ရေနံ့သာ ခင်ခင်ကြီး

မောင်သိန်းဆိုင်

ယမန်နေ့မှအဆက်

နန်းကိန္နရီ၏ရင်ထဲမှာ ကျေချမ်းနိုင် ခြင်းမရှိသလိုဖြစ်နေသည်။ တစ်စုံတစ်ခု အတွက်   စနိုးစနောင့်ဖြစ်နေသည်။ စင်စစ် ဤသည်မှာ မျိုးထွန်းသိန်းအပေါ် အလိုမကျနိုင်ခြင်းနှင့်  ပတ်သက်သည်။ သူ၏ဘဝအကြောင်းကို  စပ်စုမိခြင်းမှာမှား၍များနေလေပြီလား။  သိမထားဘဲ နေခြင်းက ပို၍များကောင်းလေမည်လား စသည်ဖြင့် တွေးနေမိသည်။
အမှန်တွင် မျိုးထွန်းသိန်းနှင့်ပတ်သက် ၍ ဖြစ်စေချင်သည်မှာ မိမိကဲ့သို့ပင် အချစ် ရေးနှင့်စပ်လျဉ်း၍ အပြစ်အနာကင်းသူ။ အသည်းနှလုံးသည် စက္ကူဖြူတစ်ချပ်နှယ် ဖြူစင်သန့်ရှင်းနေသူ။   ဖြစ်နေသည်က ထင်မှတ်သလိုမဟုတ်သည့်အတွက် မကျေ နပ်နိုင်အောင် ရှိရသည်။
“အရီ ပြန်တော့မယ်” 
သည်စကားကို ဆိုမိပြန်သည်။ 
“နေစမ်းပါဦး။ စကားမှမဆုံးသေးတဲ့ ဥစ္စာ” 
မျိုးထွန်းသိန်းက တားသည်။ 
“ဘာပြောမလို့လဲ၊  ပြောစရာကုန်ပြီ မဟုတ်လား”
“ကျန်သေးတယ်။ အခုပြောမယ့်စကား ဟာ တခြားစကားတွေထက်ထူးတယ်။ ဒီစကားကိုကြားရရင်     မနန်းကိန္နရီ 
စိတ်ဝင်စားမှာပါ” 
“တယ်လဲချီလိုက်ပါလား။    ဆိုစမ်း ပါဦး”
သူ့ထံမှ အသံ ရုတ်တရက်ထွက်မလာ သဖြင့် နန်းကိန္နရီ သူ့ဘက်သို့ လှည့်ကြည့် လိုက်သည်။    သူသည်   စီးကရက်ကို အားပါးတရ       ရှိုက်ဖွာလိုက်သည်။ စီးကရက်လိပ်မှ      မီးကျီးခဲကြောင့် သူ့မျက်နှာကိုမြင်ရသည်။  သူ၏မျက်ဝန်း မှ တောက်ပမှုကို တွေ့ရပြန်သည်။
“တကယ်ပြောတာ      မနန်းကိန္နရီ။ကျွန်တော်စတွေ့ကတည်းက ဒီစကားကို ပြောချင်နေတာ။ ပြောသင့်  မပြောသင့် ချင့်ချိန်နေလို့”
နန်းကိန္နရီ၏ရင်တွင် တုန်ယင်လာရ ပြန်လေပြီ။    ပူနွေးလာရပြန်လေပြီ။ သူဘာများပြောချင်ပါလိမ့်။ သူ၏စကား မှာ    အသည်းနှလုံးနှင့်စပ်လျဉ်းသော စကားမျိုးများ ဖြစ်လေမလား။ တစ်ခါ တည်းနှင့်ပင် မိမိအား ချစ်ခွင့်ပန်လာလေ မည်လား။    ထို့ကြောင့်ပင် အချီးတွေ၊ နိဒါန်းတွေ   ပျိုးနေလေသလားစသည်ဖြင့် စိတ်လှုပ်ရှားစွာ စဉ်းစားမိသည်။
တစ်ဆက်တည်းမှာလည်း သူကသာ ချစ်ခွင့်ပန်လာလေလျှင် မည်သည့်စကား ဖြင့် တုံ့ပြန်ရပါလိမ့်။ လက်ခံရလေမလား။ ငြင်းပယ်ရလေမလား။   မည်သို့ဆိုစေ အနည်းအပါးလောက်တော့ ဣန္ဒြေထား ဦးမှ၊  စတိလောက်တော့  ငြင်းပယ်ဦးမှ။ သို့မဟုတ်လျှင်   အညှာလွယ်လှသည် ဆိုကာ အထင်သေးမှာ စိုးရသေးသည်။ သူ  မကမ်းခင်က   လှမ်းချင်သည်ပင်ဖြစ် စေ၊  သူ မဆွတ်ခင်က  ညွတ်ချင်သည်ပင် ဖြစ်စေ။ မိန်းကလေးတစ်ယောက်အနေ နှင့် ဈေးကိုင်ထားဦးမှ။
“မနန်းကိန္နရီကို ကျွန်တော်ပြောဖူးတာ မှတ်မိသေးတယ်မဟုတ်လားဟင်”
မျိုးထွန်းသိန်းမေးသည်။ 
“ဘာကိုလဲ။ အရီ့ကို ကိုမျိုးပြောတာ တွေ အများကြီးပဲဟာ”
“မဟုတ်ဘူးလေ။    မနန်းကိန္နရီကို ပင်းဘုရားပွဲမှာတွေ့ရတော့  ကျွန်တော့် အသိမိန်းကလေးတစ်ယောက်နဲ့ တူတယ် ဆိုတာ”
နန်းကိန္နရီသည် မျှော်လင့်ထားသော စကားကို မကြားရသည့်အတွက် စိတ်ပျက် လက်ပျက် ဖြစ်သွားသည်။ ထိုင်ရာမှ ထလိုက်သည်။
“အရီ ပြန်တော့မယ်” 
သည်စကားကို ဆိုမိသည်။
“ကျွန်တော်ပြောတာ စိတ်မဝင်စား ဘူးလားဟင်။ နားမထောင်ချင်ဘူးလား”
“ကိုမျိုး အဲလစ်အကြောင်းပြောမလို့ မဟုတ်လား။    နားမထောင်ချင်ပါဘူး။ စိတ်မဝင်စားပါဘူး”
“နေစမ်းပါဦး။ မနန်းကိန္နရီရယ်”
“နောက်တစ်ခုပြောရဦးမယ်။ အရီ့ကို “မနန်းကိန္နရီ” လို့  ဆက်ပြီးခေါ်နေမယ်။ ကျွန်တော်နဲ့ ခင်ဗျားနဲ့ ဆက်ပြီးပြောနေ ဦးမယ်ဆိုရင် ကိုမျိုးနဲ့အရီနဲ့ ဒီတစ်ခါ အပြတ်ပဲ။ နောက် ဘယ်တော့မှ အရီ့ကို မခေါ်နဲ့တော့”
မျိုးထွန်းသိန်းသည် အကြံရခက်သလို ဖြစ်သွားသည်။
“ကျောင်းမှာ စာပြတော့ အချို့ကျောင်းသူ ကျောင်းသားတွေဟာ ကိုယ်နဲ့ အသက် ရွယ်တူတန်းတူလိုဖြစ်နေလို့ နာမည်မှာ “မ” ထည့်ခေါ်တာ။ အကျင့်ပါနေတာပါ”
သူက နန်းကိန္နရီ စိတ်မရှင်းသည်ကို ရှင်းပြသည်။ ထို့နောက်  ဖျတ်ခနဲဆိုသလို နန်းကိန္နရီ၏လက်ကို ဆွဲလိုက်သည်။ ရုတ်တရက်ဖြစ်၍ နန်းကိန္နရီ လက်ကို ရုန်းရကောင်းမှန်းမသိ။ သတိမရ။
“ထိုင်စမ်းပါဦး။ ဒေါသရှေ့ထား မှားတော့ မပေါ့ မနန်း အဲ အရီ”
သူက လက်ကိုဆွဲလိုက်သဖြင့် နန်းကိန္နရီ ထိုင်လိုက်ရသည်။
နန်းကိန္နရီ   ထိုင်မိမှ သူက လက်ကို လွှတ်ပေးလိုက်သည်။
“ဒီမှာ ပြောတာကို နားထောင်စမ်းပါ။ အဲလစ်ဆိုတာ    အခြားသူမဟုတ်ဘူး။ စောစောကပြောတဲ့    ချစ်သူ။   ငယ်ငယ် ကလေးကတည်းက ချစ်ရတဲ့သူ”
“အခုထိ စိတ်မဝင်စားသေးဘူး”
“သူနဲ့  တွေ့ကြတာ  အထက်တန်း ကျောင်း စရောက်တဲ့နှစ်ကတည်းက၊ ချစ်မိတာကတော့  ဆယ်တန်းဖြေတဲ့ နှစ်မှာဆိုပါတော့”
“ဒါတွေက ဖြစ်ရိုးဖြစ်စဉ်တွေပါ” 
“ဒါနဲ့ စောစောကတော့ ဒီအကြောင်း ကိုပဲ ပြောပြပါဆို” 
“ဒါက စောစောကပဲ၊ အခုမှမဟုတ်ဘဲ”
“ကိုယ်ကတော့     ပြောရဦးမယ်။ ဆယ်တန်းအောင်ပြီး      တက္ကသိုလ် ရောက်ကြတော့     တစ်ယောက်နဲ့ တစ်ယောက်   အသည်းပေါက်မတတ် ချစ်ကြတုန်း”
“ေဩာ်၊ ေဩာ်”
“ဒီမှာတင် အိမ်က သဘောမတူနိုင်ဘူး ဆိုတာနဲ့ သူကစပြီး စိတ်ကောက်သွားခဲ့ တယ်”
“အင်း အင်း”
“ဒီမှာတင်  နှစ်ယောက်သား  အချစ် ကနေ အမုန်းဖြစ်သွားခဲ့တယ်”
“သနားစရာ” 
“ဒါပေမဲ့ သူ့ကို ကိုယ် ဒီကနေ့အထိ မမုန်းဘူး၊ မမေ့ဘူး”
“ကျွတ်ကျွတ်၊ ထားမိတဲ့ မေတ္တာတွေ၊ မေတ္တာတွေ”
နန်းကိန္နရီက အဘယ်မျှ အနှောင့်အယှက် ပေးသည်ဆိုစေ မျိုးထွန်းသိန်း စကား ဆက်သည်။
“သူကျောင်းက ထွက်သွားပြီးကတည်း က မတွေ့ခဲ့ကြတော့ဘူး။ ဒီကနေ့အထိ တစ်ကြိမ်မှပြန်ပြီး  မျက်နှာချင်းမဆိုင်မိ တော့ဘူး”
“မြားနတ်မောင်   သူကျီစယ်ဆိုတာ ဒါမျိုးပေါ့” 
မျိုးထွန်းသိန်း သက်ပြင်းရှိုက်သည်။
“မနန်း၊ အဲ အရီ့ကို ကိုယ်စိတ်ဝင်စား တာ။ အမှတ်ထင်ထင် ရှိနေမိတာတွေဟာ အဲလစ်နဲ့အရီနဲ့ သိပ်တူနေလို့ပဲ”
“လူတူမရှား၊ နာမည်တူမရှားဆိုသလို ဖြစ်ပါလိမ့်မယ်”
“ဟုတ်တယ်။ ဒီလိုပဲဖြစ်ပါလိမ့်မယ်။ အရီ့မှာ အစ်မ သို့မဟုတ် ညီမရှိသလား ဟင်”
“ဟင်”
သည်အမေးအတွက်မူ နန်းကိန္နရီ တုန်လှုပ်ရလေပြီ။ စောစောကလို အရွှန်း မဖောက်နိုင်တော့”
“အရီ အဲလစ်ဆိုတဲ့ နာမည်ကို မကြား ဖူးဘူးလားဟင်”
“ဟင့်အင်း” 
“တစ်ခါမှလည်း မဆုံဖူးဘူးပေါ့” 
“မဆုံဖူးပါဘူး”
“အဲလစ်ဟာ   အရီနဲ့   ညီအစ်မများ တော်နေမလားလို့   အခါခါ    စဉ်းစား မိတယ်”
“ဟင့်အင်း။ ဒီလိုမျိုးတော့ ဘယ်နည်း နဲ့မှ မဖြစ်နိုင်ဘူး။ အရီ့မှာ အစ်မလည်းမရှိ ဘူး၊  ညီမလည်းမရှိဘူး၊   အစ်ကိုလည်း မရှိဘူး၊  မောင်လည်းမရှိဘူး။  အရီဟာ တစ်ကောင်ကြွက်” 
နန်းကိန္နရီအသံမှာ ငိုသံပါချင်လာ သည်။
ကာလအတန်ကြာမျှ အမေ့မေ့အလျော့ လျော့ အပျောက်ပျောက် အပျက်ပျက်ဖြစ် နေခဲ့သော အတိတ်ကဖြစ်ရပ်တို့ကို တစ်ခဏ ချင်းမှာပင်  နန်းကိန္နရီ  သတိရသည်။ အတိတ်လှိုင်းဂယက်သည် ရင်ထဲတွင် ရိုက်ခတ်လာသည်။  မိမိ၏ဘဝ အစစ် အမှန်ကို ပြန်ပြောင်းစဉ်းစား၍လည်း လာမိပြန်ချေပြီ။
သည်တော့လည်း ရင်ထဲမှာ နာကြည်း ကြေကွဲခြင်းများ ပေါ်ပေါက်လာသည်။ ဆို့ဆို့နင့်နင့် ရှိလာမိပြန်သည်။
မျိုးထွန်းသိန်းသည် နန်းကိန္နရီ စိတ် လှုပ်ရှားသွားရသည်ကို အကဲခတ်မိဟန် တူသည်။    သူ၏စကားများအတွက် နန်းကိန္နရီ စိတ်အနှောင့်အယှက်ဖြစ်ရ သည်ကို တွေးမိပုံရသည်။
“အေးလေ၊ အခုလို ပြတ်ပြတ်သားသား သိလိုက်ရတော့ ရင်ထဲမှာ ရှင်းသွားတာ ပေါ့။ သံသယကင်းသွားရတာပေါ့ ”
သူက စကားဖြတ်ထားလိုက်သောအခါ တွင် တိတ်တိတ်ဆိတ်ဆိတ်ကြီး ဖြစ်သွား သည်။  နန်းကိန္နရီသည်  တိတ်တခိုး သက်ပြင်းရှိုက်နေမိသည်။
“အရီ” သူက ခေါ်သည်။ 
နန်းကိန္နရီ မထူးမိ။
သူသည် နန်းကိန္နရီ၏လက်ကို ဆုပ် ကိုင်ကာ ဖျစ်ညှစ်အားပေးသည်။
“ကိုယ့်ကို ခွင့်လွှတ်ပါအရီ။ ကိုယ်ဟာ သူတစ်ပါးရဲ့အကြောင်းတွေကို သိပ်စပ်စု ရာကျသွားပြီထင်တယ်”
နန်းကိန္နရီ ဘာမျှပြန်မပြော။ 
“တကယ်လို့ ဒီစကားမျိုး မကြားချင် ဘူးဆိုရင် နောက်မပြောတော့ဘူး အရီ၊ ကိုယ့်ဆီက နောက်ဒါမျိုး မကြားစေရပါ ဘူးလို့ ကတိပေးပါတယ်”
နန်းကိန္နရီသည် ငြိမ်နေသည်။ အဝေး သို့ လှမ်းကြည့်နေသည်။ မျက်ဝန်းမှ မျက်ရည်ဝဲရပြီကွယ်။ ကြည့်မြင်ရလေ       သမျှ မှုန်နေသည်။ ဝါးနေသည်။
နာကြည်းကြေကွဲဖွယ် အတိတ်ကို သတိရဖွယ်အကြောင်းများ အဘယ် ကြောင့် စကားစပ်ခဲ့ပါလိမ့်။ သူသည် အဘယ်ကြောင့် မိမိအား ကြေကွဲဝမ်းနည်း စေချင်ပါလိမ့်။
တစ်ယောက်နှင့်တစ်ယောက် စကား မပြောမိကြဘဲ၊   လှုပ်ရှားမှုတစ်စုံတစ်ခု မပြုမိကြဘဲ     ငြိမ်သက်ထိုင်နေမိကြ သည်။
ဆက်လက်ဖော်ပြပါမည်။