ရေနံ့သာခင်ခင်ကြီး

၃-၆-၂၀၂၂ ရက်နေ့မှအဆက်

အတော်ချည်းကြာမှ နန်းကိန္နရီ တိုးတိတ်ညင်သာစွာ ပြောမိသည်။ 

“အရီ ပြန်မယ်”

မျိုးထွန်းသိန်းသည်  နန်းကိန္နရီအား မတားဆီးတော့။ ဘာမျှလည်းပြန်မပြော။ ငူငူငိုင်ငိုင်ကြီး ထိုင်နေသည်။

နန်းကိန္နရီထိုင်ရာမှ ထသည်။ ကားရှိရာသို့ လျှောက်ခဲ့သည်။ ကားတံခါးဖွင့်၍ ဝင်ထိုင်ကာ စက်နှိုးမောင်းထွက်သည် အထိသူမလှုပ်။

နန်းကိန္နရီ ကားမောင်းထွက်လာသည်။ မျိုးထွန်းသိန်းသည် ဝေဆာသော သစ်ပင်ရိပ်နှင့် အမှောင်ထုထဲတွင် နစ်မြှုပ် ကျန်ရစ်သည်။

နန်းကိန္နရီ၏ရင်မှာ အလိုလိုနေရင်း မောနေသည်။ တစ်ခုခုကို မည်မည်ရရ တွေးတတ်နိုင်စွမ်းသည်တော့မဟုတ်။ အကြောင်းရပ်တစ်ခုခုကြောင့်ဟု မရေရာဘဲ ရင်မောသည်။

တာဝေးအပြေးသမားတစ်ယောက် ပန်းအဝင်မှာ မောရနည်းမျိုးဖြင့် မောသည်။

အဲလစ်။

သည်အမည်သည် နန်းကိန္နရီနားဝယ် ပဲ့တင်သံသဖွယ်  ရိုက်ခတ်နေသည်။ အကြိမ်ကြိမ်အခါအခါ  ကြားယောင် နေသည်။ မေ့ပျောက်ပစ်၍လည်းမရ။
အဲလစ်တဲ့။ 

ဘယ်သူများပါလိမ့်ကွယ်။

x x x x x

[ ၄ ]

မရွာတော့လည်း မရွာ၊ ရွာမယ့်ရွာ တော့လည်း အဆက်မပြတ်။ ရက်အတန် ကြာမျှ မိုးပြတ်နေခဲ့သောကြောင့် နွေ တမျှ ပူပြင်းခဲ့သည်။ ခြောက်ခြောက်သွေ့သွေ့ ရှိနေခဲ့သည်။ မနေ့ညကတော့ ဗြုန်းခနဲ၊ ဒိုင်းခနဲ မိုးရွာကျလာသည်။ သည်ကနေ့အထိ မိုးဆက်ရွာနေသည်။ ရံဖန်ရံခါဆိုသလို ပြတ်တောင်းပြတ်တောင်း ဖြစ်သွားတတ်သည်မှလွဲ၍ အဆက်မပြတ် စွေနေသည်။

အညာဒေသ၏ နှောင်မိုးသည် အငြိုးတကြီးရှိလှသည်။

ပူပြင်းခြောက်သွေ့သမျှ  အတိုးချ၍ အေးမြစွတ်စိုလာသည်။  ဖုန်တသော သောထခဲ့သောလမ်းများတွင်  ရေတင် နေသည်။ ပူနွေးတောက်ပသောနေရောင်ခြည်ကို မမြင်ရသည်မှာ နေ့တစ်ပတ်လည်ပေတော့မည်။

ကိုမောင်မောင်ဦးသည် ပြတင်းပေါက်မှနေကာ  တစိမ့်စိမ့်ရွာနေသောမိုးကို ကြည့်နေသည်။ တံစက်မြိတ်မှ လျှောကျ လာသောရေစက်ကလေးများကို မပျင်းမရိ စောင့်ကြည့်နေသည်။ မိုးဖွဲမှုန်ကလေးများသည် တစ်ခါတစ်ရံ သူ့ထံ လွင့်ပါး လာတတ်သည်။  အဝတ်မဲ့အသားမှာ မွေးညင်းတို့တွင် ကပ်ငြိလာတတ်သည်။ ထိုအခါ စိမ့်စိမ့်မြမြအေးသည်။

တစ်ကိုယ်လုံး အေးလျက်ရှိသော်လည်း အနွေးထည်ဝတ်ရန် သတိမရ။ အေးမြခြင်းကို အမှတ်မထားမိ။ အသိဟူသမျှ ဝေနေသလို ပြတင်းပေါက်တွင် ကြာမြင့်စွာ ကတည်းက ရပ်နေသည်။

စင်စစ် သည်ပြတင်းပေါက်မှာ သူအခါမရွေး  ရပ်နေလေ့ရှိတတ်သည့်နေရာ၊ ပူပြင်းခြောက်သွေ့သော နွေကာလ၊ ရိုးတံ ကျဲကျဲ၊ အရွက်နည်းနည်းနှင့် မွဲညစ်သော အသွင်ရှိသည့် သစ်ပင်၊ ယင်းအပေါ်မှ ရေငတ်နေသော  စာပတီးကလေးများကို သူမြင်ရတတ်မြဲ။ အေးမြသောဆောင်း ကာလ ရွက်ဖျား၌ နှင်းဥကလေးများ ခိုသီးနေပြီး ယင်းတို့နှင့် ပွင့်သစ်စနေရောင် ခြည်တို့  ထိတွေ့မိသောအခါ  စိန်ပွင့်ကလေးများနှယ်  ဝင်းလက်သွားတတ် သည်ကို စောင့်ကြည့်တတ်မြဲပင်။

မိုးရေစက်ကလေးများနှင့် မိုးရွာနေသည်ကို စောင့်ကြည့်နေသည်သာ ဆိုရ သော်လည်း တကယ်တမ်းတွင်မူ ကိုမောင် မောင်ဦး၏ မျက်ဝန်းများမှာ တစ်နေရာရာကို စူးစိုက်ကြည့်နေသည်နှင့်မတူ။ မျက်စိသူငယ်အိမ်၌ အမြင်တစ်စုံတစ်ရာ ရှိပုံမရ။  ဝေးလံသီခေါင်သောနေရာသို့ လှမ်းကြည့်နေသည်နှင့်တူသည်။

အမြင်အာရုံကသာ  ဝေမှိုင်းလျက် ရှိသည်မဟုတ်။ သူ၏ အတွေးအာရုံတို့ သည်လည်း ပြင်ပလောကနှယ်ပင် ရီဝေ အုံ့မှိုင်းလျက်ရှိလေသည်။ တစ်စုံတစ်ခုကို မှတ်မှတ်ရရ တွေးနေမိသည်မဟုတ်။ အတွေးပေါင်းစုံတို့ ဦးနှောက်မှာ ယောက် ယက်ခတ်နေသည်။

သူသည် အလိုလိုနေရင်း မောပန်းနေ သလိုရှိသည်။ ရင်ထဲမှာ အောင့်သည်။ ဝမ်းဗိုက်တစ်နေရာမှ နာကျင်နေသည်။ လည်ချောင်းထဲက ယားနေသည်။
ချောင်းတစ်ချက် ဟန့်လိုက်သည်။ သလိပ်များသည် ပါးစပ်ထဲမှာ ပြည့်နေသည်။ ၎င်းတို့ကို ထွေးထုတ်လိုက်သည်။

ဂွမ်းစအဟောင်းတစ်ခုလို ဝါညစ်ညစ် သလိပ်ထဲတွင် နီရဲသော သွေးစသွေးန အချို့ပါသည်။ တံတွေးကို တံစက်မြိတ် ရေလျှောကျရာ ရေစီးကြောင်းသို့ ထွေးချ လိုက်ခြင်းဖြစ်ရာ ရေထဲတွင် သွေးကွက် ကလေးတစ်ကွက် ပြန့်သွားသည်ကို မြင်ရသည်။ ဤသည်ကို သူသည် ဖြူရော် သောမျက်နှာဖြင့် ကြည့်မိလေသည်။

မနေ့ညက အိမ်သို့အပြန် မိုးမိခဲ့သည်။ အအေးပတ်ခဲ့သည်။ အဖျားဝင်ခဲ့သည်။ ချောင်းအဆက်မပြတ်ဆိုးခဲ့သည်။ သည် ကနေ့ကျတော့  ချောင်းဆိုးလေတိုင်း၊ တံတွေးထွေးလေတိုင်း သွေးစသွေးနတို့ ပါလာသည်ကို သတိထားမိသည်။ ယင်းသို့ သတိထားမိလေတိုင်းလည်း စိတ်ထဲမှာ အားငယ်သလို ခံစားရသည်။

တစ်ကြိမ်သောအခါကလည်းသည် သို့ပင် ဖြစ်ခဲ့ဖူးသည်။ လွန်ခဲ့သော သုံးလေး ငါးနှစ်ကဖြစ်သည်။ ဆေးရုံသို့သွားကာ ရင်ဘတ်ကို  ဓာတ်မှန်ရိုက်ကြည့်ခဲ့ဖူးသည်။

“ခင်ဗျား လူ့လောကမှာ ကြာကြာ ဆက်ပြီး အသက်ရှင်နေချင်သေးတယ် ဆိုရင် အရက်နဲ့ ဆေးလိပ်ကို ဖြတ်လိုက် ပါ ကိုမောင်မောင်ဦး”
ဆရာဝန်က ဓာတ်မှန်ဖလင်ကော်ပြား ကိုကြည့်ရင်း အကြံပေးခဲ့သည်။ အဆုတ်၌ အစက်အပြောက်ကလေးများ မြင်ခဲ့ရသည်ဟု ဆိုသည်။

ဆရာဝန်အကြံပေးစဉ်က တစ်လနှစ် လလောက်  အရက်နှင့် ဆေးလိပ်ကို ဖြတ်နိုင်ခဲ့သည်။  နောက်တော့လည်း ယင်းသံသရာ၌ ပြန်လည်ကျင်လည်မိမြဲပင်။ 

ဆရာဝန်၏စကားကို မေ့မေ့ပျောက် ပျောက်ဖြစ်နေခဲ့သည်မှာပင် အတန်ကြာပြီ။

မိုးမိစက သာမန်အဖျားဝင်သည်ဟု ထင်သည်။ ယခင်ကလို သွားရင်းနှင့်ပင် ပျောက်သွားလိမ့်မည်ထင်သည်။ သူသည် မိမိကိုယ်ကို ကျန်းမာသန်စွမ်း သူဟု ယုံကြည်သူဖြစ်လေသည်။ ယုံကြည်စရာ  ကောင်းလောက်အောင်လည်း ကြီးကြီးကျယ်ကျယ် မမာမကျန်းဖြစ်ခြင်းမျိုး သူ့ဘဝ၌ မပေါ်ပေါက်ခဲ့။ အိပ်ရာ ထဲမှာ ကြာရှည်လေးမြင့် လှဲမနေခဲ့ရစဖူး။

ယခု တံတွေးထဲမှ သွေးကိုမြင်ရသည်။ ဖျားနာမှုမှာ ပြောပလောက်အောင်မပြင်းထန်။ သို့စဉ်လျက် အားအင်တို့ လျင်မြန်စွာ ကုန်သွားကာ အလိုလိုနေရင်း မောပန်းနေကြောင်း တွေ့ရသည်။ ထိတ်လန့်စိုးရွံ့ စိတ်သည် အလွယ်တကူ ဝင်ရောက်လာသည်။ 

“လေးလေး၊ မေမေက ထမင်းစားကြရအောင်တဲ့”

ကျောဘက်မှ အသံပေါ်လာသည်။ ရုတ်တရက် အသံကို ကြားလိုက်ရခြင်း ဖြစ်၍ သူ၏ကိုယ်မှာ ဆတ်ခနဲဖြစ်သွား သည်။ နောက်သို့ လှည့်ကြည့်လိုက်သော အခါ ပူစူးမကိုတွေ့ရသည်။

ပူစူးမသည် ဂျော့ဘမောင်၏ သမီး အလတ်။ ကိုးနှစ်သမီး။ ဖအေတူမို့ အသား ညိုသည်ဆိုစေ မိခင်၏အလှကို အမွေ ဆက်ခံထားနိုင်သူပင်။
ဂျော့တွင် ယခုအခါ သားသမီးလေး ယောက်ရှိနေသည်။ အကြီးမသည် အလယ်တန်းကျောင်းသူ ဖြစ်နေပြီ။ ပူစူးမအောက်မှ ဘိုနီကို နိုင်ငံခြားတွင် မွေးခဲ့သည်။ အငယ်ဆုံးကောင်လေးသည် ယခုမှ လေးဖက်သွားဆဲ။
ကိုမောင်မောင်ဦး သည်အိမ်မှာ ကြာမြင့် စွာကတည်းက သောင်တင်နေသည်။ သည်အိမ်မှာ ဂျော့၏ အမွေဆိုင်အိမ်။ သို့ပေမဲ့ ကျန်ညီအစ်ကိုမောင်နှမတွေက တနယ်တကျေးမှာရှိကြလေရာ ဂျော့ တစ်ယောက်တည်းပိုင်အိမ်လို ဖြစ်နေ သည်။ ဂျော့ထံမှ ကိုမောင်မောင်ဦး အပိုင် စားရထားသလို ရှိခဲ့သည်။ ဂျော့ နိုင်ငံခြား မှာရှိစဉ်ကပင် ကိုမောင်မောင်ဦး သည်အိမ်မှာ အထီးတည်းနေခဲ့သည်။ ယခု ဂျော့ ပြန်ရောက်လာပြန်တော့လည်း အတူ တကွပင် နေထိုင်လျက်ရှိကြသည်။

ဂျော့ကိုယ်တိုင်က ကိုမောင်မောင်ဦး အား အခြားသို့ မသွားစေချင်။ ကလေး များလည်း သံယောဇဉ်တွယ်နေသည်။ ကိုမောင်မောင်ဦးသည် အိမ်မှာ ဆက်လက် နေဖြစ်ခဲ့သည်။

“လေးလေး၊ ထမင်းစားကြရအောင် လေ” 

ပူစူးမက ထပ်ပြောသည်။ 

“လေးလေး မစားချင်သေးဘူး ကလေး ရယ်” 

ကိုမောင်မောင်ဦး ပြန်ပြောသည်။

“ဟင်၊ လေးလေး ထမင်းမစားတာ မနေ့ညနေကတည်းက။ မဆာဘူးလား ဟင်”

“မဆာဘူး။ လေးလေးက အာဟာရ သိဒ္ဓိပြီးတယ်” 

“ဘာလဲဟင်၊ အာဟာရသိဒ္ဓိဆိုတာ”
 
“အာဟာရသိဒ္ဓိဆိုတာ ဘာမှ မစားဘဲ နေတာကိုပြောတာပေါ့”

ပူစူးမသည် သူ့အတွက် အသစ်အဆန်း ဖြစ်သောစကားကို နားမလည်နိုင်သလို တွေကြည့်ရင်း စဉ်းစားနေသည်။

“မေမေ့ကိုပြောလိုက်။  လေးလေး ထမင်းမစားတော့ဘူးလို့ ဟုတ်လား”
ပူစူးမ ခေါင်းညိတ်ပြရင်း ထွက်သွားသည်။

လည်ချောင်းယားသဖြင့် ချောင်းဆိုးမိ ပြန်သည်။ တော်တော်နှင့် ဆိုး၍မရ။ အတင်းညှစ်ပြီးဆိုးလေမှ သလိပ်ပါလာသည်။ ထွေးထုတ်လိုက်ပြန်တော့လည်း သွေးစုစုခဲခဲကို မြင်ရပြန်သည်။ သူသည် ပိုမိုမောပန်းသွားသလိုရှိသည်။ 

ဆက်လက်ဖော်ပြပါမည်။