ရေနံချောင်းမြို့နယ် ကျေးရွာ ၁၀ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်မည်

ရေနံချောင်း၊ ၂၃  ဇန်နဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀ ရွာ၌  ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနက သိရသည်။

 

ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းကို ရေနံချောင်းမြို့နယ်အတွင်းရှိ  ဘူးကျွန်းနတ်စင်ကျေးရွာ၊ ကုလားကုန်းကျေးရွာ၊ မာန်မြေမြောက်စုကျေးရွာ၊  ဥယျာဉ်စုကျေးရွာ၊ ဝါးရိုးကျေးရွာ၊ အလယ်ကုန်းကျေးရွာ၊ ကုန်းကန်ကျေးရွာ၊  ကျွန်းချောင်းကလေးကျေးရွာ၊ ငါးလန္တာကျေးရွာ၊ ဖန်းခါးစမ်းကျေးရွာ စသည့်စုစုပေါင်းကျေးရွာ ၁၀ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း ၁၀၀၀၊ ကျေးရွာပြည်သူ ထည့်၀င်ငွေများဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၃ ခုနှင့် စာသင်ကျောင်းဆောင် တည်ဆောက်ခြင်း လုပ်ငန်း ၇ ခုအား ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်၍ နည်းပညာ ပံ့ပိုးကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့်  ကျေးရွာပြည်သူများ မိမိတို့ကျေးရွာများ၏ ပကတိ လိုအပ်ချက်များအားကို ဖော်ထုတ်ပြီး ဦးစားပေး အစီအစဉ်အလိုက် စီမံချက်များရေးဆွဲနိုင်ရန်၊ ကျေးရွာများ၏ ဦးစားပေး စီမံချက်များအပေါ်  အခြေခံ၍ နှစ်စဉ်ရန်ပုံငွေ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ရန်၊ ကျေးရွာမှ ထွက်ပေါ်လာသော စီမံချက်များအား မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးတွင် ထည့်သွင်းရေးဆွဲနိုင်ရန် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင် က ပြောပြ၍ သိရသည်။

 

သူရိန်(မင်းဘူး)