ရေနံချောင်းမြို့တွင် တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံအတွက် ဆင်းရဲ နွမ်းပါးသူတစ်ဦး၏ မွန်မြတ်သည့် အလှူဒါန

မကွေး ဇူလိုင် ၁၉

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကြောင့် ရောဂါပိုးကူးစက်မှုနှုန်း မြင့်မားလာသလို အောက်ဆီဂျင် လိုအပ်ချက်များလည်း များပြားလာသည်နှင့်အမျှ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူ့ဆေးရုံများ၊ ကိုဗစ်ကုသရေးစင်တာများသို့ တပ်မတော်နှင့် စေတနာရှင်ပြည်သူများက အောက်ဆီဂျင် လိုအပ်မှုများကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိရာ ရေနံချောင်း မြို့နယ်တွင်လည်း ငွေကျပ်သိန်း (၈၀၀) ခန့် ကုန်ကျမည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး အတွက် ကော်မတီဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယနေ့အချိန်အထိ စေတနာရှင်၊ အလှူရှင်များမှ ဆက်သွယ် လှူဒါန်းငွေ သိန်း (၄၀၀) ကျော်ခန့် ရရှိပြီးဖြစ်ကြောင်း စက်ရုံတည်ဆောက် ပြီးစီးပါက တစ်နေ့လျှင် 40 L ဆံ့ အိုးအကြီး အလုံး (၄၀) ခန့် ဖြန့်ဝေပေးနိုင်မည် ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ရေနံချောင်းမြို့မှ တွန်းလှည်းတစ်စီးဖြင့် လမ်းဘေးတွင် နေထိုင်သည့် မသန်စွမ်း အမျိုးသားတစ်ဦးက အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူငွေကျပ်သုံးသောင်းကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်က လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါအမျိုးသားသည် ရေနံချောင်းမြို့ လမ်းမများတွင် နေထိုင်၍ အများပြည်သူ၏ စွန့်ကြဲပေးကမ်းမှုဖြင့် ဘဝရပ်တည်နေထိုင်သူဖြစ်ပြီး ယင်းထံ လှူဒါန်း ပေးကမ်းကြသည့် ငွေစက္ကူများကို စုစည်းကာ ပြန်လည်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက် သတင်းများအရ သိရသည်။

ဆင်းရဲနွမ်းပါးပြီး မသန်စွမ်းသူ တစ်ဦးဖြစ်သော်လည်း ယခုအချိန်တွင် လိုအပ်နေသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ကာလဒါနအနေဖြင့် လှူဒါန်းမှုသည် မွန်မြတ်လှသည့် အလှူဖြစ်၍ စေတနာရှင် အလှူရှင် ပြည်သူများအနေဖြင့်လည်း ယခုအချိန်အခါတွင် နေရာဒေသမရွေး လိုအပ်နေသော အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် ဝယ်ယူရေးအတွက် မိမိတို့၏ ရပ်ရွာပြည်သူ့အကျိုးအတွက် သဒ္ဓါတရား နည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

သတင်းစဉ်