ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

 

သည်နေရာတွင် တရားသူကြီးသည် စီရင်ချက်ဖတ်ပြခြင်းမှ ခေတ္တနားလိုက်သည်။ ခေတ္တရပ်ဆိုင်း လိုက်သည်။

 

ရုံးခန်းအတွင်း လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ တီးတိုးစကားပြောသံများ ပေါ်လာသည်။ တစ်စ ထက်တစ်စ ဆူညံလှုပ်ရှားလာသည်။

 

အသံဗလံများကြောင့် ဒေါ်ရေနံ့သာခင်ခင်ကြီး လူအများဆီသို့ သမင်လည်ပြန်ကြည့်မိပြန်သည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် လူတို့၏ဗဟိဒ္ဓ သဏ္ဌာန်အလုံးစုံကို မြင်တွေ့မိသည်မထင်၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတိုင်းကို မတွေ့။ သူမြင်တွေ့ မိသည်မှာ လူတို့၏ မျက်လုံးများသာဖြစ်သည်။ ဝိုင်းစက်သော၊ ပြူးကျယ်သော၊ တောက်ပသော မျက်ဝန်းများကိုချည်း မြင်တွေ့ရသည်ဟု ထင်သည်။ ၎င်းတို့သည် မိမိ၏ကိုယ်ပေါ်မှာချည်း ကျရောက်နေသည်။ မိမိအအပါးမှာချည်း ဝန်းရံနေသည်။ မိမိမျက်နှာမှ အခြားသို့ ဖယ်မသွားကြဟု ထင်သေးသည်။

 

မျက်ဝန်းများက မတည်ငြိမ်ဘဲ လှုပ်ရှားနေသည် ဖြစ်ရာ အဆင့်ဆင့်ပွားပွား သွားသလိုရှိသည်။ ရာမှ ထောင်၊ ထောင်မှသောင်း၊ သောင်းမှသည် သိန်း သန်း၊ သိန်းသန်းမှသည် အကုဋေကုဋာ၊ အသင်္ချေ၊ အသင်္ချာ။

 

သည်မျက်ဝန်းတွေအထဲမှာ မိမိအပေါ် နာလိုနှစ်သက်နိုင်ခြင်း၊ သနားကရုဏာရှိနိုင်ခြင်း အရိပ်အယောင်ကို သယ်ယူဆောင်ကြဉ်းထားသော မျက်ဝန်းအဘယ်မျှပါနိုင်မည်မသိ။ သို့နှင့်အမျှ မလိုမုန်းထားခြင်း၊ ရွံရှာစက်ဆုပ်ခြင်းကို သယ်ပိုးထားသောမျက်ဝန်း အဘယ်မျှပါဝင်နေမည်ကိုလည်း မတွေးတတ်နိုင်။

 

မည်သို့ဆိုစေ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် အကြည့်အားလုံးမှရှောင်လွှဲချင်သည်။ မျက်ဝန်းတွေအကြားမှ ထွက်ပြေးချင်သည်။ အို အရာအားလုံးကို နောက်တွင် စွန့်ပစ်ချန်လှပ်ထားခဲ့ချင်ပါသည်။ ဖြစ်နိုင်မည်ဆိုလျှင် ကမ္ဘာ့အပြင်သို့ ထွက်ပြေးချင်သည်။ စကြဝဠာတံတိုင်းအပြင်သို့ပဲ ရောက်ရောက် အဆုံးအစမရှိသော လေဟာပြင်မှာပဲ မြောမြော။

 

တရားသူကြီးချောင်းဟန့်သည်။ ယင်းအသံသည် လှုပ်ရှားဆူညံနေသမျှကို ငြိမ်သက်သွားစေပြန်သည်။ တိတ်ဆိတ်ခြင်းကို ပြန်လည်ကြီးစိုးခဲ့စေပြန်သည်။

 

“သို့ရာတွင်”

 

တရားသူကြီး၏ ပြတ်ပြတ်တောက်တောက်နိုင်သော တစ်လုံးတည်းသောစကားသည် ရုံးခန်းနံရံများနှင့် ပဲ့တင်ရိုက်သွားသည်။

 

ယင်း “သို့ရာတွင်” သည်လူတကာတို့၏ စိတ်အာရုံ ကို ဆွဲဆောင်လိုက်သည်။ ရင်မှာမတင်မကျရှိစေပြန် သည်။ မစပ်တငံ့ ခံစားရစေပြန်သည်။

 

“သို့ရာတွင်” တရားသူကြီးသည် ယင်းစကားလုံးကို ထပ်၍ဆိုသည်။ ပြီးမှ စီရင်ချက်ကို ဆက်ဖတ်သည်။ “အမှုသွားအမှုလာ၊ သက်သေအသီးသီးတို့၏ ထွက်ဆိုချက်၊ အခင်းဖြစ်စဉ်က အခြေအနေအရပ်ရပ် တို့ကို တစ်ဖန် ဆန်းစစ်ဝေဖန်သည်ရှိသော် အောက်ပါအချက်အလက်များကို စဉ်းစားဖွယ်ရာအဖြစ် တွေ့ရှိလာရပေသည်။ တရားခံဟုယူဆရသူ ရေနံ့သာခင်ခင်ကြီးသည် သေဆုံးသူအပေါ် ကောက်ကျစ်စဉ်းလဲသော မနသီဖြင့် ကြိုတင်ကြံစည်လုပ်ကြံရန် အားထုတ်ကြိုးပမ်းမှု တစ်စုံတစ်ရာကို တရားလိုသည်လည်းကောင်း၊ တရားလိုပြသက်သေတို့သည်လည်းကောင်း၊ ထုတ်ဖော်တင်ပြထားခြင်း မရှိပေ။ ယင်းအချက်ကို ထုတ်ဖော်ရည်ညွှန်ခြင်း မတွေ့ခဲ့ရပေ။ ကြိုတင်ကြံစည်ခြင်း၊ ပြင်ဆင်ခြင်းသည် အမှုကို များစွာလေးနက်ခြင်း ရှိစေသည်ပင်။ ပြီးလျှင်ရေနံ့သာခင်ခင်ကြီးသည် သေဆုံးသူထံ သွားရောက်ရာ၌ တစ်ကိုယ်တည်း၊ အထီးတည်းဖြစ်သည်။ ပူးပေါင်းလုပ်ကြံရန်အတွက် အခြား အဖော်အပေါင်းမပါရှိ။

 

“အရေးကြီးသော အချက်တစ်ရပ် ရှိသေးသည်။ ၎င်းမှာ အကယ်၍ ရေနံ့သာခင်ခင်ကြီးအား လူသတ်သမားဟု ယူဆခဲ့ပါလျှင် အသုံးပြုသောလက်နက်သည် လူကို သေစေနိုင်သည်ဖြစ်သော်လည်း ယင်းလက်နက်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ခြင်း မရှိသည်ကို စဉ်းစားရမည်။ တစ်တောင့်တည်းသော ကျည်ဆန်ကို အသုံးပြုလျက်၊ တစ်ချက်တည်းသာပစ်ခတ်ခဲ့ကြောင်း တွေ့ရသည်။ အချက်ပေါင်း မြောက်မြားစွာဖြင့် မသေမချင်းပစ်ခတ်ခဲ့ခြင်းလောက် ရက်စက်ရာကျမနေပေ။ ပြီးလျှင် အသတ်ခံရသူ၏ ပင်ကိုအခြေအနေမှာ လွန်စွာအားနည်း လျက်ရှိကြောင်း တွေ့ရသည်။ ထိုသူသည် အဆုတ်နာ ဝေဒနာကို ခံစားလျက်ရှိခဲ့သည်။ တစ်ဖက်တည်းသော အဆုတ်ဖြင့် လူ့ဘဝ၌ ရပ်တည်နေရသူဖြစ်ကြောင်း ဆရာဝန်၏ ဆေးစာ၌ ဖော်ပြပါရှိသည်”

 

လူတို့၏အသံသည် ပြန်လည်ပေါ်ပေါက်လာရပြန်သည်။ ခေါင်းချင်းရိုက်ကာ တီးတိုးဆိုကြပြန်သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး၏အကြည့် လူတို့ထံ ကျရောက်သွားပြန်သည်။

 

ကိုကို၊ မမဝင်းရီနှင့် ဗိုလ်မှူးညိုထွန်းတို့၏ မျက်နှာ၌ သွေးရောင်ပြန်လည်လွှမ်းတက်လာသည်ကို မြင်ရပြီ။ မျက်ဝန်းများမှာ မျှော်လင့်ချက်ဖြင့် တောက်ပလာကြောင်း တွေ့ရပြီ။

 

“အရေးကြီးဆုံးသော၊ အဓိကအကျဆုံးသော အချက်ကိုဆိုပါမည်။ အမှုတစ်မှု၊ အထူးသဖြင့် လူသတ်မှုတွင် မျက်မြင်သက်သေသည် အထူးတလည်အရေးကြီးသည်။ အမှုအား လေးနက်စေခြင်း၊ ပေါ့လျော့စေခြင်းတို့ကို ဖန်တီးစေနိုင်သည်။ ယခုအမှုတွင် ရေနံ့သာခင်ခင်ကြီးကိုယ်၌က မိမိ လူသတ်မိပါသည်။ တရားလိုက လူသတ်သမားမှာ ရေနံ့သာခင်ခင်ကြီးဖြစ်ပါသည်။ လူသတ်ရာတွင် အသုံးပြုသော ဝတ္ထုပစ္စည်းများကို ကျွန်ုပ်မျက်မှောက်၌ တင်ပြနိုင်သည်မည်ကာမတ္တမျှဖြင့် ကျွန်ုပ်တို့ ၎င်းအား လူသတ်သမား၊ တရားခံဟု မှတ်ယူနိုင်ကြမည် မထင်ပေ။ အကြောင်းမှာ အဓိကကျသော၊ ပဓာနကျသော မျက်မြင်သက်သေကို တရားလိုသည် လည်းကောင်း၊ တရားလိုအကျိုးဆောင် ပညာရှိ ဝတ်လုံတော်ရမင်းသည်လည်းကောင်း တင်ပြနိုင်ခြင်းမရှိခဲ့၍ ဖြစ်ပေသည်။ တရားလိုပြသက်သေ အမှတ်တစ် မခင်သန်းနွဲ့၏ ထွက်ဆိုချက်များ၌ ရေနံ့သာခင်ခင်ကြီးကို သေဆုံးသူ၏အိမ်၌ တွေ့ရှိရသည်။ သို့မဟုတ် ရေနံ့သာခင်ခင်ကြီးဟု တပ်အပ်သေချာပြောနိုင်သော အရိပ်အယောင်ကို မြင်ရသည်ဟု မပါရှိပေ။ ရေနံ့သာခင်ခင်ကြီးက တရားခံအား သေနတ်နှင့်ပစ်ခဲ့သည်ကို မြင်တွေ့ရပါသည်ဟု မခင်သန်းနွဲ့၏ အပမှဖြစ်သော အခြားတစ်စုံတစ်ဦး ကမှလည်း သက်သေခံနိုင်ခြင်း မရှိပေ”

 

ရုံးခန်း၌ အသံတို့သည် ပိုမိုကျယ်လောင်လာသည်။ ဆူညံလာသည်။ တစ်ခါတစ်ရံ တရားသူကြီး၏ အသံကိုပင် ဖုံးလွှမ်းလာမတတ်ရှိသည်။

 

တရားသူကြီးသည် ဤသည်ကို ဂရုမထားဘဲ စီရင်ချက်ကိုဆက်၍ဖတ်သည်။

 

“ထို့ကြောင့် ယခုရုံးတော်၌ရောက်ရှိကာ အစစ်ဆေးခံနေရသော ရေနံ့သာခင်ခင်ကြီးအား လူသတ်တရားခံဟု ကြောင်းကျိုးယုတ္တိခိုင်လုံစွာ ယူဆနိုင်ရန် ကျွန်ုပ်၌ သံသယများစွာ ရှိနေပေသည်။ ယင်း သံသယ၏ အကျိုးကျေးဇူးကို ရေနံ့သာခင်ခင်ကြီးတွင် ခံစားနိုင်ခွင့်ရှိသည်။ ခံစားထိုက်သည် ဟုလည်း ရုံးတော်မှယူဆသည်။ ပြီးလျှင် ရေနံ့သာခင်ခင်ကြီးသည် မိန်းမသားတစ်ယောက် ဖြစ်သည်နှင့်အညီ တရားခံ၏ အကျိုးဆောင်ပညာရှိ ဝတ်လုံတော်ရမင်း တင်ပြသကဲ့သို့၊ မိမိကိုယ်၊ မိမိသိက္ခာ၊ မိမိအရှက်ကို ခုခံကာကွယ်ခြင်း၊ မိမိကိုယ်ကို ခုခံကာကွယ်ခြင်း အနေအထားသို့ သက်ဝင်ရောက်ရှိနိုင်ခြင်းများကိုလည်း ကျွန်ုပ်သဘောပေါက်သည်။ ၎င်းသည် တရားခံအဖြစ် စတင်ဖမ်းဆီးခြင်းခံရသည်မှ ယခုအချိန်အထိ သုံးနှစ်နီးပါး အကျဉ်းအချုပ် ခံစားခဲ့ရသည်ကိုလည်း စာနာဖွယ်အဖြစ် ကျွန်ုပ်မြင်တွေ့ရသည်။ ထို့ကြောင့်”

 

သည်နေရာတွင် တရားသူကြီးသည် သူ၏ စကားကို လူတို့ပိုမိုလေးနက်ခြင်းရှိစေလိုဟန်ဖြင့် အသံကိုမြှင့်၍ ခပ်ကျယ်ကျယ်ဖတ်လိုက်သည်။

 

ကျွန်ုပ်၏မျက်မှောက်၌ လူသတ်တရားခံအဖြစ် စွဲချက်တင်ခြင်းခံနေရသော ရေနံ့သာခင်ခင်ကြီးအား ယင်းအမှုမှ တရားသေလွှတ်ရန် ကျွန်ုပ် စီရင်ချက် ချမှတ်လိုက်သည်”

 

အစသော် ရုံးခန်းတစ်ခုလုံး အပ်ကျသံကြားရ လောက်အောင် တိတ်ဆိတ်သွားသည်။ ငြိမ်သက် သွားသည်။ လူတို့ တစ်ဒင်္ဂမျှ ကြက်သေသေနေမိ သလိုရှိသည်။

 

သည့်နောက်တွင်မူ ဝမ်းသာအားရ ဟစ်အော်လိုက်သံ၊ ပျော်ရွှင်မြူး ထူးစွာ မြည်ကြွေးလိုက်သံတို့ဖြင့် ရုံးခန်းမှာ အုန်းအုန်းကျွက်ကျွက်ဖြစ်သွားသည်။ ဆူဆူညံညံ ဖြစ်သွားသည်။

 

အရယ်တွေ၊ အပြုံးတွေ၊ အရွှင်တွေ၊ အမြူးတွေကိုချည်း တွေ့ရသည်။ လူတကာ၏မျက်နှာမှာ အပြုံး ပန်းတွေ ဝေဝေဆာဆာပွင့်နေသည်ကို မြင်ရသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် အရာအားလုံးကို ငေးစိုက်ကြည့်နေသည်။ မလှုပ်မယှက်နှင့် ငူငူ ငိုင်ငိုင်ကြီး စိုက်ကြည့်နေခြင်းဖြစ်သည်။ ယခုမှပင် အိပ်ရာမှနိုးလာရသလို ရှိသည်။

 

တရားသူကြီး၏အသံကို မကြားရတော့ပြီဖြစ်ကြောင်း သိသည်။ မိမိနှင့်ပတ်သက်၍ အမိန့်တစ်စုံ တစ်ရာ ချမှတ်ပြီးသွားခဲ့ပြီကို သိသည်။ သို့ပေမဲ့ ဒေါ်ရေနံ့သာခင်ခင်ကြီးမှာ တရားသူကြီး၏စကား တို့ကို အလုံးစုံ နားလည်မိသည်မထင်။ ပြတ်ပြတ်သားသား ကြားရသည်ဟု မထင်မှတ်။

 

လူတို့ ရုတ်တရက် ပြုံးရွှင်မြူးပျော်နေသည်ကို မြင်ရသည့်အတွက် စိတ်မှာထူးခြားသလို ခံစားရသည်။ ဆန်းကြယ်သလို ရှိသည်။ လူတို့ ရူးသွပ်သွား ကြလေပြီလားထင်သည်။သူ့အပါးသို့ အလျင်ရောက်လာသူမှာ မမဝင်းရီ။  ဒေါ်ဝင်းရီသည် သူ့ကို ထွေးပိုက်သည်။ တင်းကျပ်စွာ ဖက်တွယ်သည်။ မျက်နှာတွင် မျက်ရည်များ ရွှဲနစ်နေသည်။ သို့စင်လျက် ပြုံးရွှင်ရယ်မောနေသည်။ စကားအချို့တို့ကို တုန်တုန်လှုပ်လှုပ် ပြောနေသည်။ သူသည် ဘာတွေပြောနေသည်ကို ဒေါ်ရေနံ့သာ ခင်ခင်ကြီးမသိ။ မကြားရ။

 

နောက်တော့ ကိုကို၊ ဗိုလ်မှူးညိုထွန်း၊ နန်းကိန္နရီ၊ မျိုးထွန်းသိန်း၊ ၎င်းတို့အားလုံး မိမိအပါးသို့ ရောက် လာကြသည်။ ပြီးလျှင် မိတ်ဆွေအများအပြား။ လူတို့မိမိအပါး၌ စုပြုံဝိုင်းအုံနေကြသည်။ အပြုံးတွေ၊ အပြုံးတွေ။ မျက်ရည်လည်ရွှဲနှင့် ပြုံးနေသူတွေကို တွေ့ရသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် အားလုံးကိုပင် နားမလည်နိုင်သလို ကြည့်နေမိသည်။ သူသည် တရား သူကြီးထံ လှမ်းကြည့်သည်။ တရားသူကြီးမင်းသည် သူ၏တာဝန်ဝတ္တရား သည်မှာတွင်ပင် ပြီးဆုံးခဲ့ပြီဟု ယုံကြည်ထင်မှတ်ဟန်ရှိသည်။ စိတ်လက်ပေါ့ပါး စွာဖြင့် ထိုင်ရာမှထသည်။

 

ရှေ့ဘက်စာရေးက ရုံးမင်း နေ့လယ်စာသုံးဆောင် ချိန်ဖြစ်ကြောင်း ကြေညာသည်။ သည်မှာတွင်ပင် ဒေါ်ရေနံ့သာခင်ခင်ကြီးသည် တရားသူကြီးထံ လှမ်းမေးသည်။

 

“ကျွန်မ၊ ကျွန်မကို ဘာအပြစ်မှ မပေးဘူးလား ဟင်”

 

ဆက်လက်ဖော်ပြပါမည်။