ရေနံ့သာခင်ခင်ကြီး

သတင်းဆောင်းပါး - မောင်သိန်းဆိုင်

ယမန်နေ့မှအဆက်


ပို၍ဆိုးသည်မှာ  ခင်မောင်စိုးသည် ရဲအရာရှိ တစ်ဦးနှင့်အတူ  တင်တင်ရီ၏အပါးတွင် လာ၍         ရပ်နေခြင်းဖြစ်သည်။ သူ၏ သက္ကလတ်ဘောင်းဘီ နှင့် ပြောင်လက်သောရှူးဖိနပ်ကို နီးကပ်စွာတွေ့နေ ရသည်။ တင်တင်ရီမှာ မလှုပ်ရှားရဲလောက်အောင် ဖြစ်နေသည်။ မထိုင်စဖူးအနေအထားဖြင့် ထိုင်နေ ရသဖြင့် ခြေတစ်ဖက်ကျင်နေသည်။ ဝေဒနာမှာ ဆိုးရွားလှသည်မှန်သော်လည်း နေရာမပြောင်းဝံ့။
“ဘယ့်နှယ်လဲ ကိုခင်မောင်စိုး၊ သူ ဒီရထားမှာ မပါတာသေချာပြီထင်တယ်”
ရဲအရာရှိ၏စကား။ 
“အေးဗျာ။ ကျုပ်တို့တော့ အမောအဖတ်တင်နေပြီ” 
စီးကရက်ရှိုက်ဖွာခြင်းနှင့်အတူ   ခင်မောင်စိုး      ဆိုသည်။
တင်တင်ရီ၏ဘေးမှ သူတောင်းစားအဘိုးကြီး လှုပ်ရှားလာသည်။ စောစောက သူသည် ကွမ်း တစ်ယာမြုံ့နေသည်။ ယခု တယောကို ကောက်ကိုင် ကာ အသံညှိသည်။
“တောင်းလို့ ဘယ်လောက်ရသလဲ လုံမလေး” အဘိုးကြီး၏ အမေး။
တင်တင်ရီ ရုတ်တရက်မဖြေတတ်။ မဖြေဝံ့။ မဖြေနိုင်။ 
“ဟဲ့၊ မေးနေတာမကြားဘူးလား” ဆိုမှ။ 
“နှစ်ဆယ်” ဟု ယောင်ယမ်းပြောလိုက်မိသည်။
“ပြားနှစ်ဆယ်တည်းလား”
“အင်း”
အဘိုးကြီး သည်မျှနှင့် တိတ်သွားသောကြောင့် တင်တင်ရီ ဝမ်းသာသွားသည်။ ကျေးဇူးတင်ရသေး တော့သည်။
အဘိုးကြီးသည် အတောတစ်ပိုဒ်ကိုထိုးသည်။ ထို့နောက် သီချင်းတစ်ပိုဒ်စသည်။ သီချင်းပိုဒ်ဆုံး လျှင် အစမှပြန်စသည်။ သီချင်းမှာ “အိုကြော့ဦးမယ်” ချီ  အလွမ်းပတ်ပျိုးဖြစ်သည်။  တင်တင်ရီသည် တယောသံကိုနားထောင်ရင်း     ထိုသီချင်းမှာ ကျောင်းကပွဲတစ်ခုအတွက် တိုက်ဖူးသော သီချင်း ဖြစ်နေသည်ကို သတိရသည်။ သီချင်းကို အစတွင်ပင်  ရပ်လိုက်ကာ  အဘိုးကြီးသည် တင်တင်ရီဘက် သို့  မမြင်ရသောမျက်လုံးများဖြင့်  ကြည့်သည်။ ပါးစပ်မှလည်း “ဆို” ဟု အမိန့်ပေးသည်။ တင်တင်ရီ သည် အံ့သြနေသည်။ ကြောင်နေသည်။
အဘိုးကြီးက သီချင်းစသည်။ တင်တင်ရီ အသံ တိတ်နေသည်။
“ဟဲ့ ကောင်မလေး ဆို ဆိုတာမကြားဘူးလား” အဘိုးကြီးမှာ ဒေါသဖြစ်ရဟန်ရှိသည်။
သီချင်းကို ပြန်စသည်။ တင်တင်ရီသည် ယခု တိုင်အောင် ဆွံ့အဆဲ။ သူ၏နေရာကို ယူထားသော မိန်းကလေးဘက်သို့ အားကိုးတကြီး ကြည့်မိသည်။ ထိုအခါ ယင်းမိန်းကလေးက မိမိအား စိုးရိမ်တကြီး ကြည့်နေကြောင်း မြင်ရသည်။
“ဒီကောင်မလေး ဒီနေ့ ဘာဖြစ်နေသလဲဟင်။ အရိုက်ခံချင်ပြီထင်တယ်”
အဘိုးကြီးက ကြိမ်းရင်း ဘိုးတံဖြင့် လှမ်းခေါက် လိုက်သည်။ တင်တင်ရီ၏ခေါင်းမှာ ပူသွားသည်။ အဘိုးကြီးက သီချင်းကို ပြန်စသည်။
တင်တင်ရီ၏တုန်သောအသံသည် ယခုမှ လည်ချောင်း ကို ခဲခဲယဉ်းယဉ်း တိုးထွက်လာသည်။
“အို ကြော့ဆုံးမယ်။ ကေသွယ်လျော့လျား၊ မောင် သနားလှတယ်။ '
အို ဘယ့်နှယ်ဖော်မပါ၊ သွားရှာရော့ ဝေးမြေတာ။ သဇင်ညှာ ခွင်ပြာက သင်းတယ်။ မြိုင်တွင်းတောရဂုံ၊ ငှက်ကျေးဖော်ရွှေစုံ”
တင်တင်ရီ၏အသံမှာ သာသည်။ ချိုအေးသည်။ ကြောက်ကြောက်ရွံ့ရွံ့ တုန်တုန်လှုပ်လှုပ်ကလေး သီဆိုရသဖြင့် အသံပြတ်တောင်းပြတ်တောင်း ဖြစ်နေ ပုံက တစ်မျိုးနားထောင်၍ကောင်းသည်။ လူတို့၏ အာရုံသည် တင်တင်ရီထံ ရောက်လာပြန်လေသည်။ တစ်တွဲလုံး ငြိမ်သက်သွားလေသည်။
တယောရှင်အဘိုးအိုမှာ ဆန်းကြယ်သလိုဖြစ်သွား သည်။ သူသည်   နဖူးကြောကိုရှုံ့ကာ   အသံကို စူးစိုက်စွာ  နားထောင်သည်။    သူ့မြေးမကလေး၏ အသံနှင့်  မတူသည်ကား  သတိထားမိပုံရသည်။             သို့ရာတွင် အခြားသူတစ်ယောက်က အစားဝင်ဆိုလာ လိမ့်မည်ဟူ၍မူ ထင်မှတ်မိဟန်မတူ။ ယင်းအဖြစ်မျိုး မဖြစ်နိုင်ဟု ယုံကြည်နေခဲ့ဟန်တူသည်။ သူ့မြေးမ ကလေး၏အသံကသာ ထူးထူးခြားခြားကောင်းနေ ခြင်းဖြစ်မည်ဟု တွေးမိဟန်ဖြင့် တယောကို စိတ်ပါ လက်ပါထိုးသည်။
တင်တင်ရီ၏နေရာတွင် ထိုင်နေသောမိန်းကလေး မှာ ယခုမှ စိတ်အေးသွားရသလိုရှိသည်။
တင်တင်ရီမှာမူ စိတ်တွင် တုန်လှုပ်နေမိသည်သာ မကသေး၊ ရင်တထိတ်ထိတ် ခုန်နေမိသည်သာမက သေး တစ်ကိုယ်လုံး သွေးခဲသွားရတော့မလောက် အေးစက်လာသည်။ မရဲတရဲ ခိုးကြည့်မိသောအခါ ခင်မောင်စိုးက  သီချင်းကို  စူးစိုက်နားထောင်နေ ကြောင်း တွေ့ရသည်။ သူ မှတ်မိသွားလေမလားဟု စိတ်တထင့်ထင့်နှင့်။
တယောရှင်အဘိုးအိုက လက်တွေ့သွားဟန်ဖြင့် သဖြန်ပိုဒ်ကို ဆက်နေပြန်ချေသည်။
“လွှမ်းလို့မကုန်။ နဂါးရုံရွှေတိမ်ဆိုင်းဆီက၊ ရှုတိုင်း သာလှ။ သွားရှာရော့မေ။ မိငယ်လေးမမြပါဘု၊ ရွှေရင်မှာ ပူဖြာဆိုက်အောင်၊ ဆွေးလိုက်မေက”
သီချင်းဆုံးသွားသည်။ အကယ်၍ ဖုန်းတောင်း ယာစကာ အနေအထားမျိုးဖြင့်သာ မဟုတ်ပါက လူတကာတို့၏လက်ခုပ်သံကို    ကြားရလိမ့်မည် ထင်သည်။  လူတိုင်းက သြဘာပေးကြလိမ့်မည် ထင်သည်၊ ယခုမူ လူအားလုံး ငြိမ်နေကြသည်။
တင်တင်ရီအဖို့မှာမူ  အခြားဘာမျှ  သတိမရ။ ခင်မောင်စိုးအနေနှင့် အသံကြောင့် မိမိအား မှတ်မိ သွားလေပြီလားထင်ကာ မဝံ့မရဲရှိဆဲပင်။
ယင်းအခိုက် တင်တင်ရီ၏ရှေ့မှ သတ္တုခွက်ထဲသို့ တစ်ကျပ်တန်ငွေစက္ကူအခေါက်ကလေး ကျသည်။ ခင်မောင်စိုးက ပစ်ချလိုက်ခြင်းဖြစ်သည်။ တင်တင်ရီ ၏ရင်တွင် နွေးခနဲခံစားရသည်။ သူသည် တင်တင်ရီ အား မမှတ်မိ။ သူတောင်းစားဟုပင် ထင်နေပုံရသည်။ ထိုအတွက်ပင်ကျေနပ်ရသည်။ တစ်ပြိုင်နက်တည်း လည်း ခံပြင်းနာကြည်းခြင်းဂယက်တို့ ရင်ထဲမှာ ရိုက်ခတ်ရပြန်သည်။
သို့ဖြင့် ကျောက်ဆည်ဘူတာတွင် မီးရထားဆိုက် ကပ်မိသည်။ ခင်မောင်စိုးတို့လူသိုက် စိတ်ပျက်လက်ပျက်  ဆင်းသွားကြသည်။    ၎င်းတို့၏   နောက်ကျောကို ကြည့်ရင်း တင်တင်ရီ သက်ပြင်းရှိုက်လိုက်လေသည်။
x  x  x  x  x
“မိန်းကလေးက ဘယ်ကိုသွားမှာလဲဟင်”
ရုတ်တစ်ရက်အမေးခံလိုက်ရသဖြင့် တင်တင်ရီ အံ့အားသင့်သွားသည်။
“ဗျာ” ဆိုမိသည်။
“မိန်းကလေးက ဘယ်သွားမှာလဲ၊ ရန်ကုန်အထိ ပဲလား”
မေးလာသူမှာ မိမိနှင့် မျက်နှာချင်းဆိုင်မှဖြစ်သည်။ ရင်းနှီးဖော်ရွေသောအပြုံးဖြင့် ပြုံးရင်းမေးလာခြင်းဖြစ် သည်။ 
“ဟုတ်၊ ဟုတ်ကဲ့” 
တင်တင်ရီ အထစ်ထစ် အငေါ့ငေါ့ ဖြေမိသည်။
ယခုမှ နေရာမှန် ပြန်ရောက်ဆဲ ဆီးကြိုမေးမြန်း ခြင်းခံလိုက်ရသဖြင့် တင်တင်ရီ တုန်လှုပ်သွားမိသလို ကျောက်ဆည်ဘူတာသည်    နောက်တွင်   ကျန်ရစ် သည်။ ယင်းဘူတာတွင် သူတောင်းစားမြေးအဘိုး ဆင်းနေရစ်သည်။ တင်တင်ရီသည်  သူကတိထား ခဲ့သည့်အတိုင်း ငွေနှစ်ဆယ်ပေးသည်။ သူတောင်းစား မကလေးသည် တင်တင်ရီ၏အဝတ်များကို ချွတ်လဲ ပေးရမှာ နှမြောသလိုရှိနေကြောင်း တွေ့ရသည်။
“အဲဒါကို ချွတ်မနေနဲ့တော့” 
တင်တင်ရီဆိုသည်။ 
“ရှင်” 
“အဲဒါကို တစ်ခါတည်းဝတ်သွားတော့။ ကိုယ့် ကိုသာ သေတ္တာယူပေး”
တင်တင်ရီသည် သေတ္တာထဲမှ အခြားဝတ်စုံတစ်စုံ ကို ယူဝတ်သည်။  စောစောက  သူတောင်းစား         မကလေး၏ အဝတ်များကို ပြန်ပေးလိုက်သည်။ ထိုအခါ မိန်းကလေးမှာ အလွန်အမင်း ကျေနပ်သွား ရှာသည်။ ။
“ဝမ်းသာလိုက်တာ အစ်မရယ်၊ ကျွန်မ ငွေကို တောင်မယူချင်တော့ဘူး” ဆိုသည်။
သို့ပေမဲ့ ငွေကိုလည်း ပြန်မပေးခဲ့။
သူတို့   မြေးအဘိုးသည်  ရထားထွက်ခါနီးမှ ကသောကမျော ကသုတ်ကရက် ဆင်းသွားသည်။
တင်တင်ရီ နေရာမှာပြန်ထိုင်သည်။ ကျောက်ဆည် ဘူတာမှ ရထားထွက်ခဲ့သည်။ ကျောက်ဆည်မြို့၏ အရှေ့ဘက်မှ တောင်စဉ်ခုနစ်ထပ်ကို ငေးကြည့်နေ သည်။ ထိုစဉ်တွင် အမေးခံရခြင်းဖြစ်သည်။
အဘယ်မျှ ရင်းနှီးကျွမ်းဝင်ဖွယ်အပြုံးကို ပြုံးထား သည်ဆိုစေ တင်တင်ရီ လန့်ဖျပ်နေမိဆဲပင်။
“မိန်းကလေးမှာ အဖော်မပါဘူးလား” 
သူက စပ်စုနေပြန်သည်။
သူ၏အသက်မှာ ငါးဆယ်ကျော်၊ ခြောက်ဆယ် နီးပါးဖြစ်၍ တင်တင်ရီမှာ တစ်မျိုးတော့ အနေရ အထိုင်ရ သက်သာသည်။ ရုပ်ကလည်း ရည်ရည် မွန်မွန်ပင်။ တင်တင်ရီနှင့် မျက်စောင်းထိုးတွင် ထိုင်နေသူမှာ သူ၏အဖော်ပင်ဖြစ်သည်။ ထိုသူသည် တင်တင်ရီအား အကဲခတ်သလို လှမ်းလှမ်းကြည့်နေ ကြောင်း တွေ့ရသည်။
“မိန်းကလေးအိမ်က ထွက်ပြေးလာတာ မဟုတ် လားဟင်”
“ဗျာ”
တိုက်ရိုက်ကျလွန်းသော အမေးကြောင့် တင်တင်ရီ ချောက်ချားသွားသည်။ တစ်ကိုယ်လုံးတုန်သွား သည်။ တင်တင်ရီ၏ မျက်နှာကို စူးစိုက်ကြည့်လိုက် သည်။ အလေးအနက်ပြောသည်။
“မင်း ဘာလုပ်ခဲ့တယ်ဆိုတာ  အဘအားလုံး မြင်ပါတယ်ကွယ်”
တင်တင်ရီသည် သူ့ရှေ့မှောက်မှ ချက်ချင်းထွက် ပြေးလိုက်ချင်သည်။    ရထားပြတင်းပေါက်မှ ခုန်ချလိုက်ချင်သည်။
“အဘကိုမကြောက်ပါနဲ့။ အဘမင်းကို ဒုက္ခမပေး ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကူညီချင်လို့ပါ”
သို့တိုင်အောင် တင်တင်ရီ ကြောက်စိတ်မပြေ သေး။ ထိတ်လန့်နေမိဆဲပင်။
“အဘနာမည် ဦးမြတ်စံလို့ခေါ်တယ်။ သမီးရဲ့ နာမည်ကကော”
“တင်တင်ရီပါ”
“တင်တင်ရီ။ ဟုတ်ပြီ အဘနာမည်ကိုလည်း မှတ်ထားနော်။ သမီးနာမည်ကိုလည်းမှတ်ထားမယ်။ ဒါထက် သမီးဘာလို့အိမ်ကထွက်ပြေးခဲ့ရတာလဲဟင်”
“မနေချင်လို့ပါ။ ဒါပေမဲ့ ရွှေတွေငွေတွေ အများ ကြီးပါခဲ့တယ်ဆိုတာတော့ မဟုတ်ပါဘူး”
“ဟုတ်ပါပြီ။ ဘာလို့မနေချင်ရတာလဲ”
တင်တင်ရီ စိတ်တိုလာသည်။ စပ်စုရန်ကော ထင်သည်။
“ကျွန်တော့်ကို အိမ်က ယောက်ျားပေးစားချင် တယ်။ ကျွန်တော်က မယူချင်ဘူး။ ဒါကြောင့်ပါ”
ဆက်လက်ဖော်ပြပါမည်။