ရေနံ့သာ ခင်ခင်ကြီး

ယမန်နေ့မှအဆက်

ယခုမူ အိပ်ပျော်နိုင်စွမ်းမရှိခဲ့သဖြင့် ဒေါ်ရေနံ့သာ ခင်ခင်ကြီးမှာ နုံးနေသည်။ ဝမ်းထဲမှာ ဟာနေသည်။

သူသည် အိပ်ရာဆီသို့ ပြန်လျှောက်ခဲ့သည်။ အိပ်ရာပေါ်သို့ လှဲချလိုက်သည်။ မျက်စိများကို မှေးမှိတ်ထားမိပြန်ချေသည်။

များမကြာမီမှာပင် အကျဉ်းထောင်အတွင်းမှ အသံဗလံများကို ကြားရသည်။ ပြင်ပကမ္ဘာမှ လူသားများနည်းတူ အကျဉ်းထောင်အတွင်းမှ လူသားများသည်လည်း  နိုးထလာကြရလေပြီ။ တစ်ညလုံး ငြိမ်သက်တိတ်ဆိတ်ခဲ့သမျှ ပြန်လည်လှုပ်ရှားကာ ဆူညံလာပေဦးတော့မည်။

အများတကာတို့ အိပ်စက်နားနေချိန်၌ ဒေါ်ရေနံ့သာ ခင်ခင်ကြီးမှာ အတွေးဖြင့် အိပ်မပျော်နိုင်ဘဲရှိခဲ့ သည်။ အများတကာတို့ နိုးထလှုပ်ရှားလာချိန်တွင် အိပ်စက်နားနေချင်စိတ်က လွှမ်းလာသည်။

သို့ဖြင့် သူသည် အိပ်ရာ၌ လဲလျောင်းနေမိသည်။

သူ၏စိတ်ကို အနှောင့်အယှက်ဖြစ်စေသော အသံတစ်သံကြားရသည်။ အစသော် အခန်းဘက် သို့လာနေသော ခြေသံသဲ့သဲ့ကို ကြားရသည်။ ခြေသံမှာ တစ်စထက်တစ်စ နီးကပ်လာသည်။ သို့နှင့်အမျှ ကျယ်လောင်၍လည်းလာသည်။ မကြာမီ အခန်းတံခါးပေါက်သို့ ရောက်လာသည်။

“ခင်ခင်ကြီး၊ ခင်ခင်ကြီး” 

အခန်းတံခါးဆီမှ ခေါ်သံကြားရသည်။ အသံမှာ မည်သူ့အသံဖြစ်သည်ကို ဒေါ်ရေနံ့သာခင်ခင်ကြီး သိသည်။ သို့တိုင်အောင် ဒေါ်ရေနံ့သာခင်ခင်ကြီး မထ။ လှုပ်လည်းမလှုပ်။

“ခင်ခင်ကြီး၊ ခင်ခင်ကြီး”

စောစောကထက် ပိုမိုကျယ်လောင်စွာ ခေါ်လာပြန်သည်။

ဒေါ်ရေနံ့သာခင်ခင်ကြီး မထူး။ တုံ့မပြန်။

ခေါ်လာသူမှာ သူ၏အပြုအမူကြောင့် စိတ်ဆိုးလာမိဟန်တူသည်။ သံတံခါးကိုပုတ်ရင်း ထပ်၍ခေါ်သည်။

ထိုအခါတွင်မှ ဒေါ်ရေနံ့သာခင်ခင်ကြီး လှုပ်လာသည်။ မျက်လုံးကို ဖွင့်ကြည့်သည်။ သံတိုင်၏ အခြားတစ်ဖက်၌ မိန်းမတစ်ယောက်ရပ်နေသည်။ ကာကီအင်္ကျီနှင့် ပန်းရောင်ထဘီဝတ်ထားသည်။ အမျိုးသမီး ထောင်ကြပ်တစ်ယောက် ဖြစ်သည်။ အသက်လေးဆယ်ကျော်၊ ငါးဆယ်နီးပါးရှိသည်။
“ကျွန်မကို ခေါ်နေတာလားဟင်” 

ဒေါ်ရေနံ့သာခင်ခင်ကြီး မေးသည်။

“ဒီအခန်းထဲမှာ ရှင့်အပြင် ဘယ်သူရှိသေးလို့လဲ။ ရှင့်ကိုမခေါ်လို့ ဘယ်သူ့ကိုခေါ်ရမှာလဲ”

အမျိုးသမီး ထောင်ကြပ်မှာ စိတ်တိုနေပုံရသည်။

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် လဲလျောင်းရာမှ ထလိုက်သည်။ 

“ကျွန်မနာမည် ခင်ခင်ကြီးမဟုတ်ဘူး။ ရေနံ့သာ ခင်ခင်ကြီး။ ဒါကိုမမေ့ဖို့ ကျွန်မပြောခဲ့တာ ဆယ်ကြိမ် ထက်မနည်းတော့ဘူး”

ထောင်ကြပ်အမျိုးသမီးက ကြီးကျယ်ရန်ကော ဟူသောသဘောဖြင့် မဲ့လိုက်သည်။

“ဟုတ်ကဲ့၊ ဒေါ်ရေနံ့သာခင်ခင်ကြီး” ဟု ခပ်ပေါ့ပေါ့ဆိုသည်။ 
တစ်ဆက်တည်းမှာပင် “ရှင့်ကို ကျွန်မ သတိပေးရအောင်လာတာ ဒီကနေ့ ရှင်ရုံးထွက်ရမယ့်နေ့။ အမှုအတွက် စီရင်ချက်ချမယ့်နေ့။ ဒါကိုလာပြောတာ”

ဒေါ်ရေနံ့သာခင်ခင်ကြီးက ယင်းစကားကို မည်သို့မျှ မထူးခြားသလို တုံ့ပြန်သည်။

“ကျွန်မ သိပါတယ်။ ဒါပေမဲ့ အခုလိုလာပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ထောင်ကြပ်အမျိုးသမီးသည် မကျေမချမ်းအမူအရာဖြင့် တစ်စုံတစ်ရာကို တီးတိုးရေရွတ်လိုက်သည်။ ၎င်းနောက် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အခန်းပေါက်ဝမှ အခြားသို့ ထွက်သွားသည်။

ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည် အိပ်ရာမှာ ပြန်လည်လဲလျောင်းလိုက်သည်။
သည်ကနေ့ စီရင်ချက်ချမည့်နေ့။

ယင်းစကားသံများသည် သူ၏နား၌ ပဲ့တင်သံသဖွယ် ပေါ်ပေါက်နေသည်။
 အထပ်ထပ်အခါခါ ကြားယောင်နေသည်။

စင်စစ် ညက တစ်ညလုံး အိပ်မပျော်နိုင်ခြင်း၊ အတွေးဝင်္ကပါအလယ်ဝယ် လှိုက်မောစွာ မျောပါမိ ခဲ့ခြင်းတို့မှာ ယနေ့စီရင်ချက်ချမည့်နေ့ဖြစ်သော ကြောင့်ပါကလား၊ ထို့ကြောင့် စိတ်လှုပ်ရှားရကာ အိပ်မပျော်နိုင်ဘဲ ရှိရခြင်းပါကလားဟု ဒေါ်ရေနံ့သာ ခင်ခင်ကြီးတွေးတတ်လာသည်။

သည်ကနေ့သည် သူ့အဖို့ အရေးကြီးသည်။

အလင်းနှင့် အမှောင်၊ အဖြူနှင့် အမည်းကို သည်ကနေ့ ကွဲကွဲပြားပြား ခွဲခွဲခြားခြားနားလည်ရမည့်နေ့ဖြစ်သည်။

အစိုးရ၏ လစာရိက္ခာစားကာ တရားဥပဒေလမ်းကြောင်းကို မတိမ်းစောင်းစေရန် တာဝန်ပေးထားခြင်း ခံရသော၊ လေးစားဖွယ် ဣန္ဒြေသိက္ခာရှိသော တရားသူကြီးမင်းသည် သူနှင့်ပတ်သက်၍ သည်ကနေ့ အဆုံးအဖြတ် တစ်စုံတစ်ရာကို ပေးလာချေတော့မည်။ သူ၏ဆုံးဖြတ်မှုမှာ အဖြူလေလော၊ အမည်းလေလော၊ အလင်းလေလော၊ အမှောင်လေလော မပြောတတ်နိုင်။ ဤသည်ကို တရားသူကြီးမင်းကိုယ်တိုင်နှင့် နတ်သိကြားတို့သာ သိပေလိမ့်မည်။

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် မျက်စိများကို ပြန်လည်မှေးမှိတ်ထားမိပြန်သည်။

မိမိအဖို့ ပစ္စက္ခအချိန်မှာ အလင်းနှင်အမှောင်၊ အဖြူနှင့်အမည်း မကွဲပြားသေး၊ ညနှင့်နေ့တို့၏ စပ်ကူး မပ်ကူးကာလမျိုးပင် ဖြစ်ပေလိမ့်မည်။ အလင်းနှင့် အမှောင်တို့ အံတုဖက်ပြိုင်၊ သူနိုင်ကိုယ်နိုင် လုနေ သော အခြေအနေမျိုးပင် ဖြစ်ပေလိမ့်မည်။

မည်သို့ဆိုစေ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် အလင်းကို တောင့်တမိသည်လည်းမဟုတ်။ အမှောင်ကို စိုးရွံ့ ကြောက်လန့်ခြင်းလည်း မဖြစ်မိ။

ချစ်ခြင်းမေတ္တာနှင့်စပ်ဆိုင်သော အသည်းနှလုံး တစ်မြုံတစ်မလုံး ဆုံးရှုံးခဲ့ရပြီးသည့်နောက်၊ မျှော်လင့် ခြင်းဟူသည်ကို ထားရှိ၍ မရနိုင်တော့သည့်နောက် လူ့လောက၌ ဆက်လက်အသက်ရှင်ရခြင်းမှာ အလ ဟဿဖြစ်မည်ထင်သည်။ အချည်းနှီးသာ ဖြစ်မည်ထင်သည်။

မိမိ၏ အသည်းနှလုံး တစ်မြုံတစ်မလုံးကို ဖျက်ဆီး ခြေမွခဲ့သော၊ မျှော်လင့်ကိုးစားခြင်းဟူသမျှကို လုယူ သွားကြလေသော သူတို့၏ သွင်ပြင်များကို နာကြည်းခြင်းအပြည့်အဝဖြင့် ပြန်လည်မြင်ယောင်လာ မိပြန်သည်။

တစ်ဆက်တည်းမှာလည်း ထိုသူတို့နှင့် စပ်လျဉ်းသည့် အကြောင်းခြင်းရာများ စိတ်အတွေးသို့ ရောက်ရှိ လာပြန်သည်။

ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အတွေးအလျဉ်ကား မဆုံးနိုင်သေး။ 

ဆက်လက်စဉ်းစားနေမိဆဲသာတကား။

x x x x x

(၁)

“အများကမြှောက်စားလို့ တောက်ကြွားလာရသည်၊ နန်းကိန္နရီ။ အပြောမဟုတ် အလုပ်နဲ့လက် တွေ့ပြတတ်သည်၊ နန်းကိန္နရီ။ သဘောကလည်းကြည် မနောကလည်းကြည်၊ ရီရီ နန်းကိန္နရီ။ လူတိုင်းက ချစ်မြတ်နိုးကြသည်။ ရီရီ နန်းကိန္နရီ”

အများကပြောကြသည်။ ကမ္ဘာပေါ်တွင် ကံအကောင်းဆုံး မိန်းကလေးတစ်ယောက်ကို ပြပါဆိုလျှင် နန်းကိန္နရီအား ပြရလိမ့်မည်ဟူ၍။

ပြောမည်ဆိုလျှင်လည်း ပြောလောက်ပါပေသည်။ 

ကြည့်လေ။ နန်းကိန္နရီတို့ ကံကောင်းလိုက်ပုံက။

ဒေါ်ရေနံ့သာခင်ခင်ကြီးက အမွေစားအမွေခံ မွေးစားလိုက်ပြီဆိုကတည်းက ဘာမျှလိုလေသေး မရှိ။ ဘာမျှ မပြည့်စုံသည်မရှိ။ နန်းကိန္နရီ၏ လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝခဲ့သည်ချည်း။

ရေနံ့သာသို့ရောက်ရှိခဲ့ပြီး များမကြာမီမှာပင် နန်းကိန္နရီ မော်တော်ကား အမောင်းသင်ရသည်။ မော်တော်ကား အမောင်းမတတ်သေးမီကတည်းက သူ့အတွက် ဗော့စ်ဝက်ဂင်ကားတစ်စီး ဝယ်ပေး ပြီးသားဖြစ်နေသည်။

တက္ကသိုလ်များဖွင့်ရက်သို့ မရောက်သေးမီ၊  နန်းကိန္နရီအနေနှင့် တက္ကသိုလ်သို့ တက်ရောက် ခွင့်မရသေးမီ သင်ကြားခဲ့သမျှ ပြန်လည်အမှတ်ရ စေရန်ဆိုကာ ဘာသာရပ်အလိုက် သင်ကြားပေးနိုင် မည့် ဆရာများ ငှားပေးသည်။ အချိန်ခွဲလျက် သင်ကြားစေသည်။ နှစ်အတန်ကြာမျှ ကင်းကွာနေခဲ့သော ကျောင်းစာကို ပြန်နူးခွင့်ရခဲ့သည်။

အဝတ်အစားကအစ၊ အလှပြင် ပစ္စည်းကိရိယာကအစ နန်းကိန္နရီအတွက် အစစအရာရာ ပြည့်စုံ နေသည်။ စိန်ရွှေ စသော  လက်ဝတ်တန်ဆာ ဒွါဒရာတို့မှာလည်း အသင့်ရှိနေပြီဖြစ်သည်။

တက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရခဲ့ပြီ။ ကျောင်းတက်ခွင့်ရခဲ့ပြီ ဆိုပြန်တော့လည်း နန်းကိန္နရီမှာ အံ့သြဖွယ်ကောင်းသော တိုက်ဆိုင်မှုများနှင့် ကြုံတွေ့ ရပြန်သည်။

နန်းကိန္နရီသည် မြန်မာစာအဓိကဖြင့် ပညာသင် ကြားခွင့်ရခဲ့ခြင်း ဖြစ်သည်။

မှတ်မှတ်ရရ ထိုနေ့က တက္ကသိုလ်နယ်မြေတစ်ခုလုံး အုန်းအုန်းကျွက်ကျွက် ညံနေသလား ထင်မှတ်ရ သည်။ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ရှိနေသည်။ ယင်းနယ်မြေသည် သစ်လွင်နေသည်ဟု ထင်မှတ်ရသည်။

စက်တင်ဘာလ၏ တောက်ပသော နေရောင်ခြည်အောက်ဝယ် မိုးရေကို သောက်ချိုးထားသော သစ်ပင်တို့ သန့်စင်စွာ စိမ်းမြနေကြသည်။ တော၏ မီးလျှံဟု ခေါ်စမှတ်ပြုကြသော စိန်ပန်းတို့ ပင်လုံး ကျွတ်မျှ ဝေဝေဆာဆာ ပွင့်နေကြသည်။ အချို့သော ပွင့်ဖတ်များမှာ စိမ်းညိုသော မြက်ခင်းပေါ်သို့ ကြွေကျ နေသည်။ ထိုအခါ မြကမ္ဗလာပေါ်သို့ ပတ္တမြားရည် ဖိတ်စဉ်နေသည့်နှယ် ရှိသည်။

မိုးရေဖြင့် ဆေးကြောသန့်စင်ထားသော အဆောက်အအုံများ၊ လမ်းများမှာ စင်ကြယ်နေသည်။ သန့်ရှင်း နေသည်။ သစ်လွင်နေသယောင် ထင်ရသည်။


ယင်းတို့နှင့်အပြိုင် မောင်မယ်သစ်လွင်တို့၏ သွင်ပြင်များမှာလည်း လန်းရွှင်နေသည်။ တက်ကြွ နေသည်။

မိခင်တက္ကသိုလ်သည် မွေးဖွားလာသော သားသစ်လွင်ကို ကြင်နာသောလက်ဖြင့် တယုတယထွေးပိုက် ခြင်းပြုသည်။ ပျူပျူငှာငှာ ဆီးကြိုခြင်းပြုသည်။ သူ၏ အပြင်အလျာမှာ ဝမ်းပန်းတသာ ကြည်ကြည် နူးနူး ရှိလှသည်။

တက္ကသိုလ်မြေသည် သည်အချိန်သို့ရောက်လာ လေတိုင်း အခါတိုင်းနေ့များကထက် ထူးထူးခြားခြား ရှိနေတတ်သည်လည်း အမှန်ပင်။

ကျောင်းသားရိပ်သာ၌ အခြားနေရာများထက် ပိုမိုစည်ကားသည်။ ပိုမိုသိုက်မြိုက်သည်။ ယင်းနေရာ၌ မြန်မာစာအသင်း၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ ရှိနေသည်။

ခန်းမထဲတွင် ခေါက်ကုလားထိုင်အများအပြား ချထားသည်။ တစ်နေရာ၌ စင်မြင့်ရှိသည်။ “တက္ကသိုလ် မြန်မာစာအသင်း၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ” ဟူသော စာတန်းကို စင်မြင့်၏နောက်ခံ၌ ရေးထား သည်။ ခန်းမမှာ ကျောင်းသား ကျောင်းသူများဖြင့် ပြည့်နေသည်။ အချို့လည်း ထိုင်လျက်။ အချို့မှာ ရပ်လျက်။ ရှေ့ကျသော ခုံတန်းရှိ ကျောင်းသူတစ်သိုက်ထဲတွင် နန်းကိန္နရီပါဝင်သည်။ 

ဆက်လက်ဖော်ပြပါမည်။