ရေနံ့သာခင်ခင်ကြီး

 

 

မောင်သိန်းဆိုင်

 

 

ရေနံ့သာတွင်လည်း နန်းကိန္နရီသည် လူတကာ၏ အရေးပေးခြင်း၊ ဂရုစိုက်ခြင်းကို ခံရသူတည်း။

 

ဤသည်မှာ ဒေါ်ရေနံ့သာခင်ခင်ကြီး ကိုယ်တိုင်က သူ့အား များစွာအလေးယူ ဂရုစိုက်ခြင်းမှ မြစ်ဖျားခံလာသည်။ နန်းကိန္နရီအနေနှင့် မျက်နှာတစ်ချက် မညှိုးစေရဘဲ အလိုဟူသမျှပြည့်ဝစေသည် ချည်းပင်။

 

ပမာဆိုကြပါစို့။ အကြောင်းတစ်ခုခုကြောင့် နန်းကိန္နရီ ထမင်းဝိုင်း၌ ထမင်းအစား နည်းသည်ဆိုလျှင် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မျက်နှာမကြည်သာ။ ထိုအခါ ထမင်းချက် စသူတို့အတွက် နေစရာမရှိတော့။ ဟင်းတစ်မည်မည်နှင့် ပတ်သက်၍ ပေါ့သည်ငန်သည်ဆိုလျှင် ထမင်းချက်ခေါင်းဆောင်၏ အပြောအဆို ခံရတတ်သည်။ အကြိမ်းအမောင်း ခံရတတ်သည်။

 

သည်တော့လည်း အိမ်ရှိလူကုန်ဆိုသလို နန်းကိန္နရီ၏ အရိပ်အခြည်ကို ကြည့်နေကြရသည်။ မျက်နှာရိပ် မျက်နှာကဲကို အကဲခတ်နေကြရသည်။

 

အစေခံအချင်းချင်း ဆုံမိကြပြီဆိုလျှင် စကားစပ်ဟပ်ပြောမိကြပြီဆိုလျှင်ကား ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အဖြစ်သည်းပုံကို စုဝေးပြောဖြစ်ကြသည်။

 

“အခုမှ သူတို့ချင်းတွေ့ဖြစ်လို့ တော်ပေတော့တယ်ဟေ့။ ဒီအရင်ကသာ တွေ့ဖူးခဲ့ကြရင် ခက်ရချည်ရဲ့၊ တစ်ယောက်ကိုတစ်ယောက် ကြိုးနဲ့များပူးပြီးချည်ထားမလား မပြောတတ်ဘူး”

 

ထမင်းချက်ခေါင်းဆောင်မှ မှတ်ချက်ချသံ။

 

“နေစမ်းပါဦး၊ ဒီအိမ်မှာ တို့များကြောက်ရမှာက ဒေါ်ရေနံ့သာခင်ခင်ကြီးလား၊ မနန်းကိန္နရီလား”

 

ဥယျာဉ်မှူး၏ ညည်းညူသံ။

 

“မနန်းကိန္နရီကို မွေးစားတယ်ဆိုလို့သာ တော်တော့တာပဲ။ တကယ်တမ်း ကိုးလလွယ် ဆယ်လဖွားခဲ့ရတဲ့ သမီးအရင်းအချာသာဆိုရင် ဆီးဖြူဖန်ခါးလို ငုံထားမယ်ဆိုတာမျိုးလိုများ ဖြစ်နေမလား မပြောတတ်ဘူး”

 

ဒရိုင်ဘာဇနီးသည်၏ ကောက်ချက်ချသံ။

 

သို့နှယ်ဖြင့် နန်းကိန္နရီ၏ ကံကောင်းပုံကို လူတို့ အံ့သြမကုန်နိုင်အောင် ရှိကြသည်။ အားကျသူလည်း မရှားလှ။ ထိုအတွက် လိုလားနှစ်သက်ခြင်းရှိကြသလို၊ လိုလားနှစ်သက်ခြင်း မရှိနိုင်သူတို့လည်း ရှိသည်ပင်။

 

လိုလားနှစ်သက်ခြင်း ရှိသူများအဖို့ အချို့သော နန်းကိန္နရီအပြုအမူတို့မှာ ချစ်စဖွယ်ဖြစ်သည်။ ကနွဲ့ကလျနေတတ်ခြင်း၊ ချစ်ဖွယ်စကား ဆိုတတ်ခြင်းတို့သည် ထိုသူများအတွက် မြတ်နိုးဖွယ်ဖြစ် ခဲ့သည်။

 

လိုလားနှစ်သက်ခြင်း မရှိသူများအဖို့မှာမူ သူ၏အပြုအမူတို့မှာ အမြင်ပြင်းကတ်ဖွယ်၊ မျက်စိနောက်ဖွယ် ရှိရပြန်သည်။

 

တစ်ခါတလေတွင် နန်းကိန္နရီသည် လူကြီးဆန်သည်။ စကားကြီးစကားကျယ် ပြောတတ်သည်။ ဘဝနှင့်စပ်လျဉ်း၍ နက်နက်နဲနဲ စဉ်းစားဝေဖန်တတ်သည်။ လူတကာနှင့်မရောဘဲ တစ်သီးတသန့် နေတတ်သည်။

 

တစ်ခါတစ်ရံတွင်မူ သူမသည် ကလေးဆန်နေတတ်ပြန်သည်။ အစေခံများနှင့် ရောနှောသည်။ အစေခံများထဲတွင် အသက်အငယ်ဆုံးဖြစ်သော မှော်ဘီနယ်ဘက် က စိန်သံခေါ်မိန်းကလေးကို အကတွေ အခုန်တွေ ကျကျနန သင်ပေးတတ်သည်။ ရေဒီယိုမှလာသော သီချင်းများကို လိုက်ဆိုတတ်သည်။ ဧည့်ခန်းထဲမှာပေမဲ့၊ ပန်းခြံထဲမှာပေမဲ့ အကျအန ကနေတတ်သည်။

 

ရေဒီယိုအငြိမ့်ခန်း လာပြီဆိုလျှင်မူ နန်းကိန္နရီ ဣန္ဒြေမရတော့။ အိမ်ရှိ လူကုန်ကို ဧည့်ခန်းသို့ စုဝေးခေါ်ဆောင်လာသည်။ အငြိမ့်ကကွက်တွေကို လိုလိုချင်ချင် ကပြတတ်သည်။

 

ယင်းအခါမျိုး၌ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အပြုံးကို မြင်ကြရတတ်သည်။

 

နန်းကိန္နရီနှင့်စပ်လျဉ်းကာ ဒေါ်ရေနံ့သာ ခင်ခင်ကြီး အိမ်ပြင်ပသို့ မကြာခဏ ထွက်ဖြစ်သည်။ ရုပ်ရှင် စသည်တို့ မကြာခဏကြည့်ဖြစ်သည်။ တစ်ခါတစ်ရံ ညကိုးနာရီခွဲပွဲပင်ဖြစ်စေ နှစ်ယောက်သား ကားတစ်စီးဖြင့် သွားကြည့်တတ်သည်။ အားရက်၌ ပဲခူးလို၊ သန်လျင်လို နေရာမျိုးသို့ ဘုရားဖူးသွားလေ့ရှိကြသည်။

 

ထိုမျှသာမက ယခုအခါ ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည် ယခင်က ရှောင်ဖယ်လေ့ရှိသော မွေးနေ့လို၊ ဘုရားကိုးဆူလို၊ မင်္ဂလာ ဆောင်လိုနေရာမျိုးကိုပင် သွားရောက် လေ့ရှိလာလေသည်။

 

စင်စစ် အသိုင်းအဝိုင်းကလည်း ချက်ဆို နားခွက်က မီးတောက်ဆိုသော အသိုင်းအဝိုင်းမျိုး၊ ရေနံ့သာခင်ခင်ကြီးက နန်းကိန္နရီအား မွေးစားလိုက်သည်ဆိုကတည်းက သူတို့နှစ်ယောက်ကို မည်သို့မည်ပုံ ပေါင်းရသင်းရမည်ဆိုခြင်းကို သိကြသည်။ သူတို့အား မည်သို့ဆက်ဆံရမည်ကို နားလည်ကြသည်။

 

မင်းကတော်ဟောင်း၊ စိန်ပွဲစား ဒေါ်မြသွေး၏သမီး မင်္ဂလာဆောင်စဉ်က အဖြစ်ကိုပင်ကြည့်၊ သည်စဉ်က ဒေါ်ရေနံ့သာ ခင်ခင်ကြီးရော နန်းကိန္နရီပါ အဖြူရောင်တွေချည်း ဝတ်သွားကြသည်။ လည်တွင် ပုလဲသွယ်တွေ ဆွဲသွားကြသည်။ နားတွင် လည်းကောင်း၊ လက်တွင်လည်းကောင်း ပုလဲနားကပ်၊ ပုလဲလက်ကောက် စသည်တို့ ဝတ်သွားကြသည်။

 

သူတို့အား မြင်လျှင်မြင်ချင်းမှာပင် -

 

“ဟယ်...ကြည့်ကြပါဦး။ မြက သူတို့ ကို ညီအစ်မအောက်မေ့လို့။ တကတဲ ဒီသားအမိများ ကြည့်လိုက်ရင် ဘယ်အခါမဆို ညီအစ်မကျနေတာပဲ။ ခင်ခင်တို့များ တယ်ကုသိုလ်ကောင်းတာကိုး။ ကိုယ်တိုင်ကလည်း လှလှပပ၊ နုနုနယ်နယ်၊ မွေးထားလိုက်တဲ့ ကလေးကျတော့လည်း မအေတူ အချောအလှလေး။ ဒီလို
သမီးမျိုးကလေးများ ရမယ်ဆိုရင် မြတို့ ဆယ်ခါပြန် မွေးလိုက်ချင်ပါရဲ့”

 

ဒေါ်မြသွေး စကားပြောတတ်ခဲ့သည်။

 

ရုတ်တရက်တွင် ဒေါ်ရေနံ့သာခင်ခင်ကြီးအဖို့ နန်းကိန္နရီအား မွေးစားသည် ဟူသော အသိပျောက်စေသည်။ နန်းကိန္နရီ အဖို့တွင်လည်း ဒေါ်ရေနံ့သာခင်ခင်ကြီးအား မိခင်အရင်းပမာ အထင်ရောက်စေ နိုင်သည်။

 

မည်သည့်နေရာသို့ပင်သွားသွား သည်စကားမျိုးကိုသာ အစဉ်ကြားရတတ်လေရာ ထိုနေရာမျိုးသို့ သွားရန်ဝန်မလေးမိဘဲ ရှိလာသည်။

 

သို့ငြားလည်း နောက်ပိုင်းတွင် သူတို့အချင်းချင်း ခြေတို့လက်တို့ အတင်းစကားဆိုသည်များကို ဒေါ်ရေနံ့သာ ခင်ခင်ကြီးမကြားနိုင်။ ဝိုင်းဝန်း၍ မဲ့မဲ့ရွဲ့ရွဲ့ကဲ့ရဲ့ကြသည်ကိုလည်း မမြင်ရ။

 

အချို့က -

 

“နေစမ်းပါဦး၊ ဒေါ်ရေနံ့သာခင်ခင်ကြီး ဘေးကမိန်းကလေးဟာ ဘယ်သူပါလိမ့်” စသည်ဖြင့် စပ်စုသည်။

 

“နန်းကိန္နရီဆိုတာပေါ့။ ဒေါ်ရေနံ့သာ ခင်ခင်ကြီး မွေးစားထားတာ”

 

“သူက အငြိမ့်မင်းသမီးဆို”

 

“ပြောတာပါပဲ၊ ဟုတ်မှာပါ၊ ကြည့်ပါလား ရုပ်ကိုက အငြိမ့်မင်းသမီးရုပ်ပဲဟာ”

 

“အံ့ပါရဲ့အေ။ မွေးစားစရာတွေ ဒီလောက်ပဲ ရှားသလား။ တခြား မိကောင်းဖခင် သားသမီးထဲက မွေးစားဖို့ မရှိတော့ဘူးလား” စသော စကားသံများ ဒေါ်ရေနံ့သာ ခင်ခင်ကြီးတို့၏ နောက်တွင် ညံစီတတ် မြဲပင်။

 

အချို့ကတော့လည်း။

 

“ကောင်းပါတယ်။ အထီးကျန်ဆန်လှတဲ့ သူ့ဘဝအတွက် အဖော်ရသွားတာပေါ့။ မိန်းကလေးအဖို့လည်း ကုသိုလ်ကောင်း သွားတာပေါ့” စသည်ဖြင့် အကောင်းဘက်က မြင်တတ်ကြသည်။

 

နီးစပ်ရာ အသိုင်းအဝိုင်း၌ ဒေါ်ရေနံ့သာခင်ခင်ကြီးက နန်းကိန္နရီအား မွေးစားလိုက်ခြင်း သတင်းပျံ့နှံ့သည်။ ဤသည်ကို အလုပ်တစ်လုပ်အနေနှင့် ပြောကြသူများလည်းရှိသည်။ အထူးသဖြင့် လိုင်စင်ခေတ်က ကြီးပွားခဲ့သော အသိုင်းအဝိုင်းတွင်ဖြစ်သည်။

 

ယင်းအသိုင်းအဝိုင်း၌ နန်းကိန္နရီအား အငြိမ့်မင်းသမီးအဖြစ် မြင်ဖူးသူများရှိကြသည်။ မိမိတို့၏ ဧည့်ခံပွဲလိုနေရာမျိုးတွင် နန်းကိန္နရီအငြိမ့်ကို ထည့်သွင်းဖူးသူတို့ရှိသည်။ ထို့ကြောင့်လည်း မျက်စိ ရှေ့မှောက်တွင် ယင်းမိန်းကလေးကို အစွမ်းကုန် လိုလားနှစ်သက်ဟန်ပြကြသော်လည်း နောက်ကွယ်၌ တီးတိုးစကား ဆိုတတ်သူများသည်။

 

မည်သည့်နေရာတွင်မဆို အကောင်းနှင့်အဆိုး ဒွန်တွဲလျက် ရှိတတ်မြဲပင် မဟုတ်ပါလား။ လူဟူ၍ ဖြစ်လာပြီဆိုလျှင် လောကဓံသည် မွေးရာပါပစ္စည်းအဖြစ် ပါရှိလာတတ်မြဲ။ အူဝဲဆိုကတည်းက လောကဓံနှင့် လည်ပင်းဖက် ကြီးပြင်းလာတတ်မြဲပါပင်။

 

ပစ္စက္ခ၌ ဒေါ်ရေနံ့သာခင်ခင်ကြီးသည်လည်းကောင်း၊ နန်းကိန္နရီသည်လည်းကောင်း လောကဓံ၏ မျက်နှာတစ်ဖက်ကိုသာ မြင်ကြသည်။ တွေ့ကြသည်။ ၎င်းတို့ မြင်တွေ့သော မျက်နှာမှာ လှပသော မျက်နှာ၊ ချောမွေ့သောမျက်နှာ၊ သာယာ ကြည်ရွှင်သောမျက်နှာ။

 

အခြားသော ၎င်းတို့မမြင်ရသေးသည့် မျက်နှာမှာမူ အကျည်းတန်သောမျက်နှာ၊ အရုပ်ဆိုးသောမျက်နှာ၊ ညိုပုပ်မည်း မှောင်သောမျက်နှာ။

 

ယင်းသဘောဖြင့် ၎င်းတို့သည် အခြားတစ်ဖက်မှမျက်နှာကို မေ့လျော့နေမိသည်။ မသိကျိုးကျွန် ရှိကြသည်။ အရာရာသည် သာယာချမ်းမြေ့ဖွယ်အဖြစ် ချည်း။ ကြည်နူးနှစ်သိမ့်ဖွယ်ချည်း။

 

ယခုတလော နန်းကိန္နရီနှင့် လီလီတို့ ပို၍တွဲမိကြသည်။ လီလီသည် တစ်နေ့သောအခါ ရေနံ့သာသို့ ရောက်လာသည်။ သူ၏ကတိအတိုင်း အလည်အပတ်လာ ခဲ့ခြင်း ဖြစ်သည်။ သည်တွင် လီလီသည် နန်းကိန္နရီ၏ အခြေကြီးမြင့်မှုကို မြင်တွေ့သွားခဲ့သည်။ သို့ဖြင့် လီလီသည် နန်းကိန္နရီနှင့် တွဲရခြင်းအတွက် သူ့ကိုယ်သူ နှစ်သက်ကျေနပ်နေလေသည်။

 

လီလီနှင့်တွဲဖြစ်ကာမှ နန်းကိန္နရီ ပညာတိုးလာသည်။

 

ဆက်လက်ဖော်ပြပါမည်။