ရေနံ့သာ ခင်ခင်ကြီး

မောင်သိန်းဆိုင်

ယမန်နေ့မှအဆက်


“ဒါပေမဲ့ သူ့ရဲ့ နှာရောင်မှာဆက်နေတဲ့ မျက်ခုံးမွေးကို ကိုယ်မကြိုက်ဘူး”
သည်တွင် နန်းကိန္နရီ တိတ်တခိုး သက်ပြင်းရှိုက်မိသည်။ လီလီက ခပ်မဲ့မဲ့ မျက်နှာထားဖြင့်  စကားဆက်သည်။ ဝမ်းနည်းကြေကွဲဟန်ကို တမင်လုပ်ထား သည်။
“အဲဒီမျက်ခုံးကြောင့် သူ့ကိုကိုယ် မရ နိုင်တော့ဘူးဆိုတာ   ထင်ရှားသွားပြီ။ ဘာကြောင့်လဲဆိုတော့ ဒီမျက်ခုံးမျိုးရှိတဲ့ လူဟာ သူစိမ်းတစ်ရံဆံနဲ့ မညားတတ် ဘူးတဲ့။   အိမ်နီးနားချင်း   သို့မဟုတ် ဆွေရိပ်မျိုးရိပ်  မကင်းကြတဲ့လူတွေနဲ့ သာ  ညားတတ်သတဲ့။  အထူးသဖြင့် မောင်နှမဝမ်းကွဲဆိုတာနဲ့   ညားတတ် တယ်တဲ့ သိလား”
သည်တော့မှပင် လီလီက မိမိအား စောင်းမြောင်းပြောနေခြင်းဖြစ်ကြောင်း  နန်းကိန္နရီ သဘောပေါက်လာသည်။ သိလာသည်။ သို့နှင့်အမျှ လီလီ၏ကျောပြင် ကို ရှက်စနိုးစွာ ထုမိရိုက်မိသည်။
“လီလီက မကောင်းဘူးကွယ်။ မောင် နှမချင်း သမုတ်တယ်။  အတော်ကြာ ငရဲကြီးနေလိမ့်မယ်”
နန်းကိန္နရီမှာ ယခုမှ ရယ်နိုင်မောနိုင် လာသည်။
“အမယ်လေး။ တော်စမ်းပါ။ ငရဲကြီးရုံ မကလို့ ငရဲကြီးရှစ်ထပ် ဘယ်အထပ် အရင်သွားရမလဲ   ဆိုတာမျိုးလည်း          ဖြစ်နေပါဦးမယ် နန်းကိန္နရီရယ်”
နန်းကိန္နရီသည် လီလီနှင့် ဖက်ပြိုင် မပြောနိုင်။
မည်သို့ဆိုစေ လီလီ၏စကားကို ရင်ထဲ မှ နှစ်ခြိုက်သလို ခံစားရသည်။ ကျေနပ် ဝမ်းသာသလို ရှိခဲ့မိသည်။
သည်စဉ်ကစ၍  မျိုးထွန်းသိန်းနှင့် ပတ်သက်ကာ နန်းကိန္နရီ၏ရင်၌ လှုပ်ရှားမှု သည်းထန်ခဲ့သည်။ ရင်၌ နွေးထွေးသော အာရုံကို ခံစားလာခဲ့ရသည်။
လီလီပြောသလိုများ  ဖြစ်နေလေပြီ လား မစဉ်းစားတတ်ပါချေ။ အိပ်ရာဝင်ပြီ ဆိုလျှင် စိတ်အတွေးသို့ သူရောက်လာ တတ်မြဲ။ အိပ်ပျော်ပြန်ပြီဆိုတော့လည်း အိပ်မက်ကို သူက ကြီးစိုးထားတတ်မြဲပင်။
မျိုးထွန်းသိန်းအပေါ်    နန်းကိန္နရီ မကျေမနပ်   ဖြစ်နေမိသည်မှာ   ယခု တလော  သူနှင့် အတွေ့နည်းသောကြောင့် ဖြစ်သည်။ စကားအေးအေးဆေးဆေး ပြောခွင့်မရခြင်းနှင့်စပ်လျဉ်းသည်။
တနင်္ဂနွေနေ့တစ်နေ့တွင် နန်းကိန္နရီ သူတို့လက်တွေ့ဆင်းရာ စာသင်ခန်းသို့ လိုက်သွားသည်။ သူ့ကို  သွားရောက် တွေ့ဆုံမိသည်။  တစ်ခါကပြောသလို ဘူးတွေ၊ ခွက်တွေ၊ ဖန်ပြွန် ဖန်ချောင်း တွေနှင့် အလုပ်ရှုပ်နေသောသူ့ကို တွေ့ရ သည်။ သူက ထုံးစံအတိုင်း ရယ်မောရွှင်ပျ စွာ နှုတ်ဆက်စကားဆိုပေမဲ့ နန်းကိန္နရီ အလိုလိုနေရင်း သူ့ကို စိတ်ဆိုးမိခဲ့သည်။ စကားများစွာမဆိုဘဲ ပြန်ခဲ့မိသည်။
ထိုနေ့က  ကားယူမလာ။  အိမ်သို့ ခြေကျင်ပြန်ချင်သည်။ သူ့ကို လိုက်ပို့ စေချင်သည်။ သို့ပေမဲ့   သူသည် မသိ ကျိုးကျွန်နိုင်လှသည်။   ကားပါမလာ ကြောင်း   ပြောပေမဲ့ လိုက်ပို့ဖို့ စကား မစပ်။
သို့ဖြင့် နန်းကိန္နရီသည် သူ့အပေါ် တစ်ယောက်တည်း စိတ်ကောက်နေမိ သည်။ တစ်ယောက်တည်း ဒေါမနဿ ဖြစ်နေမိသည်။ လမ်းမှာတွေ့လျှင်ပင် နှုတ်မဆက်တမ်းဟု စိတ်ပိုင်းဖြတ်လိုက် မိသည်။
တစ်နေ့ လမ်းမှာတွေ့ရတော့ တကယ်ပဲ နှုတ်မဆက်ဖြစ်။ မြင်လျက်နှင့် မမြင် ယောင်ပြုသည်။ တွေ့လျက်နှင့် မတွေ့ ယောင်ပြုသည်။  သူ့အပြုံးကိုလည်း တုံ့မပြန်။  မျက်နှာရှိ  အကြောစိုင်မှန် သမျှကို တင်းထားလိုက်သည်။ နှုတ်ခမ်း လွှာမုံကို ကြာအငုံလို စူထားလိုက်သည်။ 
နန်းကိန္နရီ၏အပြုအမူကြောင့် မျိုးထွန်း သိန်း အံ့အားသင့်သွားသည်။ ဆန်းကြယ် သလို ဖြစ်သွားသည်။
ထိုနေ့မှပင် နန်းကိန္နရီသည် သူ့ထံမှ စာတိုကလေးတစ်စောင်ကို   လီလီမှ တစ်ဆင့်  ရရှိသည်။
ရီ
    တွေ့ချင်တယ်။
            မျိုး
စာက သည်မျှသာဖြစ်သည်။ သို့ပေမဲ့ ယင်းစာသည်  နန်းကိန္နရီ၏  ရင်ကို များစွာ   တုန်လှုပ်စေသည်။ များစွာ ချောက်ချားစေသည်။ မျိုးထွန်းသိန်းထံမှ စာကို ပထမဆုံးအကြိမ် လက်ခံရရှိခြင်း ဖြစ်သည်။ သူ၏လက်ရေးကို ပထမဆုံး အကြိမ် မြင်ဖူးရခြင်းဖြစ်သည်။ သူ၏ သပ်ရပ်သော လက်ရေးကို နှစ်သက်မိ သည်။ စာတိုကလေးကိုပင် ဆယ်ကြိမ် ထက်မနည်း  အပြန်ပြန်အလှန်လှန် ဖတ်မိသည်။
“ဟေး ယူ ငရဲကြီးရှစ်ထပ်အနက်က ဘယ်အထပ်ကို   အရင်သွားရမလဲလို့ စဉ်းစားနေတယ် မဟုတ်လား”
လီလီက နောက်ခဲ့သေးသည်။
စာကို အပြန်ပြန်အလှန်လှန် ဖတ်နေ သော နန်းကိန္နရီအား “ဒါလောက်ကလေး များ အလွတ်မရသေးဘူးလား” မေးခဲ့ သေးသည်။
အစသော်  နန်းကိန္နရီက  သူ့အား ညှဉ်းထားလိုက်ဦးမည် စဉ်းစားသည်။ မတွေ့ဘဲနေလိုက်ဦးမည် တွေးသည်။ သို့ပေမဲ့   အချိန်ကျလာတော့လည်း မတွေ့ဘဲ မနေနိုင်။ စိတ်ကို တင်းထား၍ မရ။ သူနှင့်ပတ်သက်လာလျှင် ပျော့ညံ့ သော စိတ်ဓာတ် အလိုလိုဝင်လာသည် ပင်။
သို့ဖြင့် ကျောင်းဆင်းသောအခါ သူအလာကို စောင့်မိသည်။ အလာကို မျှော်မိသည်။ သူ့ကိုမြင်ရပြန်တော့လည်း ရင်မှာ ဝမ်းသာပျော်ရွှင်ရခြင်း အပြည့် အဝနှင့်ပါကလား။
x  x  x  x  x

[ ၃ ]
တစ်မိုးတွင်းလုံးရွာချခဲ့သော မိုးရေကို သိုမှီးထားသည့် အင်းလျားကန်ဝယ် ရေပြည့်မောက်နေသည်။    စိမ်းမြမြ      မြက်ခင်းအနားသတ်အထိ  ရေဖွေးနေ သည်။
လှိုင်းကြက်ခွပ်ကလေးများသည် တေးဆိုညည်းရင်း   ဟိုအဝေးမှသည် ကမ်းစပ်အထိ တလိမ့်လိမ့်တလူးလူး ပြေးလာတတ်သည်။ ကန်၏ဝန်းကျင်မှ သစ်ပင်တို့ စိမ်းညို့သော အဆင်းအရောင် ကိုဆောင်ထားသည်။ ယင်းအရောင် သည် ရေပြင်တွင် အရိပ်ထင်ကာ ကြည့်မြင် ရလေသမျှ စိမ်းမြနေသည်ထင်ရ၏။
ဆည်းဆာသည် မကြာသေးမီကမှ ပျောက်ကွယ်ခဲ့သည်။ လမ်းမီးတို့ လင်းလက် စပင်ရှိသေးသည်။ ဆည်းဆာရောင်ကြွင်း ကြောင့် ပတ်ဝန်းကျင်မှာ မမှောင်တတ် သေး။ လင်းလင်းထင်းထင်းရှိလှသည် လည်း မဟုတ်။  ညီအစ်ကို မသိတသိ ဆိုသည့် အချိန်မျိုး။
ကျောင်းအဆင်း၌ မျိုးထွန်းသိန်းက သည်အချိန် သည်နေရာမှာတွေ့ရအောင် ချိန်းသည်။ ချိန်းသည်ကို အစက နန်းကိန္နရီ သဘောမပေါက်မိ။ နောက်တော့လည်း သည်အချိန်မှာ နှစ်ယောက်စလုံးအတွက် အန္တရာယ်အကင်းဆုံးအချိန်၊ အသိအကျွမ်း နှင့် မတွေ့နိုင်သောအချိန်ဖြစ်ကြောင်း သဘောပေါက်လာသည်။
နန်းကိန္နရီသည် အင်းလျားသို့ မျိုးထွန်း သိန်းထက် စော၍ရောက်သည်။
အိမ်မှညာ၍ထွက်ခဲ့ရသည်။ ကျောင်းသူ တစ်ယောက်ထံ   စာကူးသွားမည်ဟု။ ကားကို   ကိုယ်တိုင်မောင်းလာသည်။ သရက်ပင်အောက်တွင် ကားရပ်ထား သည်။ သစ်မြစ်ဆုံမှာထိုင်ကာ သူအလာ ကို စောင့်သည်။
စောစောပိုင်းက ရေထဲတွင် ကူးခပ် ကစားနေသော လူငယ်တစ်သိုက်ရှိသည်။ သူတို့ ပြန်သွားသောအခါ နန်းကိန္နရီ အထီးတည်း ကျန်ရစ်သည်။
မျိုးထွန်းသိန်း   ရောက်လာသည်ကို ခြေသံအရ  သိရသည်။ နန်းကိန္နရီ နောက်သို့ လှည့်မကြည့်မိ။ အဝေးကိုသာ ငေးနေသည်။
မျိုးထွန်းသိန်းသည် နန်းကိန္နရီနှင့် မနီးမဝေး ဝင်ထိုင်သည်။
စကားမဆိုမိကြ။    သူတို့အပါး၌ တိတ်ဆိတ်ခြင်းသာ လွှမ်းနေသည်။ လှိုင်းကြက်ခွပ်သံနှင့် သစ်ရွက်အကြားသို့ လေတိုးသံများသည်သာ ကျယ်လောင် သော အသံဖြစ်နေသည်။
နန်းကိန္နရီသည်   မျိုးထွန်းသိန်းက စကားစလာလိမ့်မည်     အထင်နှင့် စောင့်နေမိခြင်းဖြစ်သည်။ စင်စစ်တွင် လည်း စကားစချင်းစလျှင် သူကသာ စရလိမ့်မည်ဟု တွေးသည်။
သို့တိုင်အောင် သူက စကားစမလာ သောအခါ နန်းကိန္နရီ အားမလိုအားမရ ဖြစ်လာသည်။ သူ့ဘက်ကို သမင်လည်ပြန် ကြည့်မိသည်။ သူကလည်း မိမိဘက်သို့ သာ ကြည့်နေသည်ဖြစ်ရာ အကြည့်ချင်း ဆုံမိကြသည်။
မျိုးထွန်းသိန်း၏ မျက်နှာကို ကွဲကွဲ ပြားပြား   မြင်ရလှသည်တော့မဟုတ်။ သို့ရာတွင် သူ၏မျက်ဝန်းမှ တောက်ပ သော အလင်းရောင်ကိုမူ မြင်တွေ့ရသည်။  လေတိုးသောကြောင့် သူ့ဆံပင်သည် ဖွာရရာ လွင့်နေသည်။ 
“အရီ ပြန်တော့မယ်”
ဘာရယ်မဟုတ်ဘဲနှင့် သည်စကားကို နန်းကိန္နရီ ပြောဖြစ်သည်။
သည်တော့မှပင် မျိုးထွန်းသိန်းထံမှ အသံထွက်လာသည်။
“ပြန်တော့မယ်ဟုတ်လား” မယုံကြည် နိုင်သလို မေးခဲ့ခြင်းဖြစ်သည်။
“ဘာစကားမှလည်း  မပြောရသေး ဘဲနဲ့”
“အဲဒါကြောင့် ပြန်တော့မယ်လို့ ပြောတာ။ သူကဖြင့် ဘာစကားမှ မပြောဘဲနဲ့”
မျိုးထွန်းသိန်းရယ်လိုက်သည်။
“ပြောမှာပေါ့။  မပြောနိုင်သေးလို့ မပြောတာ။ မနန်းကိန္နရီကို ဒီလိုအချိန်၊ ဒီလိုနေရာမှာမြင်ရတော့ ကျွန်တော့်မှာ သတိရလာတဲ့ ကဗျာတစ်ပိုဒ်ရှိတယ်။ ရှင်တေဇောသာရရဲ့ ကဗျာပေါ့။ သိင်္ဂီ ရောင် ရွှန်း၊ ရွှေပုံသွန်းက၊ လန်းလန်းလက် လက်၊ လိုက်ဖက်တင့်မော၊ မချောစရာ၊ ချောစရာလျှင်၊ ကေသာဆံလွ၊ ထုံးနောက်စ နှင့်၊ ချုပ်ညရီတွင်၊ ဖြုတ်ခြည်းမြင်သည်၊ ရှင်သာရခိုင်တန်ဆောင်လော  ဆိုတဲ့ ကဗျာပေါ့။ မနန်းကိန္နရီဟာ ရှင်တေဇော သာရရဲ့ ရခိုင်တန်ဆောင်များ ဖြစ်နေ မလား ထပ်ပြီးစဉ်းစားနေတာနဲ့ စကား မပြောဖြစ်တာပါ”
ဆက်လက်ဖော်ပြပါမည်။