ရေနံ့သာခင်ခင်ကြီး

ယမန်နေ့မှအဆက်

“အစ်ကို ထမင်းမစားတော့ဘူးဆို”

ကျောဘက်မှ အသံကြားရပြန်သည်။ ဂျော့၏ဇနီး အသံပင်။

နောက်သို့ လှည့်ကြည့်မိသည်။

တစ်ချိန်က မယ်တက္ကသိုလ်ဘွဲ့ရပြီး ယခုအခါ အဆမတန်ဝနေသော မေဘယ်သည် အခန်းအတွင်း ဝင်လာသည်။

“ကြည့်စမ်း။ ဒီလောက် နေမကောင်းနေတာတောင်၊ ဒီလောက်မိုးတွေရွာနေတာတောင် အနွေးထည် မဝတ်ဘူးကိုး။ တံခါးကိုလည်း ပိတ်ထားမှပေါ့။ အစ်ကိုက ကလေးကျနေတာပဲ”

မေဘယ်က စိုးရိမ်မကင်းဖြစ်မိသလို ဆိုသည်။ ထိုမိန်းကလေးသည် ဂျော့နှင့် စပ်၍ ခင်ရပေမဲ့ ကိုမောင်မောင်ဦးကို အစ်ကိုအရင်းချာလို သဘောထားနိုင် သည်။  ကပြားမကလေး ဖြစ်သည်နှင့် အညီ မကြိုက်တာရှိလျှင်လည်း ဒိုးဒိုး ဒေါက်ဒေါက် ပြောတတ်ဆိုတတ်သည်။ ပွင့်ပွင့်လင်းလင်းရှိသည်။မေဘယ်က ကိုယ်တိုင်တံခါးပိတ်မည်ပြုရာ ကိုမောင်မောင်ဦး  သူ့အလျင်ပိတ်ပစ်လိုက်သည်။ အဘယ်ကြောင့်ဟူ၍မသိ။ သူ ထွေးထားခဲ့သော တံတွေးကို မေဘယ်မြင်မှာ စိုးသည်။ 

“ထမင်းမစားချင်နေပေါ့။  ဆန်ပြုတ် ပြုတ်ထားတယ်။ ဆန်ပြုတ်သောက်ပေါ့ ”

“ကိစ္စမရှိပါဘူး။ ဘာမှမစားချင်ဘူး” 

“ဆရာဝန် ထပ်ပြကြည့်ပါဦးလားဟင်” 

“ကိစ္စမရှိပါဘူး” 

“ဒါဖြင့် ကော်ဖီသောက်” 

“ကိစ္စမရှိပါဘူး”

“ကိစ္စမရှိပါဘူး လုပ်မနေပါနဲ့။ ကဲ အနွေးထည်အရင်ဝတ်။ ပြီးတော့ ကော်ဖီ လာသောက်ဟုတ်လား”

ကိုမောင်မောင်ဦး ဘာမျှ မပြောတတ်တော့။ မေဘယ် အပြင်သို့ထွက်သွားသည်။ သူသည် အနွေးထည်ကို ကောက် ဝတ်လိုက်ရသည်။

ထမင်းဝိုင်းမှာ  တစ်ခါတစ်ရံ  ဇီဇာကြောင်သော ကလေးငယ်တစ်ယောက် ယောက်ကြောင့် စိတ်ညစ်စရာကောင်း တတ်ပေမဲ့ အများအားဖြင့် ပျော်စရာကောင်းသည်ချည်း ဖြစ်သည်။

စနေ၊ တနင်္ဂနွေလို နေ့မျိုးမှတစ်ပါး အခြားရက်များ၌ နံနက်စာထမင်းဝိုင်းတွင် ဂျော့မပါဝင်တတ်ပေ။ သူ့ကို ညနေစာ ထမင်းဝိုင်း၌သာ  တွေ့ရတတ်သည်။ သို့ပေမဲ့ ကလေးသုံးယောက်နှင့် မေဘယ်တို့၏ ထမင်းဝိုင်းမှာ စည်စည်ကားကား ရှိသည်ချည်း။ မိခင်လို အစားသန်သော ကလေးများအဖို့ တစ်ခါတစ်ရံ စားမာန် ခုပ်ရသည်ကလွဲပြီး ထမင်းမြိန်သည်ချည်းပင်။

သူတို့ဆုတောင်းအပြီး၌ ထမင်းဝိုင်းသို့ ကိုမောင်မောင်ဦး ရောက်လာသည်။   ဂျော့ရော မေဘယ်ပါ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ ထမင်းမစားမီ အိပ်ရာမဝင်မီ ၎င်းတို့ဘာသာထုံးစံအရ ဆုတောင်းကြသည်။

မေဘယ်က ကိုမောင်မောင်ဦးအတွက် ကော်ဖီတစ်ခွက်နှင့် ပေါင်မုန့်ထောပတ်သုတ် နှစ်ချပ်ပြင်ပေးထားသည်။ ကိုမောင်မောင်ဦး  ကော်ဖီတစ်ကျိုက် သောက်သည်။

“လေးလေး ဘယ်ဘုရား ရှိခိုးသလဲ ဟင်” 

ပူစူးမ၏ အမေး။

ထိုအမေးကြောင့် ကျန်ကလေးများကပါ ကိုမောင်မောင်ဦးကို ဝိုင်းကြည့်ကြသည်။

“ဘာဖြစ်လို့လဲ ပူစူးမ”

“ပူစူးမ လေးလေးကို ကြည့်နေတာ ကြာပြီ။ ထမင်းစားရင်လည်း ဆုမတောင်းဘူး။ အိပ်ရာဝင်ရင်လည်း ဘုရားရှိမခိုးဘူး။ လေးလေးမှာ ဘုရားမရှိဘူးလား ဟင်”

ပူစူးမ၏  စပ်စပ်စုစုနိုင်သော စကားကြောင့် ကိုမောင်မောင်ဦး  ပြုံးမိသည်။ သူ့အနေနှင့်  အဖြေမပေးရသေးခင် မေဘယ်ကဝင်၍ အဖြေပေးသည်။

“ဟုတ်တယ်။  နင်တို့လေးလေးမှာ ဘာဘုရားမှ မရှိဘူး။ ဒါကြောင့် ဒီအသက်၊ ဒီအရွယ်အထိ မိုက်နေတာ မတွေ့ဘူးလား”

သည်စကားကြောင့်လည်း ရယ်မိပြန်သည်။
 
“ဒါဖြင့် လေးလေးသေရင် ငရဲပြည်ကို ရောက်မှာပဲနော်”

“ဟင်”

ကိုမောင်မောင်ဦး တုန်လှုပ်သွားသည်။ ချောက်ချားသွားသည်။ သူသည် တုန်တုန် လှုပ်လှုပ် အမူအရာဖြင့် ပူစူးမကို ကြည့် လိုက်မိသည်။

“ဘုရားရှိမခိုးရင် ငရဲကြီးတတ်တယ်တဲ့။ ဒယ်ဒီကပြောတယ်။ လေးလေးမှာ ဘုရားတောင်မရှိတော့ ငရဲတွေ သိပ်ကြီးနေမှာပဲ။ သေရင် ငရဲပြည်ကိုရောက်မှာ ကျိန်းသေပဲ”

လက်မြန်သောမေဘယ်က ပူစူးမ၏ ခေါင်းကို လှမ်းခေါက်လိုက်သည်။
“မိပူစူးနော်။ တွေ့ကရာတွေ လျှောက်ပြောမနေနဲ့၊ တော်တော့”

မေဘယ်သည် ကိုမောင်မောင်ဦး၏ မျက်နှာကို မကြည့်မိ၍သာ သည်ကိစ္စမှာ သည်မျှနှင့် ပြီးစီးသွားခဲ့ခြင်းဖြစ်သည်။ အကယ်၍ ကြည့်မိပါလျှင် သည်ကိစ္စ သည်မျှနှင့် ပြီးစီးလိမ့်မည်မထင်။

ကိုမောင်မောင်ဦးသည် ပေါင်မုန့်ကို ဆက်၍မစားနိုင်။ ချောင်းဆိုးချင်စိတ် လွှမ်းမိုးလာသောကြောင့် ထိုင်ရာမှ ထရ သည်။ အိပ်ခန်းအတွင်း ဝင်လာခဲ့သည်။ အားပါးတရ ချောင်းဆိုးမိသည်။ သည် တစ်ခါ တံတွေးကို မကြည့်ရဲတော့။ မကြည့် ဝံ့တော့။ 

သူသည် အိပ်ရာတွင် လဲလျောင်းလိုက်သည်။

နားမှာ ပူစူးမပြောခဲ့သောစကားကို ကြားယောင်သည်။ ဆရာဝန်၏ သတိ ပေးစကားကိုလည်း အမှတ်ရလာမိပြန် သည်။

အဘယ်ကြောင့်ဟူ၍ မသိ။ သည် တစ်ကြိမ်လောက်  အားငယ်ပင်ပန်းမှု မျိုးနှင့် သူ့တစ်သက်တာတွင် တစ်ကြိမ်မျှ မဖြစ်ပေါ်စဖူး။ တစ်ကြိမ်မျှ မခံစားရစဖူး ဖြစ်ချေသည်။

စင်စစ်တွင်လည်း ဂျော့နှင့် ပြန်လည် ကြုံကြိုက်ရကာ ၎င်း၏ မိသားစုနှင့် အတူတကွ နေထိုင်ရပြီဆိုတော့ မိမိ၏ အထီးကျန်ဆန်လှသောဘဝကို ပြန်လည်ဆန်းစစ်မိသည်။ သူတို့၏ဘဝကို အားကျလာသလိုရှိသည်။ တွတ်တီးတွတ်တာနိုင်သော ကလေးငယ်များကြောင့် အိမ်တွင် သာယာချမ်းမြေ့တတ်သည်ကို လည်းကောင်း၊ တစ်ခါတစ်ရံ စိတ်ညစ်ဖွယ်များကြားမှ ရယ်မောရွှင်ပျရသည်ကို လည်းကောင်း  တွေ့ရမြင်ရသည်။  ကြည်နူး ဝမ်းမြောက်ဖွယ်များသည် သူတို့နှင့် ပတ်သက်၍ တစ်ကြိမ်မဟုတ်တစ်ကြိမ် ပေါ်ပေါက်တတ်မြဲပင်။

ယခင်ကတော့ အမှုမဲ့အမှတ်မဲ့ ရှိမိခဲ့သည် အမှန်ပင်။ အရက်ဆိုင်၌လည်းကောင်း၊  ဖဲဝိုင်း၌  လည်းကောင်း၊       မိန်းကလေးတို့၏ ထွေးနွေးညံ့သက်သော ရင်ခွင်၌လည်းကောင်းပျော်ရွှင်ချမ်းမြေ့ဖွယ်ကို  ရှာ၍တွေ့ခဲ့သည်  ထင်မိ၏။   ယင်းသံသရာ၌  ကျင်လည်ရင်း ဘဝ ဟူသည် သည်သို့ပါတကားဟု ကောက်ချက် ချမိခဲ့၏။

ဂျော့နှင့်ပြန်လည် ဆုံတွေ့မိကြသည်။ ယခုတစ်ကြိမ် ဆုံတွေ့ကြချိန်၌ ဂျော့ သည် မိသားစုနှင့် သိုက်သိုက်ဝန်းဝန်း ဖြစ်နေသည်။ ဤသည်ကို မြင်တွေ့ရ သောအခါတွင်မှ ဘဝဟူသော အဓိပ္ပာယ်တွင် အခြား နက်ရှိုင်းကျယ်ဝန်းသော ဖြစ်ရပ်တို့ ရှိသေးသည်ကို သဘောပေါက်သည်။ မိမိ၏ အထီးကျန်ဆန်လှသော အခြေအနေကို ဆန်းစစ်ခွင့်ရလာသည်။ ထိုအခါ မိမိကိုယ်ကို နာကြည်းမိခဲ့သည် လည်းရှိ၏။ မိမိ၏ ကုန်လွန်ခဲ့သော အချိန်များကို နှမြောတသရခြင်းတို့သည်လည်း ပေါ်ပေါက်လာခဲ့၏။

ဂျော့က သူ၏ကလေးများကို ဖက်ယမ်း နမ်းရှုပ်သည်၊ ချီပိုးထွေးပိုက်သည်တို့ကို မြင်တွေ့ရလေလျှင်  ရင်မှာ  ဆွတ်ပျံ့ ကြည်နူးရခြင်းကို ခံစားရသည်။ သူတို့ မိသားစုတစ်တွေ သိုက်သိုက်ဝန်းဝန်း နေကြထိုင်ကြသည်ကို မြင်ရလေလျှင် မိမိကိုယ်ကို ပို၍ အထီးကျန်ဆန်သည် ထင်မိပြန်၏။  တစ်ဆက်တည်းမှာပင် လွမ်းမောဖွယ်သော၊ တမ်းတဆွတ်ကျင် ဖွယ်သော အတိတ်ဖြစ်ရပ်တို့သည် နှလုံး သည်းပွတ်သို့ လှိုင်းဂယက်နှယ် ရိုက်ခတ် လာတတ်မြဲ။

“လေးလေး” 

ပူစူးမ၏အသံကို ကြားရသည်။

ကိုမောင်မောင်ဦး မှေးမှိတ်ထားသော မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ 
ပူစူးသည် ခုတင်နှင့် မနီးမဝေးတွင် ရပ်နေသည်။ ထိုကလေးမ၏ အမူအရာကို ကြည့်ရသည်မှာ   တစ်မျိုးဖြစ်နေ သည်။ ထူးခြားနေသည်။

မျက်နှာကလေးမှာ ညှိုးလျနေသည်။ မျက်ဝန်းကလေးများက တောက်ပနေသည်။ မျက်ရည်ကြည် ဝေ့လည်နေသလို ရှိသည်။ မျက်ဝန်းကလေးများမှာ စကားဆိုနေသည့်နှယ် ရှိသည်။ များစွာသော အဓိပ္ပာယ်တို့ကို သိုမှီးထားသည့်နှယ် ဖြစ်သည်။

ကိုမောင်မောင်ဦး အိပ်ရာမှ ထထိုင် လိုက်သည်။ ပူစူးမကို ပွေ့ဖက်ရန် လက် ဆန့်တန်းလိုက်သည်။   အခါတိုင်းက လက်ဆန့်တန်းလိုက်လျှင် ရင်ခွင်သို့ ပြေးဝင် မြဲဖြစ်ပါလျက် ယခုအခါ ဆုတ်ဆိုင်းနေသည်။

ပူစူးမ၏ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ကာ  ဆွဲယူလိုက်သည်။ မျက်နှာချင်းဆိုင်လိုက်သည်။ အခါတိုင်း လည်ပင်းကို သိုင်းဖက်လျက် ပါးပြင်ကို မွှေးကြူလာတတ်မြဲ  ဖြစ်ပါလျက် ယခုအခါ ပူစူးမ၏ကိုယ်ကလေးမှာ မာမာတောင့်တောင့် ဖြစ်နေသည်။ 

“ပူစူး မာမီနဲ့ စိတ်ကောက်လာသလား ဟင်”

ကိုမောင်မောင်ဦး မေးသည်ကို ပူစူး ခေါင်းခါ အဖြေပေးသည်။

“ဘိုနီက စလို့လား”

“ဟင့်အင်း”

“ဒါဖြင့် ပူစူး ဘာဖြစ်လာသလဲ လေးလေး ကိုပြောစမ်း”

ပူစူးမ ရုတ်တရက်  စကားမပြော။ ကိုမောင်မောင်ဦး၏ မျက်နှာကိုသာ စူးစိုက်ကြည့်နေသည်။ ပြီးမှ မေးသည်။

“လေးလေး ပူစူးကို စိတ်ဆိုးတယ် မဟုတ်လား” 

“ဟင်”

“စောစောက ပူစူးပြောတာကို လေးလေး သဘောမကျဘူးမဟုတ်လား”

“ဘာကိုလဲ ကလေးရယ်” 

“လေးလေး ငရဲကြီးမယ်ဆိုတာလေ”

ဆက်လက်ဖော်ပြပါမည်။