ရေနံချောင်းမြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စု ၇၀၀၀ ကျော်အား ထောက်ပံ့ငွေများပေးအပ်

ရေနံချောင်း  ၂၇  ဇွန်

 

ရေနံချောင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ထောင်ကျော်အတွက် ထောက်ပံ့ငွေပေး အပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။

 

ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျန်ရှိနေသည့် အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ တစ်သောင်းခွဲ ကျပ်နှုန်းဖြင့် ရေနံချောင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၇၈၁၆ စုအတွက် ထောက်ပံ့ငွေ ၁၁၇၂ သိန်း သောင်းကျပ်ကို တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ရေနံချောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု ၈၄၄၆ စုကို အိမ်ထောင်စု တစ်စုလျှင် ဆန် ရှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာတို့ကို နိုင်ငံတော်အစိုးရက ပထမအကြိမ်အဖြစ် ဧပြီလက ထောက်ပံ့ပေးအပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို ဆက်လက်ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်နှင့် ဦးသိန်းလှ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသန်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

 

ကိုစိုးကြီး