ရေနံ့သာ ခင်ခင်ကြီး

မောင်သိန်းဆိုင်

ယမန်နေ့မှအဆက်


သူ့ကို တဒင်္ဂမျှ မြင်ခဲ့ရပါလျက် ယခုတိုင်အောင် မှတ်မိနေသည့်အတွက် နန်းကိန္နရီသည် မိမိကိုယ် မိမိ အံ့သြနေမိလေသည်။
စင်စစ်တွင်လည်း သူ၏ထူးခြားသောရုပ်သွင်ကို မမေ့မပျောက်ရှိနေမိသည်မှာ  ဆန်းကြယ်လှသည် တော့မဟုတ်။ သူ၏ ရှည်ရှည်သွယ်သွယ် အရပ် အမောင်း၊ ညိုညိုသန့်သန့် အသားအရေက သူတကာ တို့အကြားဝယ် ထူးခြားနေသည်သာဖြစ်သည်။ အထူးသဖြင့် ထူထဲနက်မှောင်သော နှာရောင်တွင် ဆက်နေသည့် မျက်ခုံးအနေအထားကို သတိတရ ရှိမိသည်ပင်။ 
အမှန်ပြောရလျှင်တော့ သူ၏မျက်နှာသွင်ပြင်မှာ တစ်ကြိမ်တစ်ခါ မြင်ရပြီးနောက် မေ့ပျောက်၍ မသွားနိုင်သော အမျိုးအစား။ နန်းကိန္နရီအနေနှင့် အိပ်မက်အဖြစ် အခါခါ ပြန်လည်မြင်ယောင်မိသော အသွင်အပြင်။
နန်းကိန္နရီသည် ယခုတိုင်အောင် ဆုပ်ကိုင်ထား ခြင်းခံရသော သူ၏လက်ကို  ဆွဲနှုတ်လိုက်သည်။ သူတစိမ်းတို့အကြားတွင် ယောက်ျားတစ်ယောက် နှင့် မျက်နှာချင်းဆိုင် ရပ်နေရသည့်အတွက် ရှက်ရွံ့ ရင်ဖိုရခြင်းက တစ်ကိုယ်လုံးကို ကြီးစိုးထားသည်။ 
သို့ရာတွင် သည်ကိစ္စမျိုးမှာ အမြင်ရိုးနေသလို ရှိကာ သူတို့အား မည်သူ့မျှ ဂရုတစိုက်ကြည့်လာ ခြင်းမရှိကြောင်း တွေ့ရသည်။
“ကျွန်တော်တို့ချင်း ပင်းဘုရားပွဲတော်မှာ ကြုံဆုံ ခဲ့ရပြီးတဲ့နောက် နောက်ထပ် ကြုံဆုံခွင့်ရလာလိမ့် မယ်လို့ မမျှော်လင့်ခဲ့ဘူး။ မမျှော်လင့်ဘဲတွေ့လိုက် ရတော့ ဖော်မပြနိုင်လောက်အောင် ဝမ်းသာရပါ တယ် မနန်းကိန္နရီ”
သူ၏အသံကို ဆက်လက် ကြားနေရသည်။ သူ၏ မျက်ဝန်းညိုညိုတွင် ရွှန်းလက်ခြင်းများ ရှိနေသည်။
“ကျွန် ကျွန်မကိုလည်း ရှင်မှတ်မိနေတာပဲနော်”
နန်းကိန္နရီထံမှ အသံခဲခဲယဉ်းယဉ်း ထွက်လာ သည်။ သူက ပြုံးလိုက်သည်။
“သိပ်မှတ်မိတာပေါ့ဗျာ။ မမှတ်မိဘဲရှိပါ့မလား။ ပင်းဘုရားပွဲက  လူတွေအရာအထောင်ကြားမှာ တောင်   မှတ်မိခဲ့သေးတဲ့ဥစ္စာ။   နောက်တစ်ခု ကလည်း  ခင်ဗျားရဲ့နာမည်၊  နန်းကိန္နရီဆိုတဲ့ နာမည်။  ဒီနာမည်ကို မမေ့နိုင်ခဲ့ဘူး။ အမြဲတမ်း သတိရနေတယ်။ တိုက်ဆိုင်လိုက်ပုံများ စောစော က အငြိမ့်ကသွားတော့ ဒီနာမည်ပါလာပြန်တယ်။ ပိုပြီးအမှတ်ရချင်စရာဖြစ်လာရတာပေါ့။    ဟော အခုတော့  လူကိုယ်တိုင်ကို  လာတွေ့နေပြန်ပြီ။ ပြီးတော့ ကျွန်တော်ပြောခဲ့တာ မေ့နေပြီလားဟင်။ ခင်ဗျားဟာ ကျွန်တော့်ရဲ့ မိန်းကလေးမိတ်ဆွေ အဲလစ်နဲ့တူတယ်ဆိုတာလေ”
“ထားစမ်းပါ အဲဒီ အဲလစ်ဆိုတာကို။ ရှင်ဘယ်လို လုပ်ပြီး ဒီကိုရောက်လာရပြန်တာလဲဟင်”
သူ၏ ရင်းနှီးကျွမ်းဝင်ဟန် အမူအရာများကြောင့် နန်းကိန္နရီမှာ အနည်းငယ် ရဲရင့်လာရသည်။
“ကျွန်တော်ဒီကို ရောက်လာတာလား။ ဒါက မဆန်း ပါဘူး။ ကျွန်တော့်ခြေထောက်မှာ ဗွေပါတယ်။ ဘယ် နေရာမဆို ကျွန်တော်ရောက်တယ်”
သူကပြောရင်းမှာပင် သူ့စကားကို သူ့ဘာသာ သဘောကျသလို ရယ်နေသည်။ 
“ကျွန်မ  အကောင်းပြောတာပါ။  ရှင် ကျွန်မ နောက်ကို တကောက်ကောက်လိုက်နေတာတော့ မဟုတ်နိုင်ပါဘူးနော်”
နန်းကိန္နရီက သူ၏အသိ၌   ခိုအောင်းလာသော သံသယစိတ်ကို ဖွင့်ဟမိသည်။
“ဘုရားပေးပေး၊ ကျမ်းပေးပေးပါ။ ဒီလိုမျိုးမဟုတ် ပါဘူး။ ကျွန်တော် ခင်ဗျားနဲ့တွေ့ရတာ ပထမအကြိမ် တုန်းကလို  မတော်တဆပါ။  သွားရင်းဟန်လွှဲပါ”
သူက  ပြောရင်း  နန်းကိန္နရီ၏မျက်နှာကို  ပိုမိုစူးစိုက် ကြည့်လိုက်သည်။ 
“အခုအတိုင်းဆိုတော့ မနန်းကိန္နရီ ဒီနှစ်မှ တက္ကသိုလ် ကို ရောက်လာတာပေါ့နော်”
နန်းကိန္နရီ ခေါင်းညိတ်ပြသည်။
“ဒါထက်နေစမ်းပါဦး။ ပင်းဘုရားပွဲတော်မှာတုန်းက ရှင်ဘာဖြစ်လို့ အရေးတကြီးထပြေးသွားတာလဲဟင်”
“ခင်ဗျားရဲ့ အိမ်ကလူကြီးတွေက ကျွန်တော်တို့ကို အတူတူတွေ့လိုက်ရရင် စိတ်အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့ပါ။ တခြားဘာကြောင့်မှမဟုတ်ပါဘူး”
နန်းကိန္နရီသည် မသိမသာ သက်ပြင်းရှိုက်သည်။
“ကျွန်မလည်း  ရှင်နဲ့အခုလိုတွေ့ရလိမ့်မယ်လို့    မမျှော်လင့်ခဲ့ဘူး။ ပင်းဘုရားမှာတွေ့ခဲ့ကြပြီးတဲ့နောက် နောက်ထပ်တွေ့ရမယ်လို့လည်းမထင်ခဲ့ဘူး ကိုမျိုး ...”
နန်းကိန္နရီသည်  သူ၏အမည်ကို ဆက်၍မခေါ် တတ်သလို  ရပ်သွားသည်။  ဤသည်ကို သူရိပ်မိပုံ ပေါ်သည်။
“ကျွန်တော့်ကို မှတ်မိနေပေမဲ့ နာမည်ကိုမေ့နေ တယ်ဆိုပါတော့။ ဟုတ်လား မနန်းကိန္နရီ”
နန်းကိန္နရီ ခေါင်းညိတ်ဝန်ခံမိသည်။ 
“ကျွန်မကိုခွင့်လွှတ်ပါ” ဟု အားတုံ့အားနာ ဆိုမိ သည်။ 
“ကျွန်တော့်နာမည် မျိုးထွန်းသိန်း။ ဒီတစ်ခါတော့ မေ့မပစ်လိုက်ပါနဲ့နော်။ အဲ...ဒါပေမဲ့ စောစောက ခေါ်သလို ကိုမျိုးပဲခေါ်ရင်လည်း ဖြစ်နိုင်ပါတယ်”
မျိုးထွန်းသိန်း။
သည်အမည်ကို နန်းကိန္နရီစိတ်ထဲမှာ ကျက်မှတ်နေ မိသည်။
မျိုးထွန်းသိန်းသည် ပင်းဘုရားပွဲတော်၌ တွေ့ရစဉ် က    ဝတ်ဆင်ထားသည့်    အဝတ်အစားများနှင့် ဆန့်ကျင်စွာ ဝတ်ဆင်ထားသည်။ တက်ထရွန်အဖြူ နှင့်၊   ပင်နီတိုက်ပုံနှင့်၊  ယောလုံချည်ကွက်စိပ်နှင့်။ သည်တော့လည်း သူ၏အသွင်အပြင်မှာ တည်ငြိမ်၍ ဣန္ဒြေရနေပေသည်။ 
“ခင်ဗျား   ဘယ်ကိုပြန်မှာလဲဟင်။   ကျွန်တော် လိုက်ပို့ပေးမယ်လေ”
မျိုးထွန်းသိန်း ဆိုသည်။ 
“ကိစ္စမရှိပါဘူး။ ကျွန်မမှာ ကားပါပါတယ်”
“အိမ်ကို လိုက်မလည်ပါဘူး။ တစေ့တစောင်းလည်း မှတ်မထားပါဘူး”
“ဒါကြောင့်ပြောတာ မဟုတ်ပါဘူး။ လိုက်လည်ချင် တယ်ဆိုရင် တစ်နေ့နေ့မှာ ခေါ်ပါ့မယ်။ ကဲ ... ကျွန်မ သွားမယ်နော်”
နန်းကိန္နရီသည် ပြောပြောဆိုဆို သူ့ရှေ့မှောက်မှ ထွက်ခွာမည်ပြုသည်။
“မော်တော်ကားရပ်ထားတဲ့ နေရာအထိတော့ လိုက်ခွင့်  ရှိပါတယ်နော်”
သူကမေးလာရာ နန်းကိန္နရီ ခေါင်းညိတ်ပြလိုက် သည်။
သို့ဖြင့် မျိုးထွန်းသိန်းနှင့် နန်းကိန္နရီတို့ အတူတကွ လျှောက်လာကြသည်။ သည်တွင် နန်းကိန္နရီသတိ ထားမိသောအရာတစ်ခုရှိလာသည်။ မျိုးထွန်းသိန်း၌ အသိအကျွမ်းပေါများလှခြင်းပင် ဖြစ်သည်။ အထူး သဖြင့် မိန်းကလေးအသိအကျွမ်းတို့နှင့် ဆုံရသည်။ သူ့အားပြုံး၍ နှုတ်ဆက်လာသူများ၊ လက်ပြနှုတ်ဆက် သူများကို တွေ့ရသည်။ သူနှင့်ဆုံတွေ့လိုက်ရခြင်း အတွက် နန်းကိန္နရီ၏ရင်တွင် လှုပ်ရှားမိသည်ကား အမှန်ပင်။  သူသည်    ဒီနယ်မြေ၌  နန်းကန္နရီ၏ သိဟောင်း  ကျွမ်းဟောင်းတစ်ယောက်လို   ဖြစ်နေ သည်။  အကြောင်းမူ သည်နယ်မြေ၌ နှစ်ကြိမ်အထိ ဆုံဖူးသူမှာ သူတစ်ယောက်သာရှိလေ၍ဖြစ်သည်။
မော်တော်ကားရပ်ထားရာအနီးသို့ ရောက်လာကြ သည်။
မျိုးထွန်းသိန်းသည် နန်းကိန္နရီနှင့် သူ၏မော်တော် ကားကို တစ်လှည့်စီကြည့်သည်။ အထင်တကြီးရှိလာ ရသည့် အရိပ်အသွင်များ ပေါ်ပေါက်လာသည်။
နန်းကိန္နရီသည် မော်တော်ကားအတွင်း ဝင်ထိုင် လိုက်သည်။
ကျောင်းသူတစ်သိုက် လာနေသည်။ မျိုးထွန်းသိန်း က ၎င်းတို့အား ပြုံးပြသည်။ အသိအကျွမ်းများဖြစ် ကြလိမ့်မည်ထင်သည်။ သူတို့သည် လမ်းလျှောက် လာရင်း မိန်းကလေးကြိုက် မရမ်းပြားများ စားလာ ကြသည်။
ကျောင်းသူတို့အထဲမှ မိန်းကလေးတစ်ယောက် က မျိုးထွန်းသိန်းရှေ့သို့အရောက်တွင် မရမ်းပြားကို မြှောက်ပြရင်း ပြောသည်။
“စားပါဦးလားဆရာ”
မျိုးထွန်းသိန်းက ထိုမိန်းကလေးအား စားပါ၊ စားပါဆိုရင်း ခေါင်းခါပြလိုက်သည်။
နန်းကိန္နရီ မေးမိပါသည်။ 
“ကိုမျိုးထွန်း၊ အဲ  ကိုမျိုးက ဆရာလားဟင်” 
သူ၏အမေးကို   မျိုးထွန်းသိန်းက    ရယ်ရင်း မောရင်းဖြေသည်။
“ဟုတ်တယ်၊ ကျွန်တော်က ဆရာ။ ဒီကနေ့က စပြီး မနန်းကိန္နရီ ကျွန်တော့်စကား နားထောင်ရ မယ်။ နားမထောင်ရင် ခေါင်းအခေါက်ပဲမှတ်”
သည်တွင် သူ့ကိုအဘယ်ကြောင့် သည်မြေ၌တွေ့ ရသည်။ သိကျွမ်းသူ အဘယ်ကြောင့် ပေါများသည် ဆိုခြင်းများကို နန်းကိန္နရီ သဘောပေါက်လာသည်။
“ဘယ်ဘာသာပြတာလဲဟင်”
“ဓာတုဗေဒပါ။ သရုပ်ပြဆရာပါ၊ မနန်းကိန္နရီ တို့လို စာအုပ်ပုံထဲဝင်ပြီး ပိုးဟပ်ဖမ်းရတဲ့ ဘာသာရပ် မျိုး မဟုတ်ပါဘူး။ လင်္ကာတွေ မရွတ်ရပါဘူး။ ကဗျာတွေ  မကျက်ရပါဘူး။   ကာရန်တွေ  မရှာရ ပါဘူး။ ရသတွေ၊ ဂုဏ်တွေ၊ အလင်္ကာတွေကို မဆန်းစစ်ရပါဘူး။ ကျွန်တော်တို့ဘာသာရပ်တွေက ပုလင်းတွေ၊ ဘူးတွေ၊ ဓာတ်ဆေးရည်တွေနဲ့  စခန်း သွားရတာမျိုးပါ။    ကျွန်တော်တို့ လောကမှာ မမြလေးတို့၊  လှိုင်ထိပ်ခေါင်တင်တို့၊  နဝဒေးတို့၊ နတ်သျှင်နောင်တို့ မရှိပါဘူး။ အောက်ဆီဂျင်တို့၊ နိုက်ထရိုဂျင်တို့၊ ဒြပ်စင်တို့၊ ဒြပ်ရောဖို့၊ ဒြပ်ပေါင်း တို့ပဲရှိပါတယ်”
သူ၏ ပြောဟန်ဆိုဟန်ကြောင့် နန်းကိန္နရီ ပြုံးမိ သည်။ 
“ ဒါတွေကို ကျွန်မ ဝါသနာမပါဘူး”
“ယုံပါတယ်။  မြင်ကတည်းက  ရိပ်မိပါတယ်။          ဒီမျက်နှာကလေးဟာ စိတ်ကူးယဉ်တတ်တဲ့ အမျိုး အစားလို့ နားလည်ပါတယ်”
“ကိုမျိုး   ဆရာတစ်ယောက်ဖြစ်နေတယ်ဆိုတာ တွေ့ရတော့  ကျွန်မတကယ်ပဲ ဝမ်းသာတယ်။ ကိုမျိုး မြင်တဲ့အတိုင်း   ကျွန်မဟာ   ဒီနှစ်မှ   တက္ကသိုလ်ကို ရောက်လာရသူပါ။    တက္ကသိုလ်နဲ့ပတ်သက်လို့  အတွေ့အကြုံမရှိပါဘူး။   အစစအရာရာ ကိုမျိုးကိုပဲ အားကိုးပါရစေနော်”
နန်းကိန္နရီ၏စကားကို   မျိုးထွန်းသိန်း   လိုလို ချင်ချင်လက်ခံသည်။
သို့နှယ်ဖြင့် နန်းကိန္နရီ၏ရင်ဝယ် ကြည်နူးနှစ်သိမ့် ခြင်း ဖြစ်မိသည်သာမကသေး၊ ဝမ်းသာအားရဖြစ်ရ သည်သာ မကသေး၊ တက်တက်ကြွကြွ ရှိလာမိ သည်လည်း အမှန်ပါပင်။ စိတ်တွင် မိမိကိုယ်ကိုယ် သေးသိမ်သည်။ နုန့်နဲ့သည်ဟုလည်း မမှတ်ယူ တော့။ အရာရာအတွက် ဝံ့ဝံ့စားစား ရှိရခြင်းကိုသာ ခံစားလာခဲ့ရသည်။
လောကဟူသည် ထင်သလောက်ကြောက်စရာ မကောင်းလှသေးပါကလား တွေးမိလာသည်။
x  x  x  x  x
ဆက်လက်ဖော်ပြပါမည်။