မောင်သိန်းဆိုင်
ယမန်နေ့မှအဆက်
အမှန်တော့ သည်အဖြစ်တွင် မအေးမြဘက်က တာဝန်မကင်းသလို မိမိတွင်လည်း တာဝန်ရှိသည် ဟု တင်တင်ရီထင်သည်။
ထိုနေ့က အပျိုကြီးများနေထိုင်ရာအိမ်သို့ တင်တင်ရီရောက်သွားခဲ့ခြင်းမှာ အဓိကအမှားဖြစ်သည်။
ဒေါ်မူယာက မေးသည်။
“ဒါထက် တင်တင် လက်ထပ်တော့မယ်ဆို”
ထိုအမေးအတွက် တင်တင်ရီ အံ့အားသင့်နေသည်။
“ဒါကို ဘယ်သူကပြောသလဲဟင်” ပြန်မေးမိသည်။
“အို - အေ၊ ဒီသတင်း အရပ်ထဲမှာကျော်နေတာ ကြာပါပကောလား၊ တို့များဖြင့် နားနဲ့တောင်မဆံ့ တော့ဘူး။ လက်ထပ်မယ့်သူငယ်ကလည်း တင်တင်တို့အိမ်မှာ ဝင်ထွက်သွားလာနေတဲ့ မအေးမြရဲ့ မောင်ဆို”
တင်တင်ရီမှာ ခံပြင်းစိတ်ဖြင့် နှုတ်ခမ်းကို နာနာကိုက်ထားမိသည်။
သည်တွင် ဒေါ်သူဇာက ဆိုသည်။
“မင်္ဂလာဆောင်တဲ့နေ့ကျရင် တို့များကိုပြောပေါ့။ ပေါင်ထားတဲ့ လက်ဝတ်လက်စားတွေ ခဏ ယူဝတ်ချင်ဝတ်ပေါ့”
“အို၊ ဒီလူ့ကို ကျွန်တော့်တစ်သက်လုံးလက်မထပ်ဘူး သိလား”
တင်တင်ရီ ခါးခါးသီးသီး ဆိုမိသည်။
အပျိုကြီးများ ပိုမိုစိတ်ဝင်စားလာဟန်ရှိသည်။
“ဘာဖြစ်လို့လဲကွယ့်”
“ကျွန်တော်တို့မှာ အကြောင်းတွေအများကြီးပဲ”
“နေစမ်းပါဦးတင်တင်၊ တို့များသတိထားမိတာ ကြာပြီ။ ဒီသူငယ်နဲ့ မအေးမြတို့ နေပုံထိုင်ပုံကို မကြိုက်ဘူး။ သူတို့ချင်း ရှင်းရှင်းလင်းလင်း ရှိကြရဲ့လားဟင်”
အပျိုကြီးမများက အတိအကျ စွပ်စွဲလာသည်။
“ကျွန်တော် မသိဘူး။ ဒါတွေ ကျွန်တော်ဘာတစ်ခု မှမသိဘူး”
တင်တင်ရီ သူတို့မျက်မှောက်မှ ထွက်ပြေးမိခဲ့ပြန်သည်။
သည်အဖြစ်မှာ သည်မျှနဲ့ပင် ပြီးစီးသွားလိမ့်မည် ဟုထင်ခဲ့သည်။ သည်ထက်ပိုလာနိုင်စရာအကြောင်း မရှိဟု မှတ်ယူခဲ့မိသည်။
သို့ရာတွင် အဖြစ်အပျက်တို့က သည်မျှနှင့် ရပ်တန့်မသွားခဲ့ချေ။ နောက်ဆက်တွဲဇာတ်လမ်းတို့ မြောက်မြားစွာ ပေါ်ပေါက်လာသည်။
ထိုနေ့ညနေပိုင်းက အိမ်လည်မှပြန်လာသော မအေးမြသည် တင်တင်ရီနှင့် မျက်နှာချင်းဆိုင်မိကြသည်။ မအေးမြ၏မျက်နှာမှာ ဒေါသဖြင့် နီရဲနေသည်။ ခက်ထန်မာကျောနေသည်။
“ဘယ်လိုတုံး စနေဂြိုဟ်မ၊ အရပ်ထဲမှာ လှည့်ပြီး မွှေခဲ့ပြန်ပြီပေါ့လေ”
မအေးမြ၏အသွင်အပြင်ကို မြင်ရပြီဆိုကတည်းက အကြောင်းတစ်စုံတစ်ရာ ဖြစ်တော့မည်ကို တင်တင်ရီ သိသည်။ ပြီး မိမိအပေါ် ဒေါသဖြစ်စရာရှိလာပြီဆိုလျှင် “စနေဂြိုဟ်မ”ဟု မအေးမြ ဝိဂြိုဟ်ပြုလေ့ရှိသည်။
“ညည်းအရပ်ထဲမှာ ဘာတွေလျှောက်ပြောခဲ့သလဲဟင်”
မအေးမြ မေးသည်။
“ကျွန်တော် ဘာပြောလို့လဲ မေမေ”
“ညည်းဘာပြောခဲ့တယ်ဆိုတာ ညည်းကိုယ်ညည်း မသိဘူးလား”
“ကျွန်တော်ဘာမှမပြောဘူး မေမေ”
“ညည်းဘာမှမပြောဘဲနဲ့ ဒီစကားတွေ ဘယ်သူပြန်ပြောမှာလဲ။ ဒီမယ်တင်တင်ရီ ညည်းကျုပ်ကို ဒုက္ခပေးပေါင်း များလှပြီ။ အခုလည်းဒုက္ခပေးပြန်ပြီ”
မအေးမြ၏စကားမဆုံးမီ တင်တင်ရီဖြတ်ပြောသည်။
“နေပါဦးမေမေ။ မေမေ ဘာကြားခဲ့လို့လဲဟင်”
“ဘာကြားခဲ့ရမှာလဲ စနေဂြိုဟ်မရဲ့။ ကျုပ်နဲ့ ခင်မောင်စိုးနဲ့ ညားနေပြီလို့ သတင်းလွှင့်တာ၊ ဖော်ကောင်လုပ်ခဲ့တာ ညည်းမဟုတ်လို့ တခြားဘယ်သူရှိ ဦးမှာလဲ”
သည်တော့လည်း တင်တင်ရီသည် အပျိုကြီးမများကို အမှတ်ရသည်။ ၎င်းတို့ထံမှ ယင်းစကားပျံ့နှံ့ သွားခြင်းပင် ဖြစ်မည်ထင်သည်။
“ကျွန်တော် အဲဒီလိုမပြောခဲ့ဘူး မေမေ၊ ဒါနဲ့ပတ် သက်လို့ ကျွန်တော်မပြောခဲ့ဘူး”
“ညည်းမောင်းမတီးဘဲ ဒီအကြောင်း အရပ်ထဲမှာ ဘယ်လိုလုပ်ကျော်နေမှာလဲ တင်တင်ရီ”
“ကျွန်တော်မပြောဘူး မေမေ”
“တော်စမ်းတင်တင်ရီ၊ ငါ့ကို ဒေါသထွက်အောင် မလုပ်စမ်းပါနဲ့”
“ကျွန်တော် တကယ်မပြောဘူးမေမေ”
“ခွေးစုတ်မ၊ ကိုယ့်ဟာကိုယ်လင်မယူဘဲ ကမြင်းချင်ရင် ကမြင်းချင်တယ် ပြောတာမဟုတ်ဘူး။ သူများကို ဘာလို့ သွားပုပ်လေလွင့် ပြောချင်ရတာလဲ ဟင်”
တင်တင်ရီသည် မအေးမြကို နာနာကြည်းကြည်း စိုက်ကြည့်သည်။
“ကျွန်တော့်ကို ဒီလိုတော့မပြောပါနဲ့မေမေ”
“ပြောတယ်အေ၊ ပြောတယ်”
တင်တင်ရီကိုယ်တိုင်သည်လည်း ဒေါသဖြစ်လာရသည်။ အသားတဆတ်ဆတ်တုန်လာသည်။
“ခင်ဗျား၊ ဘာဖြစ်လို့ ကျွန်တော့်ကို အပြစ်ရှာချင် နေရတာလဲဟင်”
“ဘာ”
“ခင်ဗျားနဲ့ ကျွန်တော်ဟာ ရန်သူမဟုတ်ဘူး။ ဒါနဲ့တောင် ဘာလို့အခုလောက် အပြစ်ရှာနေရတာလဲ။ ကျွန်တော်ဟာ ခင်ဗျားရဲ့ သမီးအရင်းမဟုတ်လို့လား”
တင်တင်ရီ၏စကားကြောင့် မအေးမြ၏မျက်နှာတွင် အပြောင်းအလွဲဖြစ်သွားသည်။
“ဪ၊ ညည်းက ဒါတွေကိုတောင်သိနေပြီကိုး”
“ဟုတ်တယ်၊ သိတယ်။ ကျွန်တော့်မှာ သိနေတာတွေအများကြီးပဲ။ ဒါပေမဲ့ ခင်ဗျားယုံ။ ခင်ဗျားနဲ့ ပတ်သက်ပြီး ကျွန်တော်သိတာကို ဘယ်သူ့မှမပြောဘူး။ အရပ်က သူတို့ဟာသူတို့ ရိပ်မိတာလည်းဖြစ်မယ်”
“ညည်းရဲ့လေသံဟာ တယ်ပြီးမာလိုက်ပါလား မိတင်တင်ရီ။ နိုင်ပေါက်ရပြီဆိုပြီး ကိုင်လိုက်တာပေါ့လေ”
“ကျွန်တော် ဘယ်သူ့ကိုမှအနိုင်မယူဘူး။ ဘယ်သူ့ ကိုမှလည်း ဒုက္ခမပေးချင်ဘူး”
“ဪ၊ ကလေကချေမရဲ့။ ပါးစပ်က နတ်စကား ထွက်နေပါလား”
“ခင်ဗျား ကျွန်တော့်ကို ဒီထက်ပိုပြီး မစော်ကားရင် ကောင်းမယ်”
“စော်ကားတော့ ဘာလုပ်မလဲ မိတင်တင်ရီ။ ဟင် ညည်းကများ ကျုပ်ကို ပြန်သတ်ဦးမလို့လား”
မအေးမြသည် ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အော်လိုက်သည်။ မျက်နှာမှာ စားတော့ဝါးတော့မလို ဖြစ်နေသည်။
“ဒီကနေ့ ညည်းနဲ့ငါ အပြတ်စာရင်းရှင်းရမယ့်နေ့ပဲ တင်တင်ရီ”
မအေးမြသည် ပြောပြောဆိုဆို တင်တင်ရီထံ တိုးလာသည်။ ရိုက်နှက်သတ်ပုတ်မည့် အရိပ်အယောင်ကို တွေ့ရသည်။
“ကျွန်တော့်အသားကို မထိနဲ့နော်”
တင်တင်ရီသည် မအေးမြကို ရင်ဆိုင်ရင်း သတိပေးသည်။ မအေးမြ မနာယူ။ တင်တင်ရီ၏ဆံပင်ကို ဆွဲယူရန် ကြိုးစားသည်။ တင်တင်ရီက မအေးမြ၏ လက်ကို ပုတ်ထုတ်လိုက်သည်။
မအေးမြသည် ပိုမိုခံပြင်းသွားသလိုရှိကာ လူချင်းဝင်ပူးရန် အားထုတ်သည်။ တင်တင်ရီ မနေသာတော့။ မအေးမြ၏ပခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆောင့်တွန်းလွှတ်လိုက်သည်။
အတော်ချည်းဝရွှဲနေသော မအေးမြသည် တင်တင်ရီ တွန်းလွှတ်လိုက်သောအရှိန်၊ မိမိကိုယ်ကို မဟန်နိုင်သော အရှိန်တို့ကြောင့် ထိုင်လျက် လဲကျသွားသည်။ ပါးစပ်မှ ညစ်ညမ်းစွာ ဆဲရေးရင်း တံမြက်စည်းကိုဆွဲယူကာ ကုန်းထလာသည်။
တင်တင်ရီသည် ဆွဲမိဆွဲရာဆွဲလိုက်သည်။ လက်ထဲတွင် ရေထမ်းတံပိုးပါလာသည်။
“ကျွန်တော်ပြောမယ်။ ခင်ဗျားကျွန်တော့အသားကို တစ်ချက်ထိရင် ကျွန်တော်လည်း တစ်ချက်ပြန်ချ ရမှာပဲ”
တင်တင်ရီ၏မျက်နှာမှာ မာကျောနေသည်။ မျက်လုံးများက အရောင်တောက်နေသည်။ ပြောသလို လုပ်တော့မည်ဆိုခြင်းကို မျက်နှာအနေအထားက ဖော်ပြနေသည်။
မအေးမြ ကိုယ်ရှိန်သတ်သွားသည်။ သို့ရာတွင် သူကသည်အတိုင်းငြိမ်မနေ။ အော်ဟစ်ငိုယိုကာ တင်တင်ရီကသူ့အား သတ်နေပါပြီဟု အရပ်ကိုတိုင်သည်။
အရပ်ကလူများ ဝိုင်းအတွင်းဝင်လာကြသည်။
တင်တင်ရီသည် ယခုမှပင် ရှက်ရွံ့ရကောင်းမှန်း သိလာသည်။ တစ်ယောက်တစ်ပေါက် ပြောကြဆိုကြမည့်စကားများကို မကြားနိုင်သလိုရှိသည်။ မည်သူ့မျက်နှာကိုမှလည်း မမြင်ချင်၊ သို့ဖြင့် အိပ်ခန်းတွင်းဝင်ခဲ့သည်။ နားကို ခေါင်းအုံးများဖြင့် တင်းတင်းပိတ်ကာ အိပ်နေလိုက်သည်။
အရပ်မှလူများကို သူစိတ်တိုင်းကျ ငိုယိုတိုင်တန်းပြီးနောက် မအေးမြသည် ဖေဖေ့ကို တိုင်ဦးမည်ဆိုကာ အိမ်မှ ထွက်သွားသည်။ အိမ်တွင် တင်တင်ရီတစ်ယောက်တည်း ကျန်ရစ်သည်။ သည်မှာတွင်ပင် တင်တင်ရီသည် သည်အရပ်၊ သည်အသိုင်းအဝိုင်းကို စွန့်ခွာရန်အချိန်သို့ မလွဲမသွေ ရောက်ရှိလာပြီဟု တွက်ဆမိသည်။ သည်အိမ်တွင် မည်သို့မျှနေမရသည့်အဖြစ်ကို တွေးမိသည်။
ကမ္ဘာလောကဟူသည် ကျယ်ဝန်းသည်။ နက်ရှိုင်းသည်၊ ရှုပ်ထွေးသည်မှန်စေ။ ယင်းလောကအတွင်း တိုးဝင်ရသည်ကမှ သည်အိမ်တွင် ဒုက္ခဆင်းရဲခံကာ နေရသည်ထက် ပိုမိုကောင်းမွန်လိမ့်ဦးမည်ထင်သည်။
နောက်တစ်ခုကလည်း သည်ရက်ပိုင်းတွင် တင်တင်ရီသည် သူ၏ပျောက်ဆုံးနေလေသော မိခင်ကို တွေ့ရှိရဖို့ ဆန္ဒစောနေသည်။ မိခင်နှင့် ပြန်လည်တွေ့ဆုံရန်အခွင့်အရေးကို ရချင်သည်။
မိခင်ဖြစ်သူ အဘယ်မျှ စိမ်းကားရက်စက်နိုင် စွမ်းရှိပြီး စွန့်ပစ်ထားရက်စေကာမူ တင်တင်ရီသည် မိခင်ကို မနာကြည်းရက်နိုင်။
တင်တင်ရီသည် သူ၏ ပစ္စည်းပစ္စယကလေးများကို သိမ်းကျုံးယူသည်။ စင်စစ် သူပိုင်ဆိုင်သော ပစ္စည်းဟူသည်မှာလည်း များများစားစားရှိလှသည် တော့မဟုတ်။ သေတ္တာတစ်လုံးပင် မပြည့်တတ်။
မုန့်ဖိုးပဲဖိုးကလေးများထဲမှ စုဆောင်းထားသော ငွေအနည်းအကျဉ်းရှိသည်။ သို့တိုင်အောင် ယင်းငွေမှာ ခရီးရှည်ရှည်ဝေးဝေး ရောက်နိုင်မည်မဟုတ်။ အကယ်၍ ငွေများများစားစား မရှိသည့်တိုင် အဖိုးတန် လက်ဝတ်လက်စားပါလာလျှင် တော်သေးသည်။ ယခုမူ လက်ဝတ်လက်စားဟူ၍လည်း တစ်စုံ တစ်ရာမျှမပါ။