ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

 

ဗိုလ်မှူးညိုထွန်း၏စကားကို ကိုမောင်မောင်ဦး ယုံကြည်ဟန်မတူ။

 

ကျွန်တော်တို့ တွေ့ခဲ့ကြတာ သုံးနာရီထက် ပိုမကြာနိုင်သေးပါဘူး ကိုညိုထွန်း

 

ဟုတ်ကဲ့။ ခင်ဗျားကိုတွေ့ပြီး တစ်မိနစ်အတွင်းမှာ သူဒီမြို့က အမြန်ဆုံးထွက်သွားဖို့ သန္နိဋ္ဌာန်ချလိုက်ပါတယ်။ ဗြုန်းစားကြီးပဲ ဒီမြို့က ထွက်သွား ကြပါတယ်။ သူတို့မှာ မော်တော်ကားကလည်း ပါခဲ့လေတော့ အချိန်မရွေး ထပြန်ဖို့ အခွင့်အရေး ရသွားတာပေါ့

 

သည်တော့လည်း ဗိုလ်မှူးညိုထွန်း၏စကားကို သူတစ်စထက်တစ်စ ယုံကြည်လာနိုင်ပုံရသည်။ လက်ခံလာနိုင်ဟန် တူသည်။ တစ်ဆက်တည်း မှာပင် စိတ်ပျက်လက်ပျက်ဖြစ်ရခြင်း အရိပ်အသွင်များကို သူ့မျက်နှာ၌ မြင်ရသည်။

 

ခင်ဗျားက သူနဲ့တွေ့ချင်ပေမဲ့ သူကတော့ ခင်ဗျားနဲ့ နည်းနည်းကလေးမှ တွေ့ချင်ပုံမရဘူး ကိုမောင်မောင်ဦး

ဗိုလ်မှူးညိုထွန်းဆိုသည်။

 

 

ဒါကို ကျွန်တော်မအံ့သြပါဘူး ကိုညိုထွန်း၊ ဒီလိုပဲ ဖြစ်ရမှာပေါ့။ အမှန်ပြောရရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း လောလောဆယ်မှာ ခင်ခင်ကြီးနဲ့ မတွေ့ချင်ပါဘူး။ မဆုံချင်ပါဘူး။ ကျွန်တော် အဓိက ဆုံချင်တာ နန်းကိန္နရီပါ

 

နန်းကိန္နရီ

 

ဟုတ်ပါတယ်။  ဒီကလေးမရဲ့  အကြောင်းကို ကိုညိုထွန်းလည်း  သိတန်သလောက်  သိနေပြီ ထင်ပါတယ်

 

ဗိုလ်မှူးညိုထွန်းသည် ကိုမောင်မောင်ဦးကို စီးကရက်တည်သည်။  အမေးကို များစွာအရေး မကြီးသလိုဖြေသည်။

 

အနည်းအကျဉ်းဆိုသလောက်တော့ သိပါတယ် ကိုမောင်မောင်ဦး

 

ကိုမောင်မောင်ဦး၏မျက်နှာတွင် စိတ်ဝင်တစား ဖြစ်လာခြင်း အသွင်အပြင်များ ပေါ်ပေါက်လာလေ ပြန်ပြီ။

 

ဒီမယ်။ ကျွန်တော့်ကို  အမှန်အတိုင်းပြောစမ်းပါ ကိုညိုထွန်း။ တစ်မြို့တည်းသားချင်းအနေနဲ့၊ ခင်မင်ရင်းနှီးရင်းစွဲ ရှိခဲ့ကြတဲ့ လူတစ်ယောက်အနေနဲ့ ကျွန်တော့်အမေးကို သေသေချာချာ အဖြေပေးစမ်းပါ။ နန်းကိန္နရီဟာ ခင်ခင်ကြီးရဲ့ သမီးအစစ် အမှန်လို့ ကိုညိုထွန်းထင်သလားဟင်။ ကိုညိုထွန်း ယုံကြည်သလား

 

သူ၏အမေးမှာ ဗိုလ်မှူးညိုထွန်းအတွက် အဖြေရခက်သောအမေး။ ပြီး ကိုမောင်မောင်ဦးက သူဖြေလာမည့်အဖြေကို အလေးအနက် ကြားလိုဟန်ဖြင့် စောင့်စားနေရာ ဗိုလ်မှူးညိုထွန်း ရုတ်တရက် အဖြေမပေးတတ်နိုင်အောင် ရှိရသည်။  သူသည် ကိုမောင်မောင်ဦး၏မျက်နှာကို ပြန်လည်စူးစိုက်ကြည့်သည်။ နောက်တော့ သက်ပြင်းရှိုက်ခြင်းနှင့် အတူ ပြောမိသည်။

 

ကျွန်တော်သိရသလောက်၊ နားလည်ရသလောက် အတိုင်းအတာနဲ့  ပြောရမယ်ဆိုရင် နန်းကိန္နရီဟာ ခင်ခင်ကြီးရဲ့ သမီးအစစ်အမှန်ဖြစ်ဖို့အတွက် ခုနစ် ဆယ့်ငါးရာခိုင်နှုန်းလောက် သေချာတယ်လို့ ပြောရလိမ့်မယ်ထင်တယ် ကိုမောင်မောင်ဦး

 

ကိုမောင်မောင်ဦး၏ မျက်ဝန်းများမှာ တောက်ပလာသည်။ သူသည် ဗိုလ်မှူးညိုထွန်း၏ မျက်နှာကို ကြာမြင့်စွာ ကြည့်နေသည်။ ပြီးမှ ခပ်ဆတ်ဆတ် မေးခွန်း ထုတ်သည်။

 

ဒါကို  ဘယ်လိုအထောက်အထားနဲ့  ပြောနိုင် တာလဲ ကိုညိုထွန်း

 

ဗိုလ်မှူးညိုထွန်းသည် ကိုမောင်မောင်ဦး၏အမေးကြောင့် ပြုံးလိုက်သည်။

 

ခင်ဗျားဟာ တရားသူကြီးတစ်ယောက် မဟုတ်သလို၊ ကျွန်တော်ဟာလည်း တရားခံတစ်ယောက်တော့ ဟုတ်နိုင်မယ် မထင်ပါဘူးနော် ကိုမောင်မောင်ဦး

 

သည်တော့မှပင်  ကိုမောင်မောင်ဦးသည်  သူ၏အမေးက  ဗိုလ်မှူးညိုထွန်း၏စိတ်ကို  အဘယ်မျှ အနှောင့်အယှက် ဖြစ်စေနိုင်ကြောင်း  တွေးမိပုံရသည်။ ဆန္ဒစောနေမိလွန်းသောကြောင့် တစ်ဖက်သား၏ ဂုဏ်သိက္ခာကိုပင်  မေ့လျော့သွားခဲ့ကြောင်း  သတိရမိပုံပေါ်သည်။ သူသည် ပျာပျာသလဲ တောင်းပန်သည်။

 

ကျွန်တော့်အမူအရာက သိပ်များရိုင်းရာကျသွား သလားမသိဘူး။ အဲဒီလိုဖြစ်နေရင်လည်း ခွင့်လွှတ်ပါ ကိုညိုထွန်း၊  ကျွန်တော့်ရင်ထဲမှာ  ဘယ်လောက် ဗလောင်ဆူပြီး ဘယ်လိုဖြစ်နေမယ်ဆိုတာ ကိုညိုထွန်း ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။

 

ဆိုပါတော့ဗျာ။ တကယ် လို့ နန်းကိန္နရီသာ ခင်ခင်ကြီးရဲ့ သမီးအရင်းဖြစ်ခဲ့ရင် ကျွန်တော်ဟာလည်း နန်းကိန္နရီရဲ့ ဖခင်မဖြစ်နိုင်ဘူးလား။ နန်းကိန္နရီရဲ့အကြောင်းကို ကျွန်တော်သိချင်တာ၊ သူနဲ့တွေ့ချင်တာတွေဟာ ဖအေတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ဆန္ဒတွေပဲမဟုတ်လား

 

ဒါကို ကျွန်တော်လည်း နားလည်ပါတယ် ကိုမောင်မောင်ဦး။ ဒါတင်မကပါဘူးလေ။ ခင်ခင်ကြီးနဲ့ ခင်ဗျားရဲ့ ပြဿနာတိုင်းမှာ ကျွန်တော် နားလည်သင့်တာထက်ပိုပြီး နားလည်နေမိတယ်လို့ထင်တယ်။ အဲဒီလို နားလည် နေမိလို့လည်း ကျွန်တော်ကြားကနေပြီး ရင်မောရတယ်။ ခင်ဗျားတို့ချင်း ပြေပြေလည်လည် ဖြစ်စေချင်တာ ကြာလှပါပြီ။ ကျွန်တော်ဟာ လွတ်လပ်ပျော်ရွှင်ခွင့်နည်းပါးတဲ့ လူတစ်ယောက် ပါ။ အဲဒီအကြားက ခင်ဗျားတို့ပြဿနာဟာ ကျွန်တော့် ရဲ့ လွတ်လပ်ပျော်ရွှင်တဲ့အချိန်ကို နုတ်ယူသွားတတ်ပါသေးတယ်

 

ကိုညိုထွန်း ကျွန်တော့်အပေါ်မှာ နားလည်နိုင်တာ ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တော်ဟာ ကိုညိုထွန်းရဲ့ အဖိုးတန်တဲ့ အချိန်တွေကို ဖြုန်းတီးရာ ကျနေပြီထင်တယ်။ ကဲလေ ကိုညိုထွန်းဆီက ကျွန်တော် လိုချင်တာတစ်ခုပဲရှိတယ်။ အဲဒါ ကတော့ ကျွန်တော်နဲ့ နန်းကိန္ဒရီကို တစ်ကြိမ်ပဲ ဖြစ်ဖြစ် ဆုံတွေ့ပေးဖို့ပါပဲ။ ဒါမှမဟုတ် ဆုံနိုင်အောင် ဖန်တီးပေးဖို့ပါပဲ။ ဒီတစ်ခုပဲကူညီပါလို့ ကျွန်တော် တောင်းပန်ပါတယ် ကိုညိုထွန်း၊ ကျန်တဲ့အပိုင်းကို တော့ ကျွန်တော့်ဘာသာ ဖြေရှင်းပါ့မယ်

 

ကိုမောင်မောင်ဦးက လေးလေးနက်နက် လိုလိုချင်ချင်ဆိုသည်။ ထိုအခါ ကိုမောင်မောင်ဦးနှင့်ပတ်သက်၍ ပြဿနာရပ်တိုင်းတွင် အလွယ်တကူ ခေါင်းညိတ်အဖြေပေးရန် ဝန်မလေးသော အလေ့အကျင့်ရနေသည့် ဗိုလ်မှူးညိုထွန်းက ခေါင်းညိတ်ပြလိုက်မိသည်။

 

ကိုမောင်မောင်ဦး ဝမ်းပန်းတသာဖြစ်သွားသည်။

 

ကျေးဇူးပါပဲ  ကိုညိုထွန်း။  ကဲ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး

 

ပြောပြောဆိုဆိုမှာပင်  ကိုမောင်မောင်ဦး ထိုင်ရာမှ ထသည်။ အခန်းတံခါးပေါက်ဆီသို့ လျှောက်သွားသည်။

 

ဗိုလ်မှူးညိုထွန်းသည် ကိုမောင်မောင်ဦး၏ ကျောပြင် ကို ကြည့်ရင်း သက်ပြင်းရှိုက်လိုက်မိလေသည်။

 

ကိုမောင်မောင်ဦး၏ရင်မှာ လှုပ်ရှားလျက်ရှိသည်။ ဗိုလ်မှူးညိုထွန်းနှင့် ကြုံဆုံလိုက်ရခြင်းအတွက် သူ့မှာ တွေးစရာ တစ်ပုံတစ်ပင်ကြီးရလာသည်။

 

စင်စစ် ကိုညိုထွန်းအားသည်ပုံစံမျိုးဖြင့် မြင်တွေ့ရလိမ့်မည်ဟု သူမထင်ခဲ့။ တစ်နေ့သောအခါ ကိုညိုထွန်းသည် သို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ရိုးအမှန် ပင်။ ကို ညိုထွန်းဆိုသူအား မေ့လျော့ထားမိသည်မှာပင် ကြာမြင့်လှပါပကော။

ယခုမူ ကိုညိုထွန်းဟူသည် သူမထင်မှတ်သော အဆင့်အတန်း၊ မထင်မှတ်သော အခြေသို့ ရောက်နေပါပကော။ ကိုညိုထွန်းအား  သည်အခြေသည်အနေဖြင့် မြင်ရသောအခါတွင်မှ  မိမိ၏ရေရာခြင်းမရှိသော ဘဝကို ပြန်လည် ဆန်းစစ်မိသည်။ တည်ငြိမ်ခြင်းမရှိသော အခြေအနေကို ပြန်လည်စစ်ကြောမိသည်။ သို့နှင့်အမျှလည်း မိမိကိုယ်ကို သိမ်ငယ်နုန့်နဲ့သွား သည်ဟု အထင်ရောက်မိလေသည်။

 

အမှန်တွင် ဗိုလ်မှူးညိုထွန်းနှင့် မဆုံရသေးခင်ကတည်းက မိမိကိုယ်မိမိ စစ်ကြောခဲ့ဖို့ကောင်းသည်။ အရင်းအနှီးဆုံး တေဖက်ပွေဖက်တွေကိုပင်ကြည့်။

 

အတန်းထဲတွင် စာညံ့သော ဂျော့ဆိုလျှင်ပင် မဟာဝိဇ္ဇာဘွဲ့ရပြီး။ ဆိုရှယ်လစ်နိုင်ငံတစ်ခု၏ တက္ကသိုလ်ကျောင်း တစ်ကျောင်းတွင် နှစ်နှစ်ကျော်မျှ နည်းပြဆရာလုပ်ခဲ့ပြီး ယခု ကထိကဖြစ်နေပြီ။

 

ပက်ထရစ်ဆိုလျှင် ဥပဒေဝိဇ္ဇာဘွဲ့ရကာ ရှေ့နေလိုက်နေပြီ။ ဘော်ဘီသည် စစ်အတွင်းက အိန္ဒိယ သို့စစ်ပြေးသည်။  စစ်ပြီးနောက်  မြန်မာပြည်သို့ ပြန်မလာ။ အင်္ဂလန်သို့သွားသည်။  တလောက သူ့သတင်းကြားရသည်။ နိုင်ငံခြားဆိပ်ကမ်းမြို့ တစ်မြို့တွင်  ဂျော့နှင့်ဆုံမိခဲ့ကြသည်။  ယခုသူက သင်္ဘောတစ်စီးမှာ မာလိန်မှူး။

 

စောဝင်းဆွေခမျာမှာတော့ ပြည်တွင်းစစ်၏သားကောင်ဖြစ်ခဲ့ရရှာသည်။ ၁၉၄၉ ခုနှစ်က တောခိုသည်။ ၅၂ ခုနှစ်တွင် ဖာပွန်ဘက်၌ ကျဆုံးခဲ့ရှာသည်။

 

အခြားအခြားသော သူငယ်ချင်းမိတ်ဆွေတွေထဲမှာလည်း အသီးသီး အသကအသက သူ့ရာထူးနှင့်သူ၊ သူ့လုပ်ငန်းနှင့်သူ ထည်ထည်ဝါဝါဖြစ်နေသူတွေ မရှား။ အချို့က စစ်ဗိုလ်၊ အချို့က ဆရာဝန်၊ အချို့က ကျောင်းဆရာ၊ အချို့က အင်ဂျင်နီယာစသည်ဖြင့်။

 

မိမိနှင့်တူသူမှာ ကိုကျော့မောင်တစ်ယောက်သာ ရှိသည်ဟု ကိုမောင်မောင်ဦးထင်သည်။ ကိုကျော့မောင်ဟူသည်မှာလည်း ငယ်စဉ်ကပင် ကျောင်းနေရ ကောင်းမှန်း သိသူမဟုတ်။ မိဘက ကုန်သည်မျိုးရိုးဖြစ်ရာ ကျောင်းပညာကို အထင်မကြီးတတ်ခဲ့။

 

ကိုကျော့မောင်ကဲ့သို့ ညံ့ဖျင်းသူများစာရင်းတွင် မိမိပါဝင်ရလိမ့်မည်ဟု ကိုမောင်မောင်ဦး မထင်ခဲ့၊ မတွေးခဲ့၊ မမျှော်လင့်ခဲ့။

ရည်ရွယ်ချက်ကင်းမဲ့စွာဖြင့် သောက်ရင်းစားရင်း၊ တေရင်းပွေရင်း လူ့ဘဝ၏ အဖိုးတန်လှသော အချိန်များကို ကုန်ဆုံးမိခဲ့ပါကလားဟု ကိုမောင်မောင်ဦး စဉ်းစားလာတတ်လေပြီ။ အစားပြန်မရနိုင် တော့ပြီဖြစ်သော နေ့ရက်တို့ကို နှမြေတသ လာတတ်ပေပြီ။

 

ရှေ့အဖို့ အကောင်းကိုသာ ရှာတော့မည်။ မိမိဘဝ ကို ခိုင်ခိုင်မာမာဖြစ်အောင် ပြန်လည်တည်ဆောက် မည်။ ဘဝကို အဓိပ္ပာယ်ရှိစွာ နေထိုင်တော့မည်ဟု ချက်ချင်းမှာပင် ဆုံးဖြတ်သည်။ တစ်ဆက်တည်းမှာလည်း မိမိရရှိလာသော နောင်တတရားများစွာ နောက်ကျ၍များနေလေပြီလား။ မိမိအဖို့ လောက တွင် အကောင်းဟူသည် ရှိမှရှိပါသေးရဲ့လားဟု သူ့စိတ်တွင် သံသယဝင်လာမိသည်လည်း အမှန်ပင်။

 

ဂျော့ဘမောင်နှင့်  ပြန်လည်ဆုံတွေ့မိကြချိန် ကိုမောင်မောင်ဦးမှာ စိတ်ပျက်လက်ပျက်ကြီး ဖြစ်နေသည်။ စိတ်ဓာတ်ကျဆင်းခြင်း လက္ခဏာများကို သူ့မျက်နှာ၌ မြင်ရသည်။

 

သို့ရာတွင် ဂျော့ဘမောင်ထံမှ ကြားရသော စကားများက ထိုင်းမှိုင်းလေးလံနေသော သူ့စိတ်သန္တာန်ကို တက်ကြွလာရစေပြန်သည်။ မျှော်လင့် ကိုးစားခြင်းဖြင့် သွေးရောင်လွှမ်းတတ်လာရစေပြန်သည်။

 

ဂျော့ဘမောင်က ပြောခဲ့သည်။

 

မောင်ရင့်အဆက်  ရေနံ့သာခင်ခင်ကြီးနဲ့ ပတ်သက်လို့ သတင်းတစ်ခုရခဲ့တယ်သူငယ်ချင်း။ ဒီလို၊ ဥယျာဉ်တန်းမှာ တို့နဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ မိန်းမကြီးတွေရှိတယ်။ ဖြူပြာ၊ မူယာ၊ သူဇာတဲ့။ အသက်ခြောက်ဆယ်ကျော် အပျိုကြီးတွေပေါ့။

 

ဆက်လက်ဖော်ပြပါမည်။