ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

 

လီလီ၏ဖခင်သည် ဆံပင်အလှပြင် ဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်ထားခဲ့သည်။ ယင်းနေရာမှာ အလှအပတို့ စုဝေးသော နေရာ၊ သို့မဟုတ် အလှအပကို ရှာဖွေတွေ့ရှိ နိုင်သောနေရာ၊ သို့မဟုတ် ပိုမိုလှပစေရန် ပြုပြင်ခြယ်မှုန်းနိုင်သောနေရာ။

 

နန်းကိန္နရီ၏ အတော်ချည်းရိုးသားသော ဆံပင်ပုံစံကို လီလီက ပြုပြင်စေသည်။ မကြာခဏဆိုသလို ဆံပင်ကို ပုံစံအမျိုးမျိုး ဖြစ်စေသည်။ တစ်ပတ်တစ်ခါ ဆိုသလို နန်းကိန္နရီ၏ ခေါင်းတွင် လှပ သစ်လွင်သော၊ ထူးခြားဆန်းပြားသော ဆံထုံးပုံစံတို့ ရှိတတ်သည်။

 

အဝတ်အစား အရောင်အသွေး အဆင်အယင်ကိုလည်း လီလီကပင် ပြုပြင်ပေးသည်။ နည်းပေးလမ်းပြ ပြုတတ်သည်။

 

အကယ်၍ ယခုအခါ အငြိမ့်အဖွဲ့မှ လူတစ်ယောက်ယောက် သို့မဟုတ် ယခင်က သိကျွမ်းရင်းနှီးဖူးသူ တစ်ယောက် ယောက်ကသာ နန်းကိန္နရီအား အမှုမဲ့ အမှတ်မဲ့ တွေ့ရှိရပါက မှတ်မိနိုင်လိမ့်မည်မထင်။ နန်းကိန္နရီပါဟု ဖွင့်မပြောလျှင် နှုတ်ဆက်ဝံ့မည်မဟုတ်။

 

သည်အထိ နန်းကိန္နရီ ပြောင်းလွဲနေသည်။

 

လီလီသည် သူ့အား ထိုမျှအထိ ပြောင်းလွဲစေသည်သာ မဟုတ်သေး။ အတန်းမှ လစ်ထွက်လျက် ရုပ်ရှင်ကြည့်ခြင်းမျိုး၊ အင်းလျားစောင်းမှာ သွားထိုင်နေခြင်းမျိုးကိုလည်း သင်ကြားပေးသည်။ ပြီး ယောက်ျားကလေး တစ်ယောက်စ နှစ်ယောက်စနှင့် ရင်းနှီးကျွမ်းဝင်စေရန် ဖန်တီးကာ သက်တော်စောင့်ဖြစ်လာစေခြင်း၊ ဖိတ်ခေါ်သော အကြည့်ဖြင့် ယောက်ျားတကာတို့အား စိတ်ဝင်စားစေခြင်း စသောပညာရပ်များကိုလည်း လီလီတတ်ကျွမ်းသည်။

 

အကယ်၍ ယင်းကိစ္စများတွင်သာ နန်းကိန္နရီ စိတ်ပါဝင်စားမည်ဆိုလျှင် ဆရာထက် တပည့်က လက်စောင်းထက် ပေလိမ့်မည်။ လီလီကိုယ်တိုင် အောချယူရပေလိမ့်မည်။

 

စင်စစ်သည်ပညာရပ်မျိုးကို နန်းကိန္နရီ အငြိမ့်စင်မှာရှိစဉ်က အဋ္ဌာရသအနေနှင့် တတ်မြောက်ခဲ့ရသည်။

ဆူနေသောလူသိုက်ကို ငြိမ်သက်စေခဲ့ရဖူးသည်။ ရန်ဖြစ်အံ့ဆဲဆဲကာလ၌ ပွဲကိုထိန်းခဲ့ရဖူးသည်။ ကာလသားများ၏ သြဘာလက်ခုပ်သံကိုလည်း ညံစေခဲ့ရဖူးသည်။ မျက်ဝန်းတစ်ချက် ဝှေ့ရုံမျှဖြင့် ဣန္ဒြေသိက္ခာ အရှိဆုံးဆိုသူအား အငြိမ့်စင်ပေါ်သို့ အရောက်ခေါ်ယူနိုင်စွမ်းရှိခဲ့သည်။

 

ယင်းပညာရပ်များကို အသက်မွေး ဝမ်းကျောင်းရန်မှတစ်ပါး စိတ်ဝင်စားမှု နည်းပါး၍သာ တော်ပေတော့မည်။

 

မည်သို့ဆိုစေ လူတို့သည် နန်းကိန္နရီအား အနည်းနှင့် အများဆိုသလို စိတ်ဝင်စားကြသည်သာဖြစ်သည်။ အလွန်တရာ အေးဆေးတည်ငြိမ်ပါသည်ဆိုသော၊ ကျောင်းစာမှတစ်ပါး အခြားသူတို့၏ အရေးအခင်းကို စိတ်မဝင်စားပါဆိုသော သူတို့ပင် သူနှင့်ပတ်သက်လာပါက တစ်ခွန်းစ နှစ်ခွန်းစလောက်တော့ စေ့ငု တတ်ကြမြဲပင်။

 

တချို့က ဝမ်းစာအတွက် ပညာရှာကြသည်။ ထိုသူတို့သည် အများအားဖြင့် ရိုးသားကြိုးကုတ်ကြသည်။ အချို့ကား ထင်ပေါ်ကျော်ကြားလိုခြင်းအတွက်၊ သို့မဟုတ် တစ်စုံတစ်ခုသော အတိုင်းအတာအတွက် ပညာရှာကြသည်။ ထိုသူတို့သည် အများအားဖြင့် လျှပ်ပေါ်တတ် ကြပေသည်။

 

လောလောဆယ် အခြေအနေအရ နန်းကိန္နရီမှာ ဒုတိယတန်းစားတွင် ပါဝင်သည်။ လူတကာ၏ နှုတ်ဖျားတွင် ရေပန် စားတတ်သည်မှာလည်း ယင်းအမျိုး အစားတွင် ပါဝင်၍ ဖြစ်ပေသည်။

 

နန်းကိန္နရီ၏ အမည်သည် ရေပန်းစားသောအမည်တွင် ပါသည်။ ထင်ပေါ်ကျော်ကြားခြင်းရှိသည်။

 

အနည်ကျ အနည်ထိုင်လာပြီဖြစ်၍လည်း သည်လောကကို မကြောက်တော့။ မဝံ့မရဲရှိရခြင်းမျိုးလည်း ဖြစ်ပေါ်မလာတော့ပေ။ နန်းကိန္နရီကား လောကတစ်ခုတွင် လွယ်ကူစွာ အသားတကျ ကျင်လည်နိုင်စွမ်း ရှိသူပေတကား။

 

ယခုတလော မျိုးထွန်းသိန်းအပေါ် နန်းကိန္နရီ မကျေနပ်။

 

သည်လူသည် ဥပေက္ခာပြုစွမ်းနိုင်လွန်းသည် ထင်မိ၏။ မျက်နှာချင်းမဆိုင်မိခဲ့သည်မှာ ကြာပြီ။ မျက်နှာချင်း ဆိုင်မိလေတော့လည်း သူ့မှာ အလွန်အရေးတကြီးနိုင်သော ကိစ္စရပ်တွေ ရှိနေတတ်သည်။ သုတ်သုတ်ပျာပျာ ရှိနေတတ်သည်။

 

မျိုးထွန်းသိန်းနှင့် စပ်လျဉ်း၍ နန်းကိန္နရီ စိတ်လှုပ်ရှားရသည်မှာလည်း အခါခါအကြိမ်ကြိမ်ပင်။ သည်ကိစ္စ၌ အဓိက လက်သည်မှာ လီလီ။

 

လီလီသည် နန်းကိန္နရီမှတစ်ဆင့် မျိုးထွန်းသိန်းနှင့် သိကျွမ်းရသူဖြစ်သည်။ အမှန်တွင် နန်းကိန္နရီသည် လီလီနှင့် မျိုးထွန်းသိန်းကို မိတ်ဆက်ပေးချင်စိတ်မရှိခဲ့။ မသိကျွမ်းစေချင်ခဲ့။ မျက်နှာချင်းဆုံမိ၍သာ မတတ်သာသဖြင့် မိတ်ဆက် ပေးခဲ့ရသည်။

 

ထိုစဉ်က လီလီ ဣန္ဒြေမရဖြစ်နေပုံကို ကြည့်ကာ ပထမဆုံးအကြိမ်အဖြစ် လီလီကို မုန်းမိသလိုရှိသည်။ လီလီ၏ အကြည့်ရဲတင်းပုံ၊ နှုတ်သွက်လျှာသွက် စကားပြောတတ်ပုံတို့ကို ရွံရှာမိသည်။

 

“လီလီ၊ ဒါ ကိုမျိုးထွန်းသိန်း” ဟု မိတ်ဆက်ပေးလိုက်သည်။

 

သည်စဉ်က လီလီသည် ဝမ်းသာရွှင်ပျသည်။ သူကစ၍ လက်ကမ်းပေးကာ လက်ဆွဲနှုတ်ဆက်သည်။ လက်ကို တော်တော်နှင့် လွှတ်မပေး။ တစ်ဖက်လူ စိတ်အနှောင့်အယှက် ဖြစ်ရလောက်အောင် ကြာရှည်စွာ ကိုင်ထားသည်။

 

လီလီသည် တောင်မေးမြောက်မေးနှင့် ချက်ချင်း သမီးရည်းစားဖြစ်တော့ မလောက် ရင်းရင်းနှီးနှီးကြီး ပေါင်းပစ် လိုက်သည်။

 

အကယ်၍ မျိုးထွန်းသိန်းကသာ လီလီကို အားတုံ့အားနာ စကားပြန်ပြောခြင်း မျိုးမဟုတ်ဘဲ စိတ်ဝင်တစားနှင့် လိုက်လိုက်လျောလျောရှိခဲ့ပါက နန်းကိန္နရီ သည်နေရာတွင်ပင် ထိုင်ငိုမိမည်လား မပြောတတ်။

 

မျိုးထွန်းသိန်းနှင့် ခွဲခွာကြပြီးနောက် လမ်းတွင် အမျိုးသမီးက စပ်စုနေပြန် သေးသည်။

 

“ကိုမျိုးထွန်းသိန်းကို ယူဘယ်တုန်းက သိတာလဲဟင်”

 

“ကြာလှပြီ၊ သူက ကိုယ့်အစ်ကို ဝမ်းကွဲပဲ ဥစ္စာ”

 

နန်းကိန္နရီက လီလီမပြောသာစေရန် အစ်ကိုဝမ်းကွဲအဖြစ် ပြောလိုက်သည်။

 

“ယူ့မှာ အစ်ကိုဝမ်းကွဲရှိတယ်လို့ အရင်က မကြားမိပါဘူး”

 

သည်စကားအတွက် နန်းကိန္နရီ စနိုး စနောင့်ဖြစ်ရသည်။

 

“အိုး ... ကိုယ်က အမိကို ကိုယ့်မှာရှိတဲ့ ဆွေမျိုးတွေ အကုန်စပ်ပြရဦးမှာလား”

 

နန်းကိန္နရီ ဘုဆတ်ဆတ်ဆိုမိသည်။ သူမစကားကို လီလီက ရယ်ပစ်လိုက်သည်။

 

“ဒါမျိုးတွေ ရိုးပါပြီကွာ။ မောင်နှမဝမ်းကွဲ မောင်နှမဝမ်းကွဲနဲ့ အတော်ကြာ ဘင်္ဂလား မောင်နှမတွေ ဖြစ်သွားတာများလှပါပြီ”

 

သည်စကားအတွက် နန်းကိန္နရီ ခံပြင်း သလို ခံစားရသည်။

 

“တော်စမ်းပါ။ ကိုယ်အကောင်းပြောတာကို အမိမယုံဘူးပေါ့လေ”

 

“ယုံနိုင်စရာကိုး။ ယူကဖြူဖြူ၊ ဟိုကညိုညို၊ ဆွေမျိုးတော်လောက်အောင် ရုပ်ချင်းအင်မတန်ဆင်တာကိုး”

 

“အို ... ဒါတော့ တစ်မိသားထဲမှာတောင် တစ်ယောက်နဲ့တစ်ယောက် မတူတာ ရှိသေးတာပဲဥစ္စာ။ မယုံချင်နေပါ”

 

လီလီသည် နန်းကိန္နရီကို ပြုံး၍ကြည့်သည်။

 

“ကဲ ... ထားပါကွယ်။ ယူ့စကားကို ယုံတယ်ပဲထားပါတော့။ ဒီကနေ့စပြီး ယူနဲ့ကိုယ် သူငယ်ချင်း မဟုတ်တော့ဘူး။ သမီးယောက်မလို့ သဘောထားလိုက် တော့မယ်နော်”

 

လီလီက သည်စကားကိုဆိုလေလျှင် နန်းကိန္နရီ၏ရင်မှာ ဝန်တိုမစ္ဆရိယစိတ်ဖြင့် ပူလောင်လာသလို ခံစားရသည်။

 

“သူဟာလေ ကိုယ့်အိပ်မက်ထဲက အတိုင်းပဲဆရာ”

 

“ဟင်”

 

“ကိုယ်တကယ်ပြောတာ။ သူ့ကိုတွေ့ လိုက်ရတော့ ကိုယ်အံ့အားသင့်နေတာ တွေ့လား။ အဲဒါ သူဟာ ကိုယ့်အိပ်မက် ထဲကလူနဲ့ တူလွန်းလို့ပေါ့ ”

 

နန်းကိန္နရီသည် လီလီအား ရူးသွပ်သွားလေပြီလား အထင်နှင့် ကြည့်နေမိသည်။

 

“ဟုတ်တယ်။ သူနဲ့ တွေ့လိုက်ရတော့ ကိုယ့်ရင်တွေခုန်လိုက်တာ။ တစ်ကိုယ်လုံး အေးစက်သွားတာပဲ။ ကိုယ့်လက်တွေဆိုရင်လည်း တဆတ်ဆတ်တုန်လို့။ အဲဒါ ဘာဖြစ်လို့လဲ သိလား။ ကိုယ်လေ ငယ်ငယ် လေးကတည်းက ဆုံးဖြတ်ထားခဲ့တာ ရှိတယ်။ ကိုယ်ယူမယ့်အမျိုးသားဟာ အရပ်ရှည်ရမယ်။ အသားညိုရမယ်။ ယောက်ျားပီသရမယ်။ တောလ်၊ ဒတ်အဲန် ဟင့်ဆန်းပေါ့။ ဥပမာ ရော့က်ဟမ်ဆန်တို့ လိုပေါ့။ ဒါမှမဟုတ် ဂရေဂရီပက်တို့လိုပေါ့။ အဲဒီလူမျိုးကို ရွေးရမယ်လို့ စိတ်ကူးထားတာ။ အဲဒီချစ်သူကို အမြဲအတွေး အိပ်မက်မက်နေတာ။ ကိုမျိုးထွန်းသိန်းဟာလေ ကိုယ့်အတွေးထဲကအတိုင်းပဲ။ ကိုယ့်အိပ်မက်ထဲက အတိုင်းပဲ။ ဒီကနေ့ သူနဲ့တွေ့လိုက်ရတာ သိပ်ပျော်တာပဲ ယောက်မရာ”

 

လီလီကတော့ သိချင်မှသိမည်။ နန်းကိန္နရီသည် လီလီ၏ တစ်ကိုယ်လုံးကို ဖျစ်ညှစ် ခြေမွှပစ်လိုက်ချင်သည်။ အပိုင်းပိုင်းအတစ်တစ် ဖြတ်တောက်ပစ်လိုက်ချင်သည်။ အဘယ်ကြောင့် လူတစ်ယောက်အပေါ် သည်အထိ အမုန်းပွားမိကြောင်း ထိုစဉ်က နန်းကိန္နရီမသိ။ မတွေးတတ်။

 

လီလီသည် တစ်စုံတစ်ခုကို တွေးတော ဟန်ပြုသည်။ မျက်တောင်များကို ပုတ်ခတ် ပုတ်ခတ် လုပ်သည်။ မျက်ဝန်းကို ဝေ့ဝိုက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူမ၏မျက်နှာမှာ ညှိုးလျသွားသည်။

 

“ဒါပေမဲ့” ဆိုကာ စကားဖြတ်ထားသည်။ အတန်ကြာ စဉ်းစားနေသေးသည်။

 

နန်းကိန္နရီသည် လီလီပြောမည့်စကားကို စိတ်စောစွာ နားစွင့်မိသည်။

 

ဆက်လက်ဖော်ပြပါမည်။