက်ဘက် အရုဏ်ခံတန်ဆောင်းမှနေ၍    ဧရာဝတီ မြစ်ပေါ်မှာကျနေသော    ဆည်းဆာကို ငေးမောနေမိသည်။    နေဝင်ခါနီးတွင် ရင်ပြင်မှ ပြန်ဆင်းလာခဲ့သည်။ လှေကား ထစ်တစ်နေရာတွင် အောက်မှတက်လာ သောလူတစ်ယောက်နှင့်    ပက်ပင်းပါ ဆုံရသည်။ ထိုသူသည် မိမိအား စူးစူး စိုက်စိုက်ကြီး     ကြည့်နေကြောင်း နွယ်နွယ်ထွန်းတွေ့ရသည်။    သူသည် အသက် ၅၀ ပတ်ဝန်းကျင်လောက် ရှိပုံ ရသည်။ မျက်နှာမှာ ကျောက်ပေါက်မာ သဲ့သဲ့ရှိသည်။
သူက စူးစိုက်ကြည့်နေရုံသာမကသေး သိမှတ်မိသလိုအမူအရာလည်း ပြသည်။ သို့ရာတွင်   ဝေခွဲမရနိုင်သေးဟန်ဖြင့် စဉ်းစားသလို တွေနေသည်။ နွယ်နွယ်ထွန်း က သူ့အမူအရာကို   ဆန်းကြယ်သည် ထင်မိကာ သူ့မျက်နှာကို အကဲခတ်သလို ကြည့်မိသည်။   သည်အခိုက်   သူ့ထံမှ အသံထွက်ပေါ်လာသည်။
“နန်းကိန္နရီ မဟုတ်လားဟင်” 
သူ၏အမေး။    ရုတ်တရက်တွင် နွယ်နွယ်ထွန်းသည်    ကြောင်သွားပြီး “ရှင်” ဟု ဆိုလိုက်မိသည်။ 
“မင်း၊ မင်း နန်းကိန္နရီမဟုတ်လား” 
သူကထပ်မေးသည်။ 
“မ  မဟုတ်ပါဘူး” 
နွယ်နွယ်ထွန်း   ပျာပျာသလဲ   ဆိုမိ သည်။ 
“ဪ... နန်းကိန္နရီများလားလို့”
သူက သည်မျှသာဆိုလျက် လှေကား အတိုင်း ဆက်လက်တက်မည်ပြုသည်။ နွယ်နွယ်ထွန်း၏စကားသံက    သူ့ခြေ လှမ်းကို တုန့်စေလိုက်သည်။
“ဦးက နန်းကိန္နရီကိုသိလို့လားဟင်” 
နွယ်နွယ်ထွန်း၏အမေးကို    သူက ပြန်ဖြေသည်။ 
“သိတယ်ဆိုပါတော့ကွယ်”
နွယ်နွယ်ထွန်းသည် သူ့ကို စိတ်ဝင်စား လာသည်။   စကားစမြည်  ပြောလိုစိတ် ပေါ်လာသည်။
“ကျွန်မဟာ  နန်းကိန္နရီမဟုတ်ပေမဲ့ နန်းကိန္နရီကိုသိပါတယ်”
ဆက်လက်ဖော်ပြပါမည်။