ရေနံနှင့် ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်နေမှုကို အမေရိကန် မရပ်တန့်နိုင်တဲ့ အကြောင်းတရားများ

 

အလင်းသစ်

 

အမေရိကန်နိုင်ငံ တက္ကဆက် ရေနံလုပ်ငန်းရှင် ဂျက်ဆင်ဟားရစ်ခ်ဟာ ရေနံဈေးနှုန်းတွေ မြင့်တက်လာတဲ့ အတွက်ကြောင့် အမြတ်အစွန်းပိုမို ရရှိရေး ရေနံထုတ်လုပ်မှုကို ပိုမို ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

 

ဂျက်ဆင်ဟားရစ်ခ်အနေနဲ့ အဲဒီလို အကောင်းဆုံး ကြိုးပမ်းမှုတွေ လုပ်ဆောင်လျက်ရှိပေမယ့် သူ့ရဲ့ မိသားစုပိုင် ရေနံကုမ္ပဏီဟာ ယခုနှစ်အတွင်းမှာ ရေနံထုတ်လုပ်မှု လျော့ကျဖို့ ရှိနေတယ်လို့ မျှော်လင့်ထားပြီး ယခုနှစ်အတွင်းမှာ ရေနံထုတ်လုပ်မှု လျော့ကျခဲ့မယ်ဆိုရင် သုံးနှစ်ဆက်တိုက် ရေနံထုတ်လုပ်မှု လျော့ကျဖို့လည်း ရှိနေတယ်လို့ မျှော်လင့်ရပါတယ်။

 

ဝင်ငွေဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရ

 

ဂျက်ဆင်ဟားရစ်ခ်ရဲ့ Pantera စွမ်းအင်ကုမ္ပဏီဟာ ထုတ်လုပ်မှုအသစ်တွေအတွက် ရင်းနှီးမြှုပ်နှံခဲ့တာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ ဖြစ်ပေမယ့် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှာ စွမ်းအင်ဈေးနှုန်းတွေ သိသိသာသာ ကျဆင်းခဲ့ရ တာကြောင့်လည်း ဝင်ငွေဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။

 

လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းက အခြားသော ကုမ္ပဏီတွေနည်းတူ ဂျက်ဆင်ဟားရစ်ခ် ဟာလည်း စီမံကိန်းတွေဖြစ်မြောက်ရေး အတွက် ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ဝန်းထမ်းသစ်တွေ ရှာဖွေရာမှာ ကြီးမားတဲ့နှောင့်နှေးကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဂျက်ဆင် ဟားရစ်ခ်က သူ့ရဲ့လုပ်ငန်းကနေ တတ်နိုင်သမျှ ရေနံထုတ်လုပ်မှုတွေကို ကြိုးစားပြီးလုပ်ဆောင်သွားဖို့နဲ့ လက်ရှိ အချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ တယ်လို့ ဆိုပါတယ်။

 

အခုဖြစ်ပေါ်နေတဲ့ ကိစ္စဟာ ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်တဲ့ အမေရိကန်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အကြောင်းခြင်းရာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ လက်ရှိ စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေခြင်းကြောင့်လည်း ပြည်သူများကို ရိုက်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကနေ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်နိုးထလာ ချိန်မှာတော့ စွမ်းအင်ဝယ်လိုအား မြင့်တက်လာတဲ့အတွက် ၂၀၂၁ ခုနှစ် နှစ်စပိုင်းမှစတင်ကာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဈေးနှုန်းတွေဟာလည်း အကြမ်းဖျင်းအားဖြင့် နှစ်ဆ သို့မဟုတ် နှစ်ဆ ကျော်အထိ ခုန်တက်သွားခဲ့ပါတယ်။

 

ဒါ့ပြင် ယူကရိန်းစစ်ပွဲကလည်း ရုရှားနိုင်ငံရဲ့ စွမ်းအင်အထောက်အပံ့ကို ရှောင်ဖယ်ဖို့ အနောက်နိုင်ငံတွေအပေါ် တွန်းအားပေးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် စွမ်းအင်ဈေးနှုန်းတွေမြင့်တက်မှုကို ပိုမို အားကောင်းလာစေခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဈေးကွက်တောင်းဆိုမှုတွေ များပြားလာတဲ့အတွက် အမေရိကန်နိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကို ယခုနှစ်အတွင်း တစ်ရက်လျှင် စည်ပေါင်းတစ်သန်းခန့် ပိုမိုတိုးမြှင့်ထုတ်လုပ် လိမ့်မယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

 

လုံလောက်မှာ မဟုတ်

 

ဒါပေမယ့် အမေရိကန်ရဲ့ ထုတ်လုပ်မှု ဟာ ၁၀ ရာခိုင်နှုန်းအောက်မှာသာ ရှိနေတာဖြစ်တဲ့အတွက် ဝယ်လိုအား မြင့်တက်မှုကို ဖြည့်စွမ်းပေးဖို့ လုံလောက်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရေနံထုတ်လုပ်မှုဟာ ၂၀၁၄ ခုနှစ်အတွင်းက ၂၀ ရာခိုင်နှုန်းအထိ ခုန်တက်ခဲ့ပေမယ့် ရေနံဈေးကွက်အရှုပ်တော်ပုံကြောင့် ရေနံဈေးကွက်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းရေး တုံ့ပြန်မှုတွေလုပ်ဆောင်နိုင်ဖို့ အလှမ်းဝေးခဲ့ရပါတယ်။

 

အဲဒီလို မတုံ့ပြန်နိုင်ခဲ့မှုတွေကြောင့်လည်း စက်ပစ္စည်းကိရိယာများနှင့် ကုန်ကျစရိတ်မြင့်တက်မှု၊ ဝန်ထမ်းများရှားပါးမှုတို့ ဒဏ်ခံခဲ့ရတဲ့ကုမ္ပဏီတွေကို ဂယက်ရိုက်စေခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်တဲ့အနေနဲ့ ရုပ်ကြွင်းလောင်စာများ ထုတ်လုပ်မှုကို ရှောင်ရှားဖို့ ကမ္ဘာ့နိုင်ငံတွေက ကြိုးပမ်းနေတဲ့အတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဘယ်လောက် လိုအပ်မလဲဆိုတာနဲ့ စပ်လျဉ်းပြီး ရင်းနှီးမြှုပ်နှံသူတွေကလည်း ကာလရှည်ကြာ မေးခွန်းထုတ်မှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

 

လုပ်ငန်းတွေ နှောင့်နှေးနေခဲ့ရ

 

Lone Star ရေနံရှာဖွေရေးကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ မိုက်ဝင့်ဒ် ကလည်း သူ့ရဲ့ကုမ္ပဏီမှာ စီမံကိန်းသစ်တွေ အများအပြားရှိနေပေမယ့် ကုန်ကျ စရိတ်မြင့်တက်မှုတွေနဲ့ လုပ်ငန်းအတွက်လိုအပ်တဲ့ သံမဏိပိုက်တွေကို လိုသလောက် မရရှိခဲ့တာကြောင့် လုပ်ငန်းတွေ နှောင့်နှေးနေခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

 

ရေနံတူးဖော်ရေး လုပ်ငန်းတွေကိုတော့ တတ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင် သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် တို့မှာ ရောင်းလိုအားနဲ့ ဝယ်လိုအား ပြဿနာတွေရှိနေတာကြောင့် ဈေးကွက်ကို အဟန့်အတားဖြစ်စေခဲ့တယ်လို့ မိုက်ဝင့်ဒ်က ပြောကြားခဲ့ပါတယ်။

 

ဒါ့ပြင် မြောက်အမေရိကမှာရှိတဲ့ ကုမ္ပဏီတွေဟာ မကြုံစဖူးသော စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း စွမ်းအင်စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအင်စတီကျုမှ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ လေ့လာသုံးသပ် သူ ထရေးကိုဝန်က ပြောကြားခဲ့ပါတယ်။

 

မိုက်ဝင့်ဒ်ရဲ့ကုမ္ပဏီ ကဲ့သို့သော ပုဂ္ဂလိကကုမ္ပဏီငယ်များစွာဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု တိုးမြှင့်ဖို့ တွန်းအားပေးမှုတွေရှိနေစဉ်မှာ ကုမ္ပဏီကြီးတွေဟာလည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြဿနာရပ်တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး အပိုထုတ်လုပ်ခြင်းထက် အစုရှယ်ယာရှင်တွေရဲ့ ပေးချေမှုအပေါ်မူတည်ပြီး ဦးစားပေး ရွေးချယ် လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

 

နိုင်ငံရေးနယ်ပယ်မှာ ဆိုရင်လည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ၎င်းရဲ့မဲဆွယ်စည်းရုံးမှုအတွင်းမှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုကို တားဆီးပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကူးပြောင်းရေး အရှိန်မြှင့်လုပ်ဆောင်ကာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်မယ်လို့ ကတိပြုခဲ့တာကြောင့် အမေရိကန်နိုင်ငံမှာ ဂျိုးဘိုင်ဒင်ရဲ့ ကတိကဝတ်နဲ့ ဟန်ချက်ညီမလားဆိုတာကလည်း စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍမှာရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ တောင်းဆိုမှုတွေရှိနေပေမယ့် အောင်မြင်မှု လက္ခဏာ ကတော့ အနည်းငယ်သာရှိသေးတာဖြစ် ပါတယ်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အပါအဝင် အနောက်နိုင်ငံ ခေါင်းဆောင်တွေဟာ ဆော်ဒီအာရေဗျနဲ့ အခြားသော ရေနံထုတ်လုပ်သူတွေဆီကနေ အကူအညီ တောင်းဆိုထားပေမယ့် အဲဒီရေနံ ထုတ်လုပ်သူတွေအနေနဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေမပါဘဲ ရှိရင်းစွဲ အရင်းအမြစ်တွေကနေ တိုးမြှင့် ထုတ်လုပ်နိုင်ရေး စွမ်းဆောင်ရည်ရှိဖို့ လိုတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြားထားပါတယ်။

 

ပြန်လည်စတင်ခဲ့

 

အမေရိကန်၊ ဆော်ဒီအာရေဗျနဲ့ ရုရှားပြီးရင် ရေနံထုတ်လုပ်မှုစတုတ္ထ အကြီးဆုံးဖြစ်တဲ့ ကနေဒါနိုင်ငံမှာဆိုရင် လစ်ဘရယ်အစိုးရက ဥရောပသို့ သဘာဝဓာတ်ငွေ့ တင်ပို့နိုင်ရေးအတွက် ကာလရှည်ကြာ ရပ်နားထားတဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများ ထွက်ပေါ်လာရေး ဆွေးနွေးပွဲသစ်တွေကို ပြန်လည် စတင်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါကြောင့် နိုင်ငံရေးသမားတွေနဲ့ စက်မှုလုပ်ငန်းသမားတွေဟာ ဥရောပကို ရေနံနဲ့ သဘာဝဓာတ်ငွေ့နဲ့ ကယ်တင်ရမယ်ဆိုတဲ့ အယူအဆကို အခုချိန်မှာ တကယ်လက်တွေ့ လုပ်ဆောင်နေပြီဖြစ်တယ်လို့ EcoJustice မှ ရှေ့နေ ဂျိမ်းစ်ဂွန်ဗယ်ဒန်ကလာ ယာဆန်က ပြောကြားခဲ့ပါတယ်။

 

လက်ရှိအနေအထားအရ မိမိတို့ ဟာ ၂၀ ရာစုဖြေရှင်းနည်းတွေကိုသာ အသုံးပြုနေတဲ့အတွက် အဲဒီဖြေရှင်းနည်းတွေဟာ အလုပ်မဖြစ်ဘူး ဆိုတာကိုလည်း မိမိတို့သိရှိပြီးဖြစ်တယ်လို့ ဂျိမ်းစ်ဂွန်ဗယ်ဒန်ကလာယာဆန်က ပြောကြားခဲ့ပါတယ်။

 

ဥပမာအားဖြင့် Pieride သဘာဝ ဓာတ်ငွေ့ဆိပ်ကမ်းဟာ ၂၀၂၇ ခုနှစ် အထိ သဘာဝဓာတ်ငွေ့တင်ပို့ဖို့ အဆင်သင့်ဖြစ်ဦးမှာ မဟုတ်ဘဲ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကိုသာ ဖြေရှင်းဖို့ လုပ်ဆောင်နေရတယ်လို့ ဂျိမ်းစ်ဂွန်ဗယ်ဒန်ကလာယာဆန်က ပြောကြားခဲ့ပါတယ်။

 

မည်သို့ပင် ဆိုစေကာမူ ဥရောပ၊ ကနေဒါနဲ့ အမေရိကန်တို့မှာ စွမ်းအင်လုံလောက်မှုရှိစေနိုင်မယ့် နည်းလမ်းကတော့ ရေရှည်တည်တံ့တဲ့ စွမ်းအင်အရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်စေရေးက အဓိကဖြစ်တယ်လို့လည်း ဂျိမ်းစ်ဂွန် ဗယ်ဒန်ကလာယာဆန်က ပြောကြားခဲ့ပါတယ်။

 

 ကိုးကား-ဘီဘီစီ