ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

 

သူ၏အမေးကို တရားသူကြီး မကြား။ အခြား အသံဗလံတို့အကြားတွင် နစ်မြုပ်ပျောက်ကွယ်သွား သည်။ အမေးကို တရားသူကြီးကိုယ်စား ဦးခင် မောင်ညွန့်က ဖြေသည်။

 

“ညီမ ဘာအပြစ်မှမရဘူး၊ အမှုက ကွင်းလုံးကျွတ် လွတ်ပြီ။ လွတ်ပြီ ကျွတ်ပြီပေါ့။ ညီမ ဝမ်းမသာဘူး လားဟင်”

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် မယုံကြည်နိုင်သလို ရှိသည်။ အံ့သြနေသည်။

 

“သူ့ကို ကျွန်မသတ်လိုက်တာပါ။ ကျွန်မလက်နဲ့ သတ်လိုက်တာပါ”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး  အော်ပြောသည်။ ဤသည်ကိုလည်း အနီးအပါးမှလူတို့မှအပ အခြားသူတို့ မကြားနိုင်။ တရားသူကြီးမင်းသည် ရုံးခန်းကို ကျောပေးသွားပြီ။ လာလမ်းအတိုင်း ပြန်လည် ထွက်ခွာသွားပြီ။

 

ဦးခင်မောင်ညွန့်တို့လူသိုက်သည် မှင်တက်မိ နေကြသည်။ စိုးရိမ်မကင်း ဖြစ်သွားကြသည်။

 

“ညီမရဲ့စိတ်ကို အေးအေးထားပါ။  တည်တည် ငြိမ်ငြိမ်ထားပါ”

 

ဗိုလ်မှူးညိုထွန်းက နားအနီးသို့ တိုးကပ်သတိပေးသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မျက်နှာမှာ ကြေကွဲဟန်၊ ဝမ်းနည်းဟန်များ  ပေါ်ပေါက်လာသည်။ မကျေနပ်နိုင်သလို ရွတ်ဆိုနေသည်။

 

“အနည်းဆုံး ကျွန်မကို သေဒဏ်လောက်တော့ ပေးခဲ့ဖို့ကောင်းပါတယ်ရှင်”

 

သူ၏အသံမှာ ဆို့ဆို့နင့်နင့် ဖြစ်နေသည်။

 

ဒေါ်ဝင်းရီသည်  ဒေါ်ရေနံ့သာခင်ခင်ကြီး၏   လက်မောင်းကို  ဆုပ်ကိုင်လိုက်သည်။  လူအုပ်အကြားမှ တိုးထွက်ရန် ကြိုးစားသည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီးကို လူတို့အလယ်မှ ဆွဲထုတ်လာခဲ့သည်။ ဝန်းရံနေသောသူတို့ကို တွန်းဖယ်ရသည်။

 

“အိမ်ကို ပြန်ကြပါစို့။ ညီမ ပင်ပန်းလှပါပြီကွယ်။ နားဖို့ကောင်းနေပါပြီ”

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ဒေါ်ဝင်းရီခေါ် ဆောင်ရာနောက်သို့  ပါလာသည်။ ဒရိုင်ဘာသည် ကားကို ရုံးပေါက်ဝ၌  အသင့်ရပ်ထားပေးသည်။ တံခါးကို အသင့်ဖွင့်ထားပေးသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးကို ကား၏နောက်ခုံတန်း ဒေါ်ဝင်းရီနှင့် ဦးခင်မောင်ညွန့်တို့အလယ်မှာ ထိုင်စေ သည်။ ဗိုလ်မှူးညိုထွန်းသည် ကား၏ ရှေ့ခုံတန်းမှာထိုင်သည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးအား သယ်ဆောင်သွားသည့်ကား ရုံးရှေ့မှ ထွက်ခွာလာသည်။ ကားကို လူတို့ မျက်စိတစ်ဆုံး မျှော်ကြည့်ရင်း ကျန်ရစ်ခဲ့ကြသည်။

 

ရုံးခန်းမှာ ပြန်လည်တိတ်ဆိတ် ငြိမ်သက်သွားပြန်လေသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ကားတံခါးပေါက်မှနေ၍ ပြင်ပရှုခင်းများကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ မျက်တောင်မခတ်တမ်း ကြည့်နေသည်။

 

သူ၏ အမြင်တွင် အရာအားလုံး သစ်ဆန်းလျက် ရှိသည်ဟု ထင်သည်။  ယခင်က  တွေ့ဖူးမြင်ဖူးခဲ့သည်နှင့် ခြားနားနေသလို  ဖြစ်သည်။ လမ်းကြီးလမ်းငယ် အသွယ်သွယ်တို့သည် လည်းကောင်း၊ တိုက်တာအိမ်ခြေ အမျိုးမျိုးတို့သည် လည်းကောင်း၊ သစ်ပင်တို့သည်  လည်းကောင်း၊ လူတို့သည်လည်းကောင်း  အပြောင်းအလွဲဖြစ်နေသည်ဟု ထင်ရသည်။

 

သုံးနှစ်နီးပါး အချိန်ကာလသည်  အရာရာကို ပြောင်းလွဲပစ်လိုက်လေသည်လားမသိ။ ယခုတော့လည်း အိပ်ပျော်ရာမှ လန့်နိုးရသူလိုဖြစ်သည်။ အဖြစ်အပျက်အားလုံးတို့သည် စိတ်အစဉ်၌ ထင်ဟပ်နေလေသော အိပ်မက်နှယ်ဖြစ်သည်။ ကြောက်စမပြေ လက်စမ်းချေမှ အထွေအဆန်း အိပ်မက်မှန်း သိရသလိုရှိသည်။

 

ယခုလို အခြေအနေဖြင့် မြင်ရတော့လည်း ကမ္ဘာလောကကြီးမှာ ကျယ်ပြန့်လှသည်။ လွတ်လပ်လှ သည်။ လူတွေ၊ ကားတွေ လှုပ်လှုပ်ရွရွ ရှိလွန်းလှ သည်။ ပျားပန်းခပ်မျှ သွားလာနေကြသည်။ အသံဗလံတို့ ဆူညံနေသည်။

 

သူ့အဖို့ ယင်းအတွေ့အထိ၊ သည်အငွေ့အသက်တို့သည် သူစိမ်းဆန်နေသယောင်  ထင်ရသည်။ တောမှ ကလေးတစ်ယောက် မြို့သို့ရောက်လာသည့်အခါ အရာရာတိုင်းကို တအံ့တသြ ငေးမောကြည့် မိသည်သို့ ရှိသည်။

 

ကားအတွင်း၌ ပါလာကြသူအားလုံးပင် ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ အရိပ်အကဲကို စောင့်ကြည့်နေကြ သည်။ စကားမပြောဖြစ်ကြ၍ တိတ်ဆိတ်နေသည်။

 

ကားသည် ပြည်လမ်းမအတိုင်း မောင်းနှင်လာသည်။ ယင်းအချိန်တွင် ဗိုလ်မှူးညိုထွန်းသည် လက်မှ နာရီကို တကြည့်ကြည့်ဖြစ်နေသည်။ သူ၏မျက်နှာမှာ တစ်စုံတစ်ရာအတွက် အလောတကြီးရှိရဟန် ပေါ်ပေါက်နေသည်။

 

အဆုံးတွင် သူသည် စိတ်စောရမှုကို ထိန်းချုပ် ထားခြင်းငှာ မစွမ်းသာတော့သလို ဖွင့်ပြောသည်။

 

“ကိုယ်တို့ မီမှမီနိုင်ပါ့မလား မသိဘူး”

 

သည်တွင် ဦးခင်မောင်ညွန့်သည်လည်းကောင်း၊ ဒေါ်ဝင်းရီသည်လည်းကောင်း  လက်မှနာရီကို အသီးသီး ငုံ့ကြည့်ဖြစ်ကြသည်။

 

“မီလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ စိတ်ချရအောင် မြန်မြန်မောင်းကွာ”

 

ဦးခင်မောင်ညွန့် ဆိုသည်။

 

ကား၏အရှိန်သည် သိသိသာသာ မြင့်တက်လာသည်။ ရေနံ့သာနှင့်နီးလာပြီဖြစ်ကြောင်းသိရသည်။ အင်းလျားလေးစခန်းကို လှမ်း၍မြင်လာရလေပြီ။ ရင်ထဲမှာ နွေးလာသည်။

 

ရေနံ့သာသည် မိမိအား ကြိုလင့်နေပြီထင်သည်။ အေးချမ်းသာယာသောအဆင်းကို ဆောင်တတ်သော ရေနံ့သာ၊ ချမ်းမြေ့ကြည်နူးမှုကို ပေးစွမ်းတတ်သော ရေနံ့သာ၊ နှစ်အတန်ကြာမျှ ကွဲကွာနေခဲ့ရသော ရေနံ့သာ။ မည်သို့ဆိုစေ ရေနံ့သာသည် မိမိအား လှိုက်လှဲပျူငှာစွာ ဆီးကြိုလိမ့်မည် ထင်ပါသည်။

 

ဗိုလ်မှူးညိုထွန်းသည် ၎င်းတို့စီးနင်းလာသော ကားရှေ့မှခံနေသည့် ကားများကိုကြည့်ကာ စိတ် အနှောင့်အယှက် ဖြစ်နေရသည်။ လက်မှနာရီကို အခါခါ ငုံ့ကြည့်သည်။

 

“ခုနစ်မိနစ်ပဲ ကျန်တော့တယ်။ အချိန်မီရောက်ပါ့မလား” မေးသည်။ သူသည် ကား၏အရှိန်ကို ကျေနပ်နိုင်သေးပုံမပေါ်။

 

ရေနံ့သာနှင့် နီးကပ်လာသည့်တိုင် ဒရိုင်ဘာသည် ကားရှိန်ကို လျှော့မချပစ်ခဲ့။ ရေနံ့သာရှေ့သို့ ကား ရောက်လာသည်။ ဒရိုင်ဘာသည် ကားကို ချိုးကွေ့ခြင်းမပြုခဲ့။ ရေနံ့သာကို ဖြတ်ကျော်မောင်းနှင်လိုက်သည်။

 

“ဘယ်သွားကြမှာလဲ ဟင်၊ ခင်ကြီးကို ဘယ်အထိ ခေါ်သွားကြမှာလဲ”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး မေးသည်။  မသိနားမလည်နိုင်သောမျက်နှာထားဖြင့် အခြားသူများ၏ မျက်နှာကို လိုက်ကြည့်သည်။

 

ဗိုလ်မှူးညိုထွန်း၊ ဦးခင်မောင်ညွန့်နှင့် ဒေါ်ဝင်းရီ တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြသည်။ တစ်ယောက်၏အကြံကို တစ်ယောက်က တောင်းခံဟန်ရှိသည်။

 

အတော်ချည်းကြာမှ ဗိုလ်မှူးညိုထွန်းက ပြုံးလိုက်သည်။ အဖြေပေးလိုက်သည်။

 

“မင်္ဂလာဒုံကိုပါ၊ လေဆိပ်ကိုပါ”

 

“အဲဒီကို ခင်ကြီးက ဘာသွားလုပ်ရမှာလဲဟင်”

 

သည်တွင်လည်း သူတို့ တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်ကြပြန်သေးသည်။

 

“ဒီကနေ့ နွယ်နွယ်ထွန်း ပြန်ရောက်မယ့်နေ့၊ တို့များနွယ်နွယ်ထွန်းကို သွားကြိုကြမလို့လေ”

 

“နွယ်နွယ်ထွန်း”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး ယင်းအမည်ကို ပဲ့တင်ထပ်လိုက်သည်။ စိတ်၌ သိမှတ်မိခြင်းမရှိသောအမည်။  မကြားဖူးသောအမည်ကို ကြားရသည့်နှယ် တွေတွေဝေဝေ ဖြစ်သွားသည်။

 

“သူ့ကို ဘာလို့ ခင်ကြီးက သွားကြိုရမှာလဲ အစ်ကိုထွန်း”

 

ဗိုလ်မှူးထွန်းသည် ပြုံးလိုက်ပြန်ပါသည်။ “အစကတော့ ညီမရုတ်တရက် အံ့အားသင့်သွားအောင် ဒီအကြောင်း လျှို့ဝှက်ထားမလို့ပဲ။ မပြောဘူးလို့ပဲ။ ဒါပေမဲ့ ညီမကြိုပြီးဝမ်းသာနှင့်ရအောင် ပြောပါတော့မယ်။ နောက်ကိုလှည့်ကြည့်လိုက်စမ်း ညီမ”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ မိမိတို့ ကားနောက်မှ ကပ်၍လိုက်ပါလာ သောကားကို မြင်ရသည်။ ကားမှာ ဗော့ဝက်ဂင်။ အဖြူရောင်။ နန်းကိန္နရီ စီးလေ့ရှိသည့်ကား။

 

ကားထဲမှာ နန်းကိန္နရီ။ မျိုးထွန်းသိန်းနှင့် အခြား အသက်ကြီးကြီး တစ်စုံတွဲကို မြင်ရသည်။

 

“ဘာသဘောလဲ အစ်ကိုထွန်းရယ်”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး မတွေးတတ်သလို ညည်းသည်။

 

“ကိုယ်တို့အားလုံး  နွယ်နွယ်ထွန်းကို  လေဆိပ်မှာ သွားကြိုကြမယ်။  ဒီကနေ့ နွယ်နွယ်ထွန်း သူ့မိခင် တိုင်းပြည်ကို ပြန်လာမယ့်နေ့။ နွယ်နွယ်ထွန်းဟာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက နိုင်ငံခြားကို သွားရတယ်။ အမေရိကန်ကို ရောက်နေတယ်။ ဆေးပညာသွားသင်တာ။ ဒီက ဒေါက်တာဘွဲ့ရခဲ့တယ်။ ဟိုမှာ သားဖွားဘက်ဆိုင်ရာ ဆေးပညာတွေ သွားသင်တာ။ သူဟာ ဦးကျော်ထွန်း၊ ဒေါ်နွယ်နွယ်တို့ရဲ့ သမီးပေါ့၊ သူတို့ရဲ့ မွေးစားသမီးပေါ့။ သူတို့ဟာ ဒီကလေးကို ဂျပန်ခေတ်တုန်းက မွေးစားခဲ့တာ။ စလင်းမှာ ဒီကလေးကို တွေ့ခဲ့တာ။ ဦးမောင်ကလေးနဲ့ ဒေါ်ရွှေသစ်ဆိုတဲ့ ပွဲစားလင်မယားဆီကတစ်ဆင့် ဒီကလေး ကို ရခဲ့တာလို့သိရတယ်။ ဒီအတိုင်း အစ်ကိုထွန်းတို့ စုံစမ်းလို့ရတယ်”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး၏မျက်နှာတွင် အပြောင်းအလဲများစွာ ဖြစ်သွားသည်။ အတုန်တုန် အလှုပ်လှုပ် ဖြစ်သွားရခြင်း  အရိပ်အသွင်များ လွှမ်းလာသည်။ သူ၏ နှုတ်ခမ်းတို့လည်း တဆတ်ဆတ်တုန်လာသည်။ တရွရွ လှုပ်လာသည်။

 

“ပွဲစား ဦးမောင်ကလေး၊ ဒေါ်ရွှေသစ်တို့ဆီက ဟုတ်လား”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး အတန်ကြာမျှ တွေသွား သည်။ ပြီးမှ -

 

“ဒါ၊ ဒါဖြင့် နွယ်နွယ်ထွန်းဟာ ခင်ကြီးရဲ့သမီး မဟုတ်လားဟင်၊ ပျောက်ဆုံးခဲ့ရတဲ့ ကလေးမဟုတ် လားဟင်”

 

စကားသံသည် အသည်းနှလုံးမှ ထွက်လာသည်သို့ ရှိသည်။ ဝမ်းသာမှုအဟုန်ကြောင့် တုန်နေသည်။

 

“ဒါပေါ့ သူဟာ ညီမရဲ့ သမီး၊ သမီးမှ သမီးအရင်း၊ အစစ်အမှန်”

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည်  ကားအတွင်းရှိ   လူအားလုံးတို့၏ မျက်နှာများကို လိုက်ကြည့်သည်။

 

ဆက်လက်ဖော်ပြပါမည်။